India (Delhi)

အိန္ဒိယနိုင်ငံ၌ အသွားအလာကန့်သတ်တားမြစ်ခဲ့ပြီးနောက် ဒုတိယနှင့် တတိယရက်သတ္တပတ်၌ စီမံဆောင်ရွက်မှု

Last Updated:

အိန္ဒိယနိုင်ငံတွင် COVID-19 ဗိုင်းရပ်စ်ကူးစက်မှုအား ထိရောက်စွာတားဆီးထိန်းချုပ်နိုင်ရန်အတွက် နိုင်ငံတစ်ဝန်းလုံး၌ Lockdown ပြုလုပ်၍ ဆက်သွယ်သွားလာမှုများ ကန့်သတ်တားမြစ်ခြင်းကို ၂၅.၃.၂၀၂၀ နေ့ မှ ၁၄.၄.၂၀၂၀ နေ့အထိ ရက်သတ္တ ၃ ပတ်ကြာ ဆောင်ရွက်လျက်ရှိပါသည်။ Lockdown စတင်သည့် ပထမရက်သတ္တပတ်၌ ရွှေ့ပြောင်းလုပ်သားများ၏ စားသောက်နေထိုင်ရေးနှင့် နေရပ်သို့ပြန်လည်ပြောင်းရွှေ့မှု၊ ကုန်စည်သယ်ယူပို့ဆောင်မှု၊ လယ်ယာလုပ်ငန်းဆောင်ရွက်မှုတို့၌ ကြုံတွေ့လာရသည့်ကိစ္စရပ်များအပေါ် အစိုးရက ညွှန်ကြားချက်များ ထပ်မံထုတ်ပြန်ခြင်း၊ ကူညီထောက်ပံ့ရေးအစီအမံများ ချမှတ်လုပ်ကိုင်ခြင်းတို့ဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်။

သို့ရာတွင် နယူးဒေလီမြို့တောင်ပိုင်း Nizamuddin အရပ်ဒေသရှိ Markaz ဗလီတွင် ၂၀၂၀ ပြည့်နှစ် မတ်လ ဒုတိယပတ်မှ စတင်ခဲ့သည့် Tablighi Jamaat ခေါ် ဘာသာရေးစုဝေးပွဲသို့ တက်ရောက်လာသူများအကြား ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှု အများအပြားဖြစ်ပေါ်ခဲ့ခြင်းက အစိုးရ၏ ရောဂါထိန်းချုပ်ရေးလုပ်ဆောင်မှုများအနက် အလေးပေးဆောင်ရွက်ရသည့် ကိစ္စတစ်ရပ်ဖြစ်စေခဲ့သည်။ အိန္ဒိယသတင်းဌာနများက ရေးသားဖေါ်ပြချက်များအရ အဆိုပါ Nizamuddin Markaz ၌ ပြုလုပ်သည့် ဘာသာရေးစုဝေးပွဲသို့ နိုင်ငံပေါင်း ၄၁ ခုမှ နိုင်ငံခြားသား ၁၃၀၀ ကျော်အပါအဝင် လူဦးရေ ၆၀၀၀ ကျော် တက်ရောက်ခဲ့ကြောင်း၊ ၎င်းဘာသာရေးပွဲသို့ တက်‌ရောက်ခဲ့သူများသည် နေရပ်ဒေသ အသီးသီးသို့ ပြန်လည်ထွက်ခွာသွားခဲ့ကြရာတွင် အိန္ဒိယနိုင်ငံအတွင်း ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေဒေသ ၂၀ ခု၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုများ ပျံ့နှံ့ခဲ့ကြောင်း၊ ဧပြီလ လဆန်းပိုင်း၌ ၂ ရက်တာအတွင်း ပြည်နယ် ၁၄ ခုတွင် ဗိုင်းရပ်စ်ကူးစက်ခံရသည့် အတည်ပြုလူနာ ၆၄၇ ဦးသည် Nizamuddin Markaz ဘာသာရေးပွဲသို့ တက်ရောက်ခဲ့သူများနှင့် ဆက်နွယ်လျက်ရှိသည်ကို အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက စစ်ဆေးတွေ့ရှိရကြောင်း၊ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများအနေဖြင့် အဆိုပါဘာသာရေးပွဲသို့ တက်ရောက်ခဲ့သူများနှင့် ၎င်းတို့နှင့် ထိတွေ့မှု ရှိသူ လူဦးရေ ၉၀၀၀ ကျော်အား သီးသန့်ခွဲခြားထားရှိလျက် စောင့်ကြည့်လျက်ရှိကြောင်း၊ အိန္ဒိယ အစိုးရသည် နိုင်ငံအတွင်းသို့ ခရီးသွားပြည်ဝင်ခွင့်ဗီဇာဖြင့် ဝင်ရောက်လာပြီး ၎င်းဘာသာရေး စုဝေးပွဲသို့ တက်ရောက်ခဲ့သည့် နိုင်ငံခြားသား ၉၆၀ ဦးကို အမည်မည်းစာရင်းသွင်းခဲ့ရာ မြန်မာ နိုင်ငံမှ ၆၃ ဦးပါဝင်ကြောင်း သိရှိရသည်။

အိန္ဒိယနိုင်ငံတစ်ဝန်း၌ အသွားအလာကန့်သတ်တားမြစ်ခြင်း စတင်သည့်နေ့ရက် မတိုင်မီက COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ လူဦးရေမှာ ၅၀၀ ခန့်ရှိရာမှ ရက်သတ္တတစ်ပတ်အကြာ မတ်လ ၃၁ ရက်နေ့တွင် ၁၃၀၀ ကျော်သို့ ရောက်ရှိခဲ့သည်။ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန၏ ဖေါ်ပြချက်အရ ၁၄.၄.၂၀၂၀ နေ့ နံနက် ၀၈၀၀ နာရီအချိန်အထိ နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူး စက်ခံရကြောင်း အတည်ပြုလူနာ ၁၀၃၆၃ ဦးရှိသည့်အနက် ၁၀၃၆ ဦးမှာ ကုသပျောက်ကင်းသူ/ ဆေးရုံမှဆင်းခွင့်ရသူ စာရင်း၌တွေ့ရှိရပြီး ၃၃၉ ဦးမှာ ရောဂါကြောင့် ကွယ်လွန်ခဲ့ကြောင်း သိရှိရသည်။

ပြည်တွင်း၌ နေ့စဉ်နှင့်အမျှ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေ ပိုမိုများပြားလာသဖြင့် လိုအပ်‌သောဆေးဝါးများနှင့် ဓါတ်ခွဲစမ်းသပ်ရေးပစ္စည်းများ ဖူလုံမှုရှိစေရန်အတွက် အိန္ဒိယအစိုးရ သည် ၄.၄.၂၀၂၀ နေ့မှ စတင်၍ Hydroxychloroquine ပါဝင်သည့် ဆေးဝါးများ  ပြည်ပတင်ပို့မှုကို အပြည့်အဝတားမြစ်ပိတ်ပင်ခဲ့ပြီး ဓါတ်ခွဲစမ်းသပ်မှု လုပ်ငန်းသုံးပစ္စည်းများအား ကန့်သတ်တင်ပို့ ကုန်စည်များအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။ သို့ရာတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် နှင့် အခြားနိုင်ငံများမှ ခေါင်းဆောင်များက အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီထံ တောင်းဆိုမှုများ အရ အစိုးရသည် ဇီဝလှုံ့ဆော်မှုရှိသည့် APIs ဆေးပစ္စည်း ၂၄ မျိုးကို ၆.၄.၂၀၂၀ နေ့တွင် ကန့်သတ် တင်ပို့ကုန်စည်အဖြစ်မှ ပယ်ဖျက်ခဲ့သည်။ ထို့အပြင် Paracetamol နှင့် Hydroxychloroquine (HCQ) ဆေးဝါးတို့ကို ကိစ္စရပ်အပေါ်မူတည်၍ သင့်တင့်သောပမာဏအား လိုင်စင်ရယူတင်ပို့ခွင့် ပြုမည်ဖြစ်ကြောင်း အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာနက သတင်းဌာနများ၏ မေးမြန်းချက်အပေါ်ပြန်ကြားခဲ့သည်။ The Print သတင်းဌာန၏ ဖေါ်ပြချက်အရ အိန္ဒိယအစိုးရသည် တောင်အာရှဒေသ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင်နိုင်ငံများနှင့် အာဖရိကနှင့် လက်တင်အမေရိက ဒေသရှိ နိုင်ငံအချို့သို့ လူသားချင်းစာနာမှု အကူအညီအဖြစ် အဆိုပါဆေးဝါး ၂ မျိုးကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စုနှင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ် ဆိုးရွားစွာကြုံ တွေ့နေရသော ဥရောပ‌ဒေသ နိုင်ငံများထံသို့မူ အသုတ်လိုက်ခွဲ၍ တင်ပို့ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း၊ နိုင်ငံပေါင်း ၂၀ ကျော်သို့ အဆိုပါဆေးဝါးများအားတင်ပို့ခွင့်ပြုရာတွင် မတ်လလဆန်းပိုင်း၌ ရောင်းချပေးရန် တောင်းဆိုခဲ့သည့်နိုင်ငံများသို့ ဦးစွာ တင်ပို့မည် ဖြစ်ကြောင်း သိရှိရသည်။

အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အစိုးရ၏ ချေး ငွေများထုတ်ပေးမည့် အစီအစဉ်ကို ၃၁.၃.၂၀၂၀ နေ့တွင် အပြီးသတ်ထုတ်ပြန်ခဲ့ရာ စုစုပေါင်း ရူပီး ငွေ ၇၈၀၀ ဘီလီယံ ထုတ်ချေးရန်လျာထားပြီး ၁.၄.၂၀၂၀ နေ့မှ စတင်၍ ပထမနှစ်ဝက်ကာလ၌ အဆိုပါပမာဏ၏ ၆၂.၅၆% ဖြစ်သော ရူပီးငွေ ၄၈၈၀ ဘီလီယံအား စီးပွားရေးလုပ်ငန်းများသို့ ထုတ်ချေးပေးမည်ဖြစ်သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၌ အစိုးရမှ စီးပွားရေး လုပ်ငန်း များသို့ ထုတ်ချေးပေးခဲ့သည့် ငွေပမာဏမှာ ရူပီးငွေ ၄၉၉၀ ဘီလီယံရှိခဲ့ပြီး ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွင်း ရူပီးငွေ ၅၃၆၀ ဘီလီယံ ထုတ်ချေးပေးရန် မူလကလျာထားခဲ့ရာမှ ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းနှင့် ရင်ဆိုင်ရမှုအပေါ် ယခုကဲ့သို့ ချေးငွေပမာဏကို တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအား တားဆီး ထိန်းချုပ်ရာတွင် အသုံးပြုရန်လိုအပ်သော ဆေးပစ္စည်းကိရိယာများနှင့် အခြားပစ္စည်းများအား အစိုးရဌာနများက ဝယ်ယူဖြည့်ဆည်းရာတွင် လွယ်ကူမြန်ဆန်စေရေးအတွက် အစိုးရ၏ဝယ်ယူ ရေးမူဝါဒရှိ ဝယ်ယူမှု၊ ငွေကြေးသုံးစွဲမှုနှင့် သယ်ယူပို့ဆောင်မှုဆိုင်ရာ သတ်မှတ်ချက်အချို့အပေါ် ဖြေလျော့မှုပြုသည့် လမ်းညွှန်ချက်တစ်ရပ်ကိုလည်း ၃၀.၃.၂၀၂၀ နေ့၌ ထုတ်ပြန်ခဲ့ ပါသည်။ သို့ဖြစ်ရာ ကျန်းမာရေး၊ ကူးသန်းရောင်းဝယ်ရေး၊ စားသုံးသူရေးရာနှင့် အထည်အလိပ်လုပ်ငန်း ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တားဆီးထိန်းချုပ်ရေးပစ္စည်းများ ဝယ်ယူရာတွင် လိုအပ်ချက် အပေါ်မူတည်၍ ကုန်စည်အမယ်တစ်မျိုးတည်းကိုပင် မတူညီသော ပစ္စည်း ပေးသွင်းသူများထံမှ ကွဲပြားခြားသည့်ဈေးနှုန်းများဖြင့် ဝယ်ယူခြင်း၊ ပြည်တွင်း၌ ရရှိနိုင်မှုမရှိသော ကုန်စည်များအား ပြည်ပနိုင်ငံများရှိ အိန္ဒိယသံရုံးများမှ တစ်ဆင့်ဆက်သွယ်၍ ဝယ်ယူခြင်း စသည်တို့ကို ဧပြီလ ၃၀ ရက်နေ့အထိ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထို့နောက် အိန္ဒိယ ဘဏ္ဍာရေး ဝန်ကြီးဌာနသည် COVID-19 ဓါတ်ခွဲစမ်းသပ်စစ်ဆေးသည့်ကိရိယာများ၊ အသက်ရှုစက်ကိရိယာ များနှင့်  နှာခေါင်းစည်း မျက်နှာဖုံးများအား ပြည်ပမှတင်သွင်းရာတွင် ဆေးပစ္စည်းကိရိယာ သွင်းကုန်များအပေါ် ကောက်ခံလျက်ရှိသော အကောက်ခွန် ၇.၅% နှင့် ဆေးကုသမှုဆိုင်ရာ အခြေခံအဆောက်အအုံ ရန်ပုံငွေအတွက် ကောက်ခံ သောထပ်ဆောင်းအခွန် ၅% တို့ကို ၃၀.၉.၂၀၂၀ နေ့ အထိ ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း ၉.၄.၂၀၂၀ နေ့၌  သတင်းထုတ်ပြန်ခဲ့သည်။

အိန္ဒိယဗဟိုဘဏ်(RBI)သည် ပြည်တွင်း အရင်းအနှီးဈေးကွက်တွင် ငွေဖြစ်လွယ်မှုမြှင့်တင်သည့် အစီအမံများအား ချမှတ်ဆောင်ရွက်ခဲ့ပြီးနောက် အစိုးရအဖွဲ့အစည်းများ၊ ပို့ကုန်လုပ်ငန်းရှင် များနှင့် ဘဏ်လုပ်ငန်းများအား အထောက်အပံ့ပြုမည့် အစီအစဉ်များကို ၁.၄.၂၀၂၀ နေ့၌ ထုတ် ပြန်ခဲ့သည်။ RBI ၏ သတင်းထုတ်ပြန်ချက်အရ ဗဟိုအစိုးရနှင့် ဒေသန္တရအစိုးရများအတွက် ဝင်ငွေနှင့် အသုံးစရိတ်ကွာဟချက် ကုစားမှုအစီအစဉ် (Ways and means advances) အရ ယာယီထုတ်ချေးပေးသည့် ဗဟိုဘဏ်၏ချေးငွေပမာဏ (WMA limit) ကို ၃၀% တိုးမြှင့်ပေးမည် ဖြစ်ပြီး ၁.၄.၂၀၂၀ နေ့မှ ၃၀.၉.၂၀၂၀ နေ့အထိ ၆ လ သက်တမ်းရှိမည်ဖြစ်သည်။ အလားတူ လက်ရှိကာလတွင် ပို့ကုန်မှရရှိသောဝင်ငွေများအား ကုန်စည်တင်ပို့သည့်နေ့မှ ၉ လအတွင်း ပြန် လည်ပေးသွင်းရန် သတ်မှတ်ထားရာမှ ၁၅ လအထိ တိုးမြှင့်ပေးခဲ့ရာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဂယက်ကြောင့် ပြည်ပနိုင်ငံများရှိ ၎င်းတို့၏ မိတ်ဖက် ကုန်သည်များထံမှ ကုန်ဖိုးငွေများ ပြန်လည်ရရှိရန် ကြန့်ကြာမှုနှင့် ကြုံတွေ့နေရသည့် အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များအတွက် သက်သာမှုရရှိစေခဲ့သည်။ ထို့အပြင် စီးပွားရေးလုပ်ငန်းများ လည်ပတ်လုပ်ဆောင်မှုမှ ဖြစ်ပေါ်လာနိုင်သည့် စွန့်စားရမှုများအား ဖြေရှင်းနိုင်ရန်အတွက် ဘဏ်လုပ်ငန်းများမှ ထပ်ဆောင်းထားရှိရမည့် မတည်ငွေဆိုင်ရာ လုပ်ငန်းမူဘောင် (Counter Cyclical Capital Buffer (CCyB) Framework) အား စတင်အကောင်အထည်ဖေါ်မှုကိုလည်း ၁ နှစ်ရွှေ့ဆိုင်းလိုက်ကြောင်း RBI က သတင်းထုတ်ပြန်ခဲ့ သည်။

အိန္ဒိယနိုင်ငံ အကောက်ခွန်နှင့် သွယ်ဝိုက်အခွန်များ ကြီးကြပ်မှုဗဟိုအဖွဲ့ (CBIC) ကလည်း COVID-19 ဗိုင်းရပ်စ်ရောဂါကူးစက်မှုကြောင့် ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာမှုများ မရှိစေရန်အတွက် အကောက်ခွန်ဆိုင်ရာစိစစ်မှုနှင့် ကုန်စည်ရှင်းလင်းမှု လုပ်ငန်းစဉ်များ၌ လိုအပ်ချက်တစ်ရပ်ဖြစ်သည့် ငွေချေးသက်သေခံလက်မှတ်(Bonds)များ တင် ပြရမှုကို ဧပြီလ ၃၀ ရက်နေ့အထိ ယာယီကင်းလွတ်ခွင့်ပြုကြောင်း၊ ၎င်းအစား ကုန်စည်အပေါ် တာဝန်ယူကြောင်း ကတိဝန်ခံချက်(Letter of Undertaking)ကိုသာ လုပ်ငန်းရှင်များမှ တင်သွင်း ရမည်ဖြစ်ကြောင်း ၃.၄.၂၀၂၀ နေ့တွင် အသိပေးနှိုးဆော်စာ ထုတ်ပြန်ခဲ့ပါသည်။

အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာနရှိ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန(DGFT) သည် ကုန်သွယ်ရေးသဘောတူစာချုပ်များအရ အိန္ဒိယနိုင်ငံမှ ထုတ်လုပ်တင်ပို့သည့် ကုန်စည်များအပေါ် သက်သာကင်းလွတ် ခွင့်များ လျှောက်ထားရာ၌ ကုန်တင်သွင်းသည့်နိုင်ငံတွင် တင်ပြရန်လိုအပ်သော ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်များ ထုတ်ပေးခြင်းကို Online Platform မှ ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကာလ၌ စာရွက် စာတမ်း (Hard Copy) ထုတ်ပေးနိုင်မှုမရှိသဖြင့် Digitally Signed Electronic Certificates များ ကိုသာ အဆိုပါ အင်တာနက်စင်္ကြန်မှ ထုတ်ပေးနိုင်မည်ဖြစ်ကြောင်း ၇.၄.၂၀၂၀ နေ့တွင် သတင်း ထုတ်ပြန်ခဲ့ပါသည်။ သို့ဖြစ်ရာ ယင်းသို့ Digitally Signed ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်များ ထုတ်ပေးမည့်အကြောင်းကို FTA, PTAs များ လက်မှတ်ရေးထိုးထားသည့် ကုန်သွယ်ဖက်နိုင်ငံများရှိ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် အိန္ဒိယနိုင်ငံရှိ သက်ဆိုင်ရာ သံရုံးများထံသို့ DGFT က အကြောင်းကြားထားကြောင်း သိရှိရပါသည်။

Lockdown ကာလအတွင်း ဆောင်းသီးနှံများဈေးကွက်တင်ပို့ရောင်းချမှုကို တွန်းအားပေး လုပ်ဆောင်နိုင်ရန်အတွက် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများအား စံသတ်မှတ်ထားသည့် အခြေခံရည်ညွှန်းဈေးနှုန်း (Minimum Support Price) ဖြင့် အစိုးရဝယ်ယူရေးအေဂျင်စီများမှတစ်ဆင့် ဝယ်ယူခြင်းကို ရက်ပေါင်း ၉၀ အထိ တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း အိန္ဒိယစိုက်ပျိုးရေး ဝန်ကြီးဌာနက ၈.၄.၂၀၂၀ နေ့၌ သတင်းထုတ်ပြန်ခဲ့ပါသည်။ သို့ဖြစ်ရာ မူလက ဧပြီလ ၃၀ ရက်နေ့ ကို ဝယ်ယူရေးကာလ နောက်ဆုံးရက်အဖြစ် သတ်မှတ်ထားရာမှ သက်ဆိုင်ရာပြည်နယ်အစိုးရများက စတင်ဝယ်ယူသည့်နေ့မှ ရက် ၉၀ အထိ အကျုံးဝင်မည်ဖြစ်ပြီး တောင်သူလယ်သမားများအနေဖြင့် ယခင်က ၁ ရက်လျှင် ကုန်စည် ပမာဏ ၂.၅ တန်သာ ပေးသွင်းရောင်းချနိုင်ရာမှ ယခု အခါ ၄ တန်အထိ တိုးမြှင့်ရောင်းချနိုင်မည်ဖြစ်သည်။ ၆.၄.၂၀၂၀ နေ့အထိ ဥတ္တပရာဒေ့ရှ်နှင့် မဒ္ဒရာ ပရာဒေ့ရှ် ပြည်နယ် ၂ ခုမှအပ အခြားပြည်နယ် ၁၃ ခုမှ တင်ပြလာသည့် ဆောင်းသီးနှံ ကုလားပဲနှင့် ပဲနီလေး ဝယ်ယူရေး အဆိုပြုစီမံချက်များကို ဗဟိုအစိုးရက အတည်ပြုထားပြီးဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတစ်ဝန်း၌ အသွားအလာကန့်သတ်တားမြစ်ခြင်းအား အဓိကကွပ်ကဲကြပ်မတ်မှုပြု သည့် အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနသည် ရေထွက်ကုန်နှင့် ငါးလုပ်ငန်းဆိုင်ရာ လုပ်ငန်းဆောင် ရွက်မှုများကိုလည်း Lockdown ကာလအတွင်း လုပ်ကိုင်ခွင့်ပြုလိုက်ကြောင်း ၁၁.၄.၂၀၂၀ နေ့ တွင် အမိန့်ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါအမိန့်အရ ငါး၊ ပုစွန်နှင့် ပင်လယ်ရေထွက်ကုန်လုပ်ငန်းများနှင့် စပ်လျဉ်းသည့် သားဖေါက်ခြံများ၊ မွေးမြူ/ဖမ်းဆီးမှုများ၊ ကိုင်တွယ်ပြုပြင်မှုများ၊ ထုပ်ပိုးမှုများ၊ အအေးခန်းလုပ်ငန်းအပါအဝင် ဈေးကွက်တင်ပို့ရောင်းချမှုများအားလုံးကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တားဆီးကာကွယ်ရေး အစီအမံများနှင့်အညီ လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်သည်။

အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနသည် ၁၁.၄.၂၀၂၀ နေ့မှာပင် MSMEs များ၊ ကုမ္ပဏီများ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းများနှင့် အခြားစီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ဆောင်ရမည့် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှု တားဆီးကာကွယ်ရေးနှင့် လုံခြုံ စိတ်ချရမှုရှိစေရေး စီမံမှုများဆိုင်ရာ လမ်းညွှန်ချက်ကို နောက်ဆက်တွဲ၌ ဖေါ်ပြထားသည့်အတိုင်း ထုတ်ပြန်ခဲ့ပါသည်။

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒရာမိုဒီသည် ၁၁.၄.၂၀၂၀ နေ့တွင် ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ကြီးချုပ်များနှင့် Video Conferencing အစည်းအဝေးကို ၄ နာရီကြာမျှ ပြုလုပ်လျက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တားဆီးထိန်းချုပ်ရေး နှင့်စပ်လျဉ်း၍ Lockdown ပြုလုပ်ထားရှိမှုအား ဆက်လက် သက်တမ်းတိုးထားရှိရေးကိစ္စအပေါ် ဆွေးနွေးခဲ့ကြပါသည်။ ၁၄.၄.၂၀၂၀ နေ့နံနက်၌  ဝန်ကြီးချုပ်မိုဒီက ရုပ်မြင်သံကြားမှတစ်ဆင့် ပြည်သူများသို့ တိုက်ရိုက်မိန့်ခွန်း ပြောကြားရာတွင် နိုင်ငံတစ်ဝန်း၌ အသွားအလာကန့်သတ်တားမြစ်ခြင်း (Lockdown) အား မေလ ၃ ရက်နေ့အထိ ဆက်လက်တိုးမြှင့် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ၂၀.၄.၂၀၂၀ နေ့အထိ ကာလအတွင်း COVID-19 ဗိုင်းရပ်စ် ကူးစက်မှု တားဆီးထိန်းချုပ်မှုလုပ်ငန်းများအား အရှိန်မြှင့်တင်လုပ်ဆောင်မည်ဖြစ်ပြီး ပြည်နယ်/ ပြည်ထောင်စုနယ်မြေများ၌ ထိန်းချုပ်ဆောင်ရွက်နိုင်မှု ရလာဒ်များအပေါ်မူတည်၍ အရေးကြီးသော လုပ်ငန်းကဏ္ဍများ၌ လုပ်ငန်းများ လည်ပတ် လုပ်ကိုင်ခွင့်ကို အတိုင်းအတာတစ်ရပ်ဖြင့် ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ အိန္ဒိယနိုင်ငံ)

Category: India (Delhi)