India (Delhi)

အိန္ဒိယနိုင်ငံ၌ လယ်ယာလုပ်ငန်းဆောင်ရွက်မှုများ နှောင့်နှေးမှုဖြစ်ပေါ်လျက်ရှိခြင်း

Last Updated:

အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်မှုအား ကာကွယ်ထိန်းချုပ်ရန် ဆက်သွယ်သွားလာမှုများအား ကန့်သတ်တားမြစ်ထားရာ လယ်ယာလုပ်ငန်းခွင်၌ လုပ်ကိုင်ဆောင်ရွက်မည့်လုပ်သားအင်အား ပြတ်လပ်လျက်ရှိပြီး ဆောင်းသီးနှံများရိတ်သိမ်းမှုနှင့် နွေသီးနှံစိုက်ပျိုးရန် ပြင်ဆင်မှုလုပ်ငန်းများတွင် နှောင့်နှေးကြန့်ကြာမှုများဖြစ်ပေါ်လျက်ရှိပါသည်။

ပန်ဂျပ်၊ ဟာရီယာနာ၊ ဥတ္တပရာဒေ့ရှ်၊ မဒ္ဒရာပရာဒေ့ရှ်၊ ရာဂျပ်စတန်စသည့် ပြည်နယ်များ တွင် ၂၀၁၉-၂၀ ဆောင်းရာသီကာလ၌ စိုက်ပျိုးသည့် ဂျုံသီးနှံများအား ရိတ်သိမ်းချွေလှေ့ခြင်း၊ ရှေ့လာမည့် နွေရာသီကာလ ဝါဂွမ်းနှင့် ပဲတီစိမ်း သီးနှံများအတွက် စိုက်ခင်းများပြင်ဆင်ခြင်းတို့အတွက် လုပ်သားရှားပါးမှု ပြဿနာနှင့် ကြုံတွေ့နေရသည့်အပြင် မြေဩဇာနှင့်မျိုးစေ့စသည့် သွင်းအားစုလိုအပ်ချက်ဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်နေရပါသည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ခံရမှုနှင့် သံသယဖြစ်ဖွယ်ခံရပါက သီးသန့်ခွဲခြား နေထိုင်ရေးစခန်းများသို့ သွားရောက်ရမည်ကို စိုးရိမ်ခြင်းတို့အပြင် အစိုးရ၏ သက်သာချောင်ချိရေး ထောက်ပံ့မှုများရရှိနေခြင်းက လယ်ယာ လုပ်ငန်း၌လုပ်ကိုင်သည့် လုပ်သားများအား ၎င်းတို့၏ရပ်ရွာမှစွန့်ခွာ၍ လုပ်ငန်းခွင်သို့ဝင်ရောက်လိုမှုကို လျော့ပါးစေလျက်ရှိသကဲ့သို့ အသွားအလာများ ကန့်သတ်တားမြစ်ထားခြင်းကလည်း ရိတ်သိမ်းချွေလှေ့စက်များအပါအဝင် လယ်ယာသုံးစက်ကိရိယာနှင့် ဆက်စပ်ဝန်ဆောင်မှု များရရှိနိုင်ရေးကို ခက်ခဲစေလျက်ရှိသည်။

အိန္ဒိယနိုင်ငံ၌ လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် Escorts Agri-Machinery ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် Mr. Shenu Agarwal က lockdown ကာလအတွင်း ထွန်ယက်စိုက်ပျိုးမှုနှင့် ရိတ်သိမ်း ချွေလှေ့မှုဆိုင်ရာ စက်ကိရိယာများအား ဖြန့်ဖြူးခြင်း၊ ပြင်ဆင်ထိန်းသိမ်းရေး ဝန်ဆောင်မှုပေးခြင်းတို့ကို ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရများက ခွင့်ပြုထားသော်လည်း အောက်ခြေအဆင့်၌ ၎င်းစက်ကိရိယာများ သယ်ယူပို့ဆောင်ရန် ဖြတ်သန်းသွား လာခွင့် လက်မှတ်ရရှိရေး၊ စက်ပစ္စည်းပြင်ဆင်မှုနှင့်ရောင်းချမှုဆိုင်ရာ လက်လီဆိုင်များ ဖွင့်လှစ် ခွင့်ရရှိရေးတို့မှာ ကြန့်ကြာမှုများရှိနေကြောင်းပြောဆိုပါသည်။ ဟာရီယာနာပြည်နယ် တောင်သူလယ်သမားများသမဂ္ဂ၏ ဥက္ကဋ္ဌ Mr. Gurnam Singh Chaduni က ပြည်နယ်အတွင်း လယ်ယာ သုံး ပစ္စည်းအရောင်းဆိုင်များ၏ ၄၀% ခန့်သာ ဖွင့်လှစ်နိုင်မှုရှိပြီး ဆောင်းသီးနှံ ရိတ်သိမ်းချွေလှေ့မှု လုပ်ငန်း၌ စက်ကိရိယာများ အပြည့်အဝသုံးစွဲနိုင်ခြင်း မရှိသေး သဖြင့် ဂျုံသီးနှံရိတ်သိမ်းမှုအား ထိခိုက်ဖွယ်ရှိကြောင်း ပြောကြားပါသည်။

အလားတူ လက်ရှိဝယ်ယူရေး ရာသီကာလအတွင်း ကုန်စည်ဒိုင်များ၌ ကုန်အတင်အချပြု လုပ်ခြင်း၊ သန့်စင်ထုပ်ပိုးခြင်း စသည့်လုပ်ငန်းများမှာလည်း နှောင့်နှေးမှုများ ကြုံတွေ့ရဖွယ်ရှိနေ သည်။ ဟာရီယာနာပြည်နယ်ရှိ Hisar APMC ကုန်စည်ဒိုင်၏ ဥက္ကဋ္ဌ Mr. Pawan Garg က ကုန် စည်ဒိုင်များ၌ အမြဲတမ်းခန့်ထားသည့် အလုပ်သမားများသာကျန်ရှိပြီး ရွှေ့ပြောင်းအလုပ်သမား များမှ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်မည့် အခြေအနေမရှိကြောင်း၊ နေ့စားလုပ်အားခ နှုန်းထားများသည်လည်း ယခင်က ရူပီးငွေ ၄၀၀ မှ ၅၀၀ အတွင်းသာရှိရာမှ ယခု ရူပီး ၆၀၀ - ၇၀၀ အထိ မြင့်တက်လာခဲ့ကြောင်းပြောဆိုပါသည်။

အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်၌တွင်မူ ရော်ဘာ၊ ကော်ဖီ၊ လက်ဖက်၊ ငရုတ်ကောင်း စသည့်စိုက်ခင်းများ၌ လုပ်သားအင်အား အပြည့်အဝ လုပ်ကိုင်နိုင်မှုမရှိခြင်းကြောင့် ဆုံးရှုံးမှုများဖြစ်ပေါ်နိုင်သဖြင့် လုပ်ငန်းခွင် ဝင်ရောက်ခွင့်ပြုသည့် လုပ်သားအရေအတွက် သတ်မှတ်ချက် တိုးမြှင့်ပေးရန် အာဏာပိုင်များသို့ လုပ်ငန်းရှင်များက တောင်းဆိုလျက်ရှိသည်။ ကီရာလာ ပြည်နယ် စိုက်ပျိုးရေးလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး Mr. Ajith Balakrishnan က မတ်လ ၂၄ ရက်နေ့၌ စတင်ခဲ့သည့် အသွားအလာ တားမြစ်ကန့်သတ်မှုကြောင့် ရော်ဘာလုပ်ငန်း ကဏ္ဍ၌ ရူပီးငွေ ၃၀ ဘီလီယံခန့်အထိ ဆုံးရှုံးမှုဖြစ်စေနိုင်ကြောင်း၊ သို့ဖြစ်ရာ ပြည်နယ်အစိုးရ အနေဖြင့် ရော်ဘာ စိုက်ဧရိယာ ၁ ဟက်တာလျှင် စိုက်ခင်းထိန်းသိမ်းရေးလုပ်သား ၃ ဦးမှ ၄ ဦးနှင့် အစေးခြစ်လုပ်သား အနည်းဆုံး ၁ ဦးတို့ကို လုပ်ကိုင်ခွင့်ပြုရန် တောင်းဆိုထားကြောင်း ပြောကြားသည်။ ၎င်းပြည်နယ်ရှိ လက်ဖက်စိုက်ခင်းများ၌ စိုက်ခင်းပြုပြင်ခြင်း၊ ခူးဆွတ်ခြင်း၊ ဆေးဖြန်းခြင်း၊ စက်ရုံလုပ်ငန်းဆောင်ရွက်ခြင်းတို့အတွက် လုပ်သားအင်အား ၅၀ % ဖြင့်သာ လုပ်ကိုင်ရန် ဒေသအာဏာပိုင်များက ညွှန်ကြားထားကြောင်း၊ ကော်ဖီစိုက်ခင်းများအနက် ကုန်းမြင့်ဒေသရှိ အာရေးဗီးကာ ကော်ဖီခင်းအချို့၌သာ ခူးဆွတ်ရိတ်သိမ်းနိုင်မှုရှိပြီး ရိုဘတ်စတာကော်ဖီနှင့် ငရုတ်ကောင်းစိုက်ခင်းများမှာ လုပ်သားအင်အား ပြတ်လပ်မှုနှင့် ကြုံတွေ့နေရကြောင်း သိရှိရသည်။

ဗဟိုအစိုးရက ၄.၄.၂၀၂၀ နေ့၌ လက်ဖက်ခြောက်လုပ်ငန်းများ ပြန်လည်စတင် လုပ်ကိုင်ခွင့်ပြုထားသော်လည်း ပြည်နယ်အစိုးရမှခွင့်ပြုခြင်း မရှိသေးသဖြင့် အနောက်ဘင်္ဂလားပြည်နယ် ၌ ယခုနှစ် လက်ဖက်ရွက်နုထွက်ချိန် ရာသီကာလ ခူးဆွတ်နိုင်မည့် အခွင့်အရေးအား လက်လွှတ် ရဖွယ်ရှိကြောင်း၊ လက်ဖက်စိုက်ခင်းလုပ်ငန်းများ စတင်ဆောင်ရွက်ခွင့်ပြုရန် အိန္ဒိယ လက်ဖက်လုပ်ငန်းရှင်များအသင်းက အာသံပြည်နယ်အစိုးရထံ တောင်းဆိုထားကြောင်း၊ lockdown ကာလ ၂၁ ရက်ပြည့်မြောက်ချိန်အထိ လက်ဖက်ခြံလုပ်ငန်းများ ရပ်ဆိုင်းထားရပါက အဆိုပါ ပြည်နယ် ၂ ခု၌ ရွက်နုလက်ဖက်ခြောက် ကီလိုဂရမ်  သန်း ၁၀၀ မှ ၁၂၀ သန်းခန့် (တန်ဖိုးအားဖြင့် ရူပီးငွေ ၁၅ ဘီလီယံအထိ) ထုတ်လုပ်နိုင် မည့်အခွင့်အရေးကို ဆုံးရှုံးဖွယ်ရှိကြောင်း သိရှိရပါသည်။

အိန္ဒိယတစ်နိုင်ငံလုံး၌ ဆက်သွယ်သွားလာမှုများအား ကန့်သတ်တားမြစ်သည့် ကာလအတွင်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအား ပုံမှန်ဆက်လက် ဆောင်ရွက်ခွင့်ပြုကြောင်း ဗဟို အစိုးရက ၂၇.၃.၂၀၂၀ နေ့၌ အမိန့်ထပ်မံထုတ်ပြန် ခဲ့သော်လည်း ဒေသန္တရအစိုးရများ၏ နယ်မြေ အခြေအနေအလိုက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေး ဆောင်ရွက်မှုများရှိခြင်း၊ ရွှေ့ပြောင်းလုပ်သားများအနေဖြင့် ၎င်းတို့၏ရပ်ရွာမှ ထွက်ခွာ၍ လယ်ယာ လုပ်ငန်းသို့ ပြန်လည်ဝင်ရောက်လုပ်ကိုင်ရန် အလှမ်းကွာဝေးနေဆဲဖြစ်ခြင်းတို့က အိန္ဒိယ၏ လယ်ယာကဏ္ဍ၌ လုပ်သားအင်အားမှာ လျော့ကျမှုဖြစ်ပေါ်စေပြီးလာမည့် ရာသီကာလစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်မှုအပေါ် သက်ရောက် ဖွယ်ရာရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ အိန္ဒိယနိုင်ငံ)

Source:     1. Labour shortage to delay crop harvest, 9 Apr 2020, Economic Times

                2. 387 tea estates in Bengal may not open immediately as Mamata Banerjee is yet to give a nod, 6 Apr 2020, Economic Times

                3. Plantations stare at huge losses with few hands to harvest standing crops, 9 Apr 2020, Business Standard

                4. Hurdles remain despite coronavirus lockdown exemption for farming, 8 Apr 2020, Business Standard

Category: India (Delhi)