India (Delhi)

အိန္ဒိယနိုင်ငံ၌ အသွားအလာတားမြစ်ကန့်သတ်မှုအား အပြီးသတ်ဖြေလျော့နိုင်ဖွယ် မရှိသေး ခြင်း

Last Updated:

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒရာမိုဒီနှင့် ပြည်နယ်/ ပြည်ထောင်စုနယ်မြေ အစိုးရအဖွဲ့များမှ ဝန်ကြီးချုပ်များ၏ မတ်လ ၂၀ ရက်နေ့နောက်ပိုင်း ပဉ္စမအကြိမ်မြောက် အစည်း အဝေးကို ၁၁.၅.၂၀၂၀ နေ့၌ Video Conferencing စနစ်ဖြင့် ဆောင်ရွက်ခဲ့ရာတွင် မေလ ၁၇ ရက်နေ့ နောက်ပိုင်း၌ တစ်နိုင်ငံလုံး အသွားအလာ တားမြစ်ကန့်သတ်ထားမှုအား အပြည့်အဝ ဖြေလျော့ နိုင်ဖွယ်မရှိသေးသည့် အခြေအနေအပေါ် သုံးသပ်ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါအစည်းအဝေး၌ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက အိန္ဒိယနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်းထား လျော့ချနိုင်ရေးနှင့် ပြည်သူများ၏ ပုံမှန်သွားလာဆောင်ရွက်မှုများ တဖြည်း ဖြည်းချင်း ပြန်လည်စတင်နိုင်ရေး ဟူသော အဓိကစိန်ခေါ်မှုနှစ်ရပ်အား လတ်တလော ရင်ဆိုင်နေ ရချိန်တွင် မေလ ၁၇ ရက်နေ့ နောက်ပိုင်း၌ ကန့်သတ်မှုနှင့် ဖြေလျော့မှုများအား အတိုင်းအတာမည်မျှအထိ လုပ်ဆောင်မည်ကို ဆွေးနွေးရန်လိုအပ်လျက်ရှိကြောင်း၊ ပြည်နယ်/ ပြည်ထောင်စုနယ်မြေ ဝန်ကြီးချုပ်များအနေဖြင့် မိမိတို့ အုပ်ချုပ်မှုနယ်မြေအတွင်း မည်သည့်နေရာဒေသများအား အသွားအလာတားမြစ်ကန့်သတ်မှုအောက်၌ ဆက်လက်ထားရှိမည်ကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်း ဆုံးဖြတ်လျက် ရှေ့ဆက်လက်ဆောင်ရွက်မည့် မဟာဗျူဟာလမ်းပြမြေပုံကို မေလ ၁၅ ရက်နေ့အပြီး ရေးဆွဲတင်ပြကြစေလိုကြောင်း၊ သွားလာမှုတားမြစ်ကန့်သတ်ခြင်း (Lockdown) သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအား ကိုင်တွယ်ထိန်းချုပ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သော်လည်း ပြည်နယ်များအနေဖြင့် ၎င်းတို့၏ လိုအပ်ချက် အပေါ်မူတည်၍ ပြင်ဆင်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ဗဟိုအစိုးရအနေဖြင့် ပြည်နယ်များမှတင်ပြလာမည့် အစီအမံများအပေါ် ပူးပေါင်းဆောင်ရွက်မည်ဖြစ်သကဲ့သို့ တစ်နိုင်ငံလုံး အတိုင်းအတာတူညီစွာဖြင့် ဆောင်ရွက်ရမည့် အချက်များကိုလည်း ချမှတ်ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအား ဖော်ထုတ်နိုင်မှု မရှိ‌သေးမီ ကာလအတွင်း လူမှုအလှမ်းဝေးနေထိုင်ခြင်းသည် အကြီးမားဆုံးသော ကာကွယ်ရေးလက်နက်အဖြစ် တည်ရှိနေဦးမည်ဖြစ်ကြောင်းနှင့် တစ်နိုင်ငံလုံး၌ အသွားအလာ တားမြစ်ကန့်သတ်ထားခြင်းကို အပြီးသတ်ဖြေလျော့ရန်မှာ လတ်တလောကာလ၌ ဖြစ်တန်ဖွယ် မရှိသေးကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဆွေးနွေးချိန် ၆ နာရီမျှကြာမြင့်သည့် ၎င်းအစည်းအဝေး၌ ပြည်နယ်/ ပြည်ထောင်စု နယ်မြေ အစိုးရအဖွဲ့များမှ ဝန်ကြီးချုပ်များက Lockdown ကာလ ဆက်လက်တိုးမြှင့်ရေးနှင့် စပ်လျဉ်း၍ ၎င်းတို့၏ သဘောထားအမြင်ကို ဆွေးနွေးခဲ့ကြရာ မေလ ၁၇ ရက်နေ့ နောက်ပိုင်းတွင် ဆက်သွယ်သွားလာမှု အထူးကန့်သတ်ထိန်းချုပ်သည့် ဇုန်နယ်မြေများ (Containment zones) အား ဆက်လက်ခွဲခြားသတ်မှတ်ရန်နှင့် ကျန်ရှိသည့်နယ်မြေဒေသများ၌ ဖြေလျော့မှုများ ပိုမိုပြု လုပ်ရန် အများစုက ရှုမြင်ကြကြောင်း၊ Punjab နှင့် Haryana ပြည်နယ်တို့က  ဗိုင်းရပ်စ်ကူးစက်မှု အပေါ်မူတည်၍ ခရိုင်များကို အနီ၊ လိမ္မော်နှင့် အစိမ်းဟူ၍ အရောင် ၃ အုပ်စု ခွဲခြားသတ်မှတ်လျက် လုပ်ငန်းများ ဆောင်ရွက်ခွင့်ပြုရာတွင် ပြည်နယ်များသို့ လုပ်ပိုင်ခွင့်ပိုမိုအပ်နှင်းရန် တောင်း ဆိုခဲ့ကြကြောင်း၊ Maharashtra ပြည်နယ်ကမူ မေလကုန်ပိုင်း၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက် မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းရရှိသည့်အပေါ် လုံခြုံရေးတပ်ဖွဲ့အင်အား ပိုမိုခွဲဝေချထားပေးရန် တောင်းဆိုခဲ့ကြောင်း သိရှိရသည်။

Bihar နှင့် Uttar Pradesh ပြည်နယ်တို့မှ ဝန်ကြီးချုပ်များက နေရပ်သို့ ပြန်လည်ရောက်ရှိလာသည့် ရွှေ့ပြောင်းအလုပ်သမားများမှတစ်ဆင့် ဗိုင်းရပ်စ်ကူးစက်မှုများ ဖြစ်ပေါ်လာနိုင်မှုနှင့် အလုပ်အကိုင်ဖန်တီးပေးရန် လိုအပ်မှုတို့ပေါ် စိုးရိမ်မကင်းဖြစ်ရမှုအား ဆွေးနွေးခဲ့ကြပြီး ပြည်နယ်အချို့က ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအား ထိရောက်စွာ တားဆီးထိန်းချုပ်နိုင်ရေး ရန်ပုံငွေတိုးမြှင့် ခွဲဝေချထားပေးရန် တင်ပြခဲ့ကြပါသည်။ ပြည်နယ်ဝန်ကြီးချုပ်များစွာက မီးရထားခရီးစဉ်များ ပြန်လည်စတင်မှုအပေါ် အမြော်အမြင် နည်းပါးသည့် ဆောင်ရွက်ချက်အဖြစ် ရှုမြင်ကြကြောင်းနှင့် West Bengal ပြည်နယ်ဝန်ကြီးချုပ်ကမူ ပြည်နယ်များက ဗိုင်းရပ်စ်အန္တရာယ်အား ကြိုးစားတိုက် ဖျက်နေချိန်၌ ဗဟိုအစိုးရသည် နိုင်ငံရေးကစားပွဲ ကျင်းပလျက်ရှိသည်ဟု ဝေဖန်ပြောဆိုခဲ့ ကြောင်း Hindustan Times သတင်းဌာနက ဖော်ပြပါသည်။

ဝန်ကြီးချုပ် မိုဒီကမူဝါဒချမှတ်သူများအနေဖြင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်ရေး၊ ရှေ့လာမည့် မိုးရာသီကာလ၌ COVID-19 မဟုတ်သည့် အခြားရာသီတုတ်‌ကွေး ရောဂါများဖြစ်ပွားနိုင်မှုအပေါ် ကြိုတင်ပြင်ဆင်ရေး၊ ကျောင်းများ ဖွင့်လှစ်နိုင်မှုမရှိခြင်းကြောင့် ကျောင်းသူကျောင်းသားများ၏ စာမေးပွဲဖြေဆိုမှုနှင့် ပညာသင်ယူမှု နှောင့်နှေး ကြန့်ကြာခြင်း မရှိစေရန်အတွက် နည်းပညာအသုံးချ ပညာရေးစနစ် ချမှတ်ဖော်ဆောင်နိုင်ရေးနှင့် ထိခိုက်မှုဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းခရီးသွားလုပ်ငန်းကဏ္ဍအား ပြန်လည် ထူထောင်နိုင်ရေးတို့ကိုလည်း အလေးပေးစီမံ ဆောင်ရွက်ရန် အဆိုပါအစည်းအဝေးတွင် တိုက်တွန်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ အိန္ဒိယနိုင်ငံ)

Source:         1. PM Modi, CMs not in favour of lifting lockdown entirely, 12 May 2020, Hindustan Times

                   2. Press Release: Prime Minister Interacts with the Chief Ministers of all the states and Uts, dated 11th May 2020 of Prime Minister's Office of India

Category: India (Delhi)