India (Delhi)

အိန္ဒိယနိုင်ငံ၌ အခွန်အရပ်ရပ်ကောက်ခံရရှိမှု လျော့ကျလျက်ရှိခြင်း

Last Updated:

အိန္ဒိယနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အကျပ်အတည်းကြောင့် ပြည်တွင်းဝယ်လိုအားနှင့် ကုန်ထုတ်လုပ်မှုတို့ကျဆင်းပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း အခွန်အရပ်ရပ်ကောက်ခံရရှိမှုမှာ ယခင်နှစ် ထက် သိသာစွာလျော့ကျလျက်ရှိရာ ကုန်စည်နှင့် ဝန်ဆောင်မှုအခွန် (Goods and Services Tax - GST)  ဥပဒေအရ ပြည်နယ်ဒေသန္တရအစိုးရများသို့ ပေးလျော်ရမည့် နစ်နာကြေးများအား ဗဟိုအစိုးရ အနေဖြင့် ရှေ့လာမည့်ကာလများတွင် ခွဲဝေပေးနိုင်မည့် အခြေအနေမရှိကြောင်း သိရှိရပါသည်။

၂၈.၇.၂၀၂၀ နေ့၌ကျင်းပခဲ့သော ဘဏ္ဍာရေးဆိုင်ရာ လွှတ်တော်အမြဲတမ်းကော်မတီ၏ အစည်းအဝေးတွင် အတိုက်အခံပါတီများမှ ကော်မတီအဖွဲ့ဝင်များ၏ မေးမြန်းမှုအပေါ် အိန္ဒိယ ဘဏ္ဍာရေးဝန်ကြီး ဌာနမှ အတွင်းဝန် Mr. Ajay Bhushan Pandey က ‌ယခုဘဏ္ဍာရေးနှစ်အတွင်း COVID-19 ဗိုင်းရပ်စ်ကူးစက်မှုကြောင့် အခွန်ကောက်ခံရရှိမှုမှာ ကျဆင်းလျက်ရှိကြောင်း၊ သို့ဖြစ်ရာ ဗဟိုအစိုးရအနေဖြင့် ပြည်နယ်များသို့ GST နစ်နာကြေးများကို ခွဲဝေပေးနိုင်ချေမရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ပြည်နယ်အစိုးရများအနေဖြင့် ယခုဘဏ္ဍာနှစ်အတွင်း ၎င်းတို့၏ အသုံးစရိတ်လိုအပ်ချက်များအား ဗဟိုအစိုးရထံမှ GST နစ်နာကြေးဖြင့် ရန်ပုံငွေဖြည့်ဆည်းနိုင်မည့် အခြေအနေမရှိသည့်အပေါ် စိုးရိမ် မကင်းဖြစ်လျက်ရှိသည်။ ကီရာလာပြည်နယ် အစိုးရအဖွဲ့မှ ဘဏ္ဍာရေးဝန်ကြီး Mr. Thomas Isaac က ဘဏ္ဍာရေးဆိုင်ရာ လွှတ်တော်အမြဲတမ်းကော်မတီ၏ အစည်းအဝေးမတိုင်မီကပင် ဗဟိုအစိုးရအနေ ဖြင့် GST နစ်နာကြေးငွေများ ချမှတ်ပေးနိုင်ခြင်းမရှိသည့်ဘက်မှ ရပ်တည်လျက် လက်ရှိအစီအစဉ်များအား ကုန်စည်နှင့် ဝန်ဆောင်မှုအခွန်ဆိုင်ရာ GST ကောင်စီဖြင့် ပြန်လည်ပြင်ဆင်မည်ဟု သတင်းများ ကြားသိရကြောင်း၊ ယခုကဲ့သို့ပြောဆိုခြင်းသည် ဗဟိုနှင့် ပြည်နယ်အစိုးရအဖွဲ့များအကြား ယုံကြည်မှုကို ဖောက်ဖျက်ရာရောက်ကြောင်းနှင့် ဗဟိုအစိုးရအနေဖြင့် ကတိကဝတ်ထားရှိသည့်အတိုင်း ဆောင် ရွက်စေရန်အတွက် GST ကောင်စီ၏ အရေးပေါ်အစည်းအဝေးကို ခေါ်ယူကျင်းပသင့်ကြောင်း ပြောကြားပါသည်။

ပန်ဂျပ်ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး Mr. Manpreet Singh Badal ကလည်း ပြည်နယ်အစိုးရများသည် GST နစ်နာကြေးငွေများကို ၂၀၂၀ ပြည့်နှစ် မတ်လအထိအတွက်သာ ရရှိခဲ့ကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ဧပြီလမှ ဇူလိုင်လအထိ ၄ လစာ ကျန်ရှိနေကြောင်း၊ ၎င်းပမာဏသည် ပန်ဂျပ်ပြည်နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၏ ၂ လအတွက် လစာ‌ငွေနှင့်ညီမျှမှုရှိကြောင်း၊ ပြည်နယ်များအားလုံး သည် အလားတူအခြေအနေကြုံတွေ့နေရလျက်ရှိရာ ထိုကဲ့သို့သော အထင်အမြင်လွဲမှားစေမည့် ပြောဆိုမှုများအား ရပ်တန့်၍ စေ့ရောက်လျက်ရှိသည့် နစ်နာကြေးငွေများအား ထုတ်ပေးသင့်ကြောင်း ပြော ဆိုပါသည်။

အိန္ဒိယနိုင်ငံ၌ ယခင်က သွယ်ဝိုက်ခွန်အမျိုးမျိုးတို့ကို ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရများက နှုန်းထားများကွဲပြားစွာဖြင့် သီးခြားစီကောက်ခံလျက်ရှိရာမှ ကုန်စည်နှင့်ဝန်ဆောင်မှု အခွန်ဥပဒေကို ပြဌာန်း လျက် ကုန်စည်နှင့်ဝန်ဆောင်မှု အမျိုးအစားပေါ်မူတည်လျက် အခွန်နှုန်းထားများ ခွဲခြားသတ်မှတ်ပြီး GST အခွန်တစ်မျိုးတည်းကိုသာ တစ်နိုင်ငံလုံး တစ်ပြေးညီစနစ်ဖြင့် ကောက်ခံခြင်းအား ၁.၇.၂၀၁၇ နေ့မှ စတင်ကျင့်သုံးခဲ့ပါသည်။ အဆိုပါ ဥပဒေပါ ပြဌာန်းချက်များအရ ကောက်ခံရရှိသည့် GST အခွန်ကို သတ်မှတ်ရာခိုင်နှုန်းဖြင့် ဗဟိုအစိုးရနှင့် ပြည်နယ် အစိုးရများအကြား ခွဲဝေခြင်းဖြစ်ပြီး ပြည်နယ် များ၏ အခွန်လျော့နည်းဆုံးရှုံးရရှိမှုအတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အခွန်ရရှိငွေကို အခြေခံထားလျက် နှစ်စဉ် ၁၄% ထပ်ပေါင်းတိုးမြှင့် တွက်ချက်ရရှိသည့်ပမာဏအား ၅ နှစ်တာကာလအထိ နစ်နာ ကြေးအဖြစ် ဗဟိုအစိုးရက ပြည်နယ်များသို့ ပေးအပ်ရပါသည်။

ဗဟိုအစိုးရအနေဖြင့် အဖျော်ယမကာ၊ စီးကရက်၊ ဆေးရွက်ကြီး  စသည့်ကုန်စည်များနှင့် မော်တော်ယာဉ်ကဲ့သို့သော တန်ဖိုးကြီးဇိမ်ခံပစ္စည်းများအပေါ် နှစ်စဉ် ထပ်ဆောင်းကောက်ခံရရှိသည့် အခွန်ဘဏ္ဍာ ငွေမှ အဆိုပါ GST နစ်နာကြေးများကို ခွဲဝေပေးလျက်ရှိရာ ယခင်နှစ်များ၌ အခွန်ကောက်ခံရရှိမှုမှာ ပြည်နယ်များသို့ ပြန်လည်ခွဲဝေပေးရမည့် ပမာဏအတွက် လုံလောက်မှုရှိခဲ့ကြောင်း၊ သို့ရာတွင် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်၌ ပြည်နယ်များသို့ တိုးမြှင့်ပေးအပ်ရမည့် GST နစ်နာကြေး စုစုပေါင်း ရူပီးငွေ ၁၆၅၃.၀၂ ဘီလီယံရှိပြီး ထပ်ဆောင်းအခွန်များ ကောက်ခံရရှိမှုမှာ ရူပီးငွေ ၉၅၄.၄၄ ဘီလီယံသာ ရရှိခဲ့ကြောင်း၊ ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် GST အခွန်ပမာဏအား ယခင်နှစ်နည်းတူ ကောက်ခံရရှိပါက ပြည်နယ်များသို့ နစ်နာကြေးရူပီး ၁၈၈၀ ဘီလီယံအထိ ပေးအပ်ရလိမ့်မည်ဟု ခန့်မှန်း တွက်ချက်ရကြောင်း၊ သို့သော် COVID-19 ဗိုင်းရပ်စ် ကူးစက်မှုကြောင့် အခွန်အရပ်ရပ်ကောက်ခံရှိမှုကျဆင်းလျက်ရှိပြီး ၂၀၂၀ ပြည့်နှစ် ဧပြီလမှ ဇွန်လအထိ ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ် ပထမ သုံးလပတ် GST အခွန်ကောက်ခံရှိမှုမှာ ယခင်နှစ် ကာလတူအောက် ၄၁% လျော့ကျလျက် ရူပီး ၁၈၅၂.၂ ဘီလီယံသာ ရရှိကြောင်းဖြင့် Hindustan Times သတင်းဌာနမှ ဖော်ပြပါသည်။

ဗဟိုအစိုးရအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မတ်လအတွက် ကျန်ရှိနေသည့် GST နစ်နာကြေး ရူပီးငွေ ၁၃၈.၀၆ ဘီလီယံအား ၂၇.၇.၂၀၂၀ နေ့၌မှသာ ပြည်နယ်အစိုးရများသို့ ခွဲဝေပေးနိုင်ခဲ့ပါသည်။ ပြည်နယ်အစိုးရများသို့ ၂၀၂၀ ပြည့်နှစ် ဧပြီလမှစ၍ GST နစ်နာကြေးများ  ခွဲဝေပေးရန်မှာ စာရင်းအင်းသဘောအရ လက်ကျန်ငွေမရှိတော့ကြောင်းနှင့် ကုန်စည်နှင့်ဝန်ဆောင်မှု အခွန်ဥပဒေပါပြဌာန်းချက် များအရ အခွန်ကောက်ခံရရှိမှု ကျဆင်းခဲ့ပါက ဗဟိုအစိုးရအနေဖြင့် ၎င်းနစ်နာကြေးများပေးအပ်မှုကို ဆိုင်းငံ့ထားပိုင်ခွင့်ရှိကြောင်းနှင့် ဤအကျပ်အတည်းကို ဖြေရှင်းနိုင်ရန် အိန္ဒိယဘဏ္ဍာရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သည့် GST ကောင်စီသည် လာမည့်ဩဂုတ်လအတွင်း အစည်းအဝေးခေါ်ယူ ဆွေးနွေးညှိနှိုင်းမည်ဖြစ်ကြောင်းဖြင့် ဌာနဆိုင်ရာအသိုင်းအဝိုင်းမှ ပြောဆိုကြကြောင်း သိရှိရ ပါသည်။

ပြည်နယ်အစိုးရများ၏ အသုံးစရိတ်များအတွက် ဘဏ္ဍာငွေလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်မှာ GST နစ်နာကြေးခွဲဝေပေးရန် သတ်မှတ်ကုန်စည်များအပေါ် ကောက်ခံလျက်ရှိသော ထပ်ဆောင်းအခွန်များ အားတိုးမြှင့်ခြင်း၊ ၎င်းထပ်ဆောင်းအခွန်ကောက်ခံသည့် ကုန်စည်အမျိုးအမည်များကို ထပ်မံချဲ့ထွင်ခြင်း၊ ပြည်နယ်များသို့ ချေးငွေများထုတ်ပေးပြီး နောက်ပိုင်းကာလများတွင် ဗဟိုအစိုးရကပေးအပ်ရမည့် နစ်နာကြေးငွေမှခုနှိမ်ခြင်း စသည့်နည်းလမ်းများရှိနေသော်လည်း GST နစ်နာကြေးနှင့်စပ်လျဉ်း၍ ပေးအပ်ရမည့်ပမာဏနှင့် ကာလပိုင်းအခြားတို့ကို ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရများအကြား ဦးစွာညှိ နှိုင်းဆွေးနွေးရန် လိုအပ်မည်ဖြစ်ကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်ပြောဆိုလျက်ရှိကြပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

 

Source:         1. GST compensation: ₹1.88L-cr needed to recoup states’ shortfall, 30 Jul 2020, Hindustan Times

2. States voice concern over pending FY21 GST dues, 30 Jul 2020, Indian Express

Category: India (Delhi)