India (Delhi)

အိန္ဒိယနိုင်ငံ၌ လေဆိပ် ၃ ခုအား အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းစီးပွားရေးလုပ်ငန်းအဖြစ်သို့ ပြောင်းလဲလုပ်ကိုင်မည်

Last Updated:

ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ဥက္ကဋ္ဌအဖြစ် ပါဝင်ဆောင်ရွက်သည့် အိန္ဒိယနိုင်ငံ အစိုးရဝန်ကြီးအဖွဲ့သည် အိန္ဒိယလေဆိပ်များအာဏာပိုင်အဖွဲ့ (AAI) ၏ စီမံခန့်ခွဲမှုဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသော ရာဂျပ် စတန်ပြည်နယ်၊ အာသံပြည်နယ်နှင့် ကီရာလာပြည်နယ်တို့ရှိ အစိုးရပိုင် Jaipur ၊ Guwahati နှင့် Thiruvananthapuram အပြည်ပြည်ဆိုင်ရာလေဆိပ်များအား အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းစီးပွားရေး လုပ်ငန်းအဖြစ်သို့ ပြောင်းလဲလုပ်ကိုင်ရန် ၁၉.၈.၂၀၂၀ နေ့၌ ခွင့်ပြုလိုက်ကြောင်း သိရှိရသည်။

အိန္ဒိယပုံနှိပ်ရေးနှင့် သတင်းအချက်အလက်ဗျူရို (PIB) က သတင်းထုတ်ပြန်ရာတွင် အဆိုပါ အပြည်ပြည်ဆိုင်ရာလေဆိပ် ၃ ခု၏ လုပ်ငန်းလည်ပတ်မှု၊ စီမံခန့်ခွဲမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှု လုပ်ငန်းများအား AAI ၏ နိုင်ငံတကာ တင်ဒါခေါ်ယူမှုတွင် အောင်မြင်ခဲ့သည့် ပြည်တွင်းရှိ Adani Enterprises လီမိတက်နှင့် ပူးပေါင်းအဖွဲ့သို့ နှစ် ၅၀ ငှားရမ်းသည့်စနစ်ဖြင့် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း စီးပွားရေးလုပ်ငန်း (PPP) အဖြစ်သို့ ဆောင်ရွက်ခွင့်ပြုရန် အဆိုပြုတင်ပြချက်အား အစိုးရဝန်ကြီးအဖွဲ့က အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ၌ အစိုးရပိုင်လေဆိပ်များအား အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ခြင်းကို လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကတည်းကပင် ဒေလီမြို့တော်နှင့် မွန်ဘိုင်းမြို့တို့၌ စတင်ဆောင်ရွက်ခဲ့ကြောင်း၊ AAI အနေဖြင့် ထိုသို့ PPP စနစ်ဖြင့် ဆောင်ရွက်မှုမှရရှိသော ဝင်‌ငွေအား ပြည်တွင်းရှိ အဆင့်-၂ (Tier-2) နှင့် အဆင့်-၃ (Tier-3) အဆင့်သတ်မှတ်ထားသည့်မြို့များရှိ နိုင်ငံပိုင်လေဆိပ်များအား နိုင်ငံတကာအဆင့်မီလေဆိပ်များအဖြစ် အဆင့်မြှင့်တင်ရာ၌ အသုံးပြု လျက်ရှိကြောင်း၊ လက်ရှိကာလ၌ အိန္ဒိယနိုင်ငံရှိ PPP စနစ်လေဆိပ်များသည် အပြည်ပြည်ဆိုင်ရာလေဆိပ်များကောင်စီ (Airports Council International) ၏ ထိပ်တန်းအဆင့် (၅) သတ်မှတ်ချက်၌ ပါဝင်လျက်ရှိကြောင်း၊ သို့ဖြစ်၍ အိန္ဒိယအစိုးရသည် နိုင်ငံပိုင်လေဆိပ်အချို့အား PPP စနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

အိန္ဒိယလေဆိပ်များအာဏာပိုင်အဖွဲ့သည် အဆိုပါ လေဆိပ် ၃ ခုအား အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းလုပ်ငန်းအဖြစ် ဆောင်ရွက်ရန် နိုင်ငံတကာလုပ်ငန်းရှင်များထံမှ အဆိုပြုလွှာခေါ်ယူခြင်း ကို ၁၄.၁၂.၂၀၁၈ နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး နည်းပညာဆိုင်ရာအဆင့် တင်ဒါဖွင့်လှစ်ခြင်းကို ၁၆.၂.၂၀၁၉ နေ့တွင်လည်းကောင်း၊ ငွေကြေးအဆင့် တင်ဒါဖွင့်လှစ်ခြင်းကို ၂၆.၂.၂၀၁၉ နေ့တွင်လည်းကောင်း ဆောင်ရွက်ခဲ့ ရာ Adani Enterprises လီမိတက်နှင့် ပူးပေါင်း အဖွဲ့က တင်ဒါအောင်မြင်ခဲ့ခြင်းဖြစ်ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

Source:         Cabinet approves proposal for leasing out three airports - Jaipur, Guwahati and Thiruvananthapuram - of Airports Authority of India through Public Private Partnership, 19 Aug 2020, Press Information Bureau of India

Category: India (Delhi)