India (Delhi)

အိန္ဒိယနိုင်ငံ၌ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် ဆောင်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှု အထွက်နှုန်းများ ကောင်းမွန်မည်ဟု ကနဦးခန့်မှန်းလျက်ရှိခြင်း

Last Updated:

အိန္ဒိယနိုင်ငံ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဆောင်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှုသည် အထွက်နှုန်းများ တိုးတက်ကောင်း မွန်ဖွယ်ရှိကြောင်း လယ်ယာထွက်ကုန်များ ရိတ်သိမ်းချိန်လွန် စီမံခန့်ခွဲမှုဆိုင်ရာဦးဆောင်ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် National Collateral Management ServicesLtd (NCML) က ကနဦးခန့်မှန်းချက် ထုတ်ပြန်ခဲ့ပါသည်။

၂၀၁၉ ခုနှစ် မုတ်သုံရာသီကာလတွင် နိုင်ငံတစ်ဝန်း၌ မိုးရွာသွန်းမှုကောင်းမွန်ခဲ့ရာ ပုံမှန်မိုးရေချိန် ၈၈၀.၆ မီလီမီတာ ထက်ကျော်လွန်၍ ၉၆၈ မီလီမီတာအထိ ရရှိခဲ့ပြီး မိုးရာသီကာလအလွန် အောက်တိုဘာလအတွင်း၌လည်း ပုံမှန်ထက် ၄၂% ပိုမိုလျက် မိုးရေချိန် ၁၀၆.၅ မီလီမီတာရရှိခဲ့ရာ ဆောင်းသီးနှံများအတွက် စိုက်ပျိုးရေလုံလောက်စွာရရှိစေခဲ့သည်။ အိန္ဒိယ၏ ဆောင်းသီးနှံစိုက်ပျိုးမှုတွင် ဂျုံသည်အဓိကသီးနှံဖြစ်ပြီး ယခုနှစ်ဆောင်းရာသီ၌ တန်ချိန် ၁၀၉၀ သိန်းခန့် ရိတ်သိမ်းရရှိနိုင်ကြောင်း NCML က ခန့်မှန်းထားသည်။ ယခင်နှစ် ဆောင်းရာသီ ဂျုံစိုက်ပျိုးထွက်ရှိမှုမှာ တန်ချိန် ၁၀၂၁ သိန်းဖြစ်ရာ ယခုခန့်မှန်းချက်အရ ၆.၂၇% ပိုမိုတိုးတက်ထွက်ရှိမည်ဖြစ်သည်။ အလားတူ ဆောင်းရာသီ၌စိုက်ပျိုးသည့် စပါးသည်လည်း ယခင်နှစ်ကထက် ၅% ပိုမို၍ ထွက်ရှိမည်ဟု ခန့်မှန်းရသည်။

NCML ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Mr. Siraj Chaudhry က ၂၀၁၉ ခုနှစ် မုတ်သုံရာသီကာလ၌ မိုးရွာသွန်းမှု ကောင်းမွန်ခဲ့ခြင်းကြောင့် ယခုနှစ်‌အဓိကဆောင်းသီးနှံများဖြစ်သည့် ဂျုံ၊ ပြောင်းနှင့် နှံစားပြောင်းတို့သည် စံချိန်တင် အထွက်တိုးဖွယ်ရာရှိကြောင်း၊ သို့ရာတွင် ဆီထွက်သီးနှံနှင့် ပဲအချို့မှာ ယခင်နှစ်စိုက်ပျိုးထွက်ရှိမှုအောက်သို့ လျော့ကျ နိုင်ကြောင်းပြောကြားပါသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဆောင်းရာသီကာလ အစေ့ထုတ်ပြောင်းစိုက်ပျိုး ထုတ်လုပ်မှု မှာ ယခင်နှစ်ထက် ၈.၂၅% ပိုမိုတိုးတက်ပြီး တန်ချိန် ၈၉.၂ သိန်းထွက်ရှိရန်နှင့် နှံစားပြောင်းထွက်ရှိနိုင်မှုကို ယခင်နှစ် စိုက်ပျိုးထုတ်လုပ်မှုတန်ချိန် ၂၀.၂ သိန်းထက် ၃၅.၂% ပိုမိုတိုးတက်၍ တန်ချိန် ၃၁.၂ သိန်းအထိ ထွက်ရှိရန် NCML က ခန့်မှန်းလျက်ရှိသည်။

သို့ရာတွင် ဆောင်းရာသီကာလ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု၌ စိုက်ဧကအများဆုံးဖြစ်သော ကုလားပဲအား ယခင်နှစ် ထွက်ရှိမှုအောက် ၅% လျော့ချလျက် တန်ချိန် ၉၅.၈၂ သိန်းနှင့် ယခင်နှစ်စိုက်ဧကအောက် လျော့နည်းစိုက်ပျိုးခဲ့သည့် ပဲတီစိမ်းအား  ၁၀% လျော့ချ၍ တန်ချိန် ၄.၆၂ သိန်းခန့် ထွက်ရှိနိုင်မည်ဟု ခန့်မှန်းထားသည်။ ထို့အပြင် ဆီကြိတ်မုံ ညင်းစေ့ စိုက်ပျိုးထုတ်လုပ်မှုမှာ ယခင်နှစ်က အထွက်တန်ချိန်ပေါင်း ၉၃.၄ သိန်းရှိရာမှ ယခုနှစ်တွင် ၈.၈% လျော့နည်း လျက် တန်ချိန် ၈၅.၇၉ သိန်းသာ ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းရသည်။

NCML ကုမ္ပဏီ၏ လေ့လာခန့်မှန်းချက်များအရ အိန္ဒိယနိုင်ငံ၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဆောင်းသီးနှံများ စိုက်ပျိုး ထွက်ရှိနိုင်မှုမှာ စုစုပေါင်းတန်ချိန် ၁၅၂၇ သိန်းဖြစ်ပြီး ယခင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ထုတ်လုပ်မှုပမာဏ တန်ချိန် ၁၄၃၂ သိန်းအား ကျော်လွန်၍ ၆% ခန့် တိုးတက် ထွက်ရှိဖွယ်ရာရှိသည်။ ဤသို့တွက်ဆချက်အရ ဆောင်းသီးနှံ အထွက် ကောင်းမွန်ခြင်းကလက်ရှိဈေးကွက်၌ ပိုလျှံမှုဖြစ်ပေါ်နေသည့် ဂျုံနှင့် ဆန်စပါးတို့အပေါ် ထပ်ဆောင်းပိုလျှံမှု ဖြစ်ပေါ် စေပြီး ဈေးကွက်ပုံစံပျက်ယွင်းမှုကို လှုံ့ဆော်တွန်းအားပေးမည့် အနေအထားရှိကြောင်း၊ သို့ရာတွင် ဆောင်းရာသီ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံစိုက်ပျိုးမှုမှာ အထွက်ပမာဏ ၂.၆% နှင့် ၂% အသီးသီး လျော့နည်းနိုင်ချေရှိခြင်းက လက်ရှိ ဈေးကွက်၌ လိုအပ်ချက်ကို ပိုမိုမြင့်တက်စေဖွယ်ရာရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ အိန္ဒိယနိုင်ငံ)

Source:         NCML releases first estimate of rabi crop, indicates record food grain production, 27 Jan 2020, EconomicTimes

 

Category: India (Delhi)