India (Delhi)

အိန္ဒိယနိုင်ငံ၌ ၂၀၁၉-၂၀၂၀ ခုနှစ် သီးနှံများစိုက်ပျိုးထွက်ရှိနိုင်မှု တတိယအကြိမ် ကနဦး ခန့်မှန်းချက် ထုတ်ပြန်ခြင်း

Last Updated:

အိန္ဒိယစိုက်ပျိုးရေးနှင့် တောင်သူလယ်သမားများ ဖူလုံရေး ဝန်ကြီးဌာနသည် ၂၀၁၉-၂၀ ခုနှစ်အတွက် အဓိကသီးနှံများ စိုက်ပျိုးထွက်ရှိနိုင်မည့်အခြေအနေ တတိယအကြိမ် ခန့်မှန်းချက် ကို ၁၅.၅.၂၀၂၀ နေ့၌ ထုတ်ပြန်ခဲ့ရာ တစ်နိုင်ငံလုံး၌ ပဲမျိုးစုံနှင့် နှံစားသီးနှံများ စုစုပေါင်းတန်ချိန် ၂၉၅.၆၇ သန်း၊ ဆီထွက်သီးနှံတန်ချိန် ၃၃.၅၀ သန်း၊ ဝါဂွမ်း တန်ချိန် ၃၆.၀၅ သန်း၊ ဂုန်လျော် တန်ချိန် ၉၉.၂၁ သန်းနှင့် ကြံတန်ချိန် ၃၅၈.၁၄ သန်းခန့် ထွက်ရှိနိုင်မည်ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ် ဇွန်လမှ စက်တင်ဘာလအထိ မုတ်သုံရာသီ ကာလအတွင်း နိုင်ငံတစ်ဝန်း၌ မိုးရွာသွန်းမှုက ပျမ်းမျှကာလရှည်မိုးရေချိန်ထက် ၁၀% ပိုမိုရရှိခဲ့သဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် သီးနှံစိုက်ပျိုးထုတ်လုပ်မှုမှာ ပုံမှန်ထက် ပိုမို ကောင်းမွန်တိုးတက်မည်ဟု ခန့်မှန်းရကြောင်း၊ သို့ရာတွင် အချိန်နှင့်အမျှရရှိလာမည့် ပိုမိုတိကျသောအချက်အလက်များကို အခြေပြု၍ ယခုခန့်မှန်းမှုမှာ အပြောင်းအလဲ ရှိနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

ယခင် ၂၀၁၈-၂၀၁၉ ခုနှစ်ကာလ၌ သီးနှံစိုက်ပျိုးထုတ်လုပ်နိုင်မှုနှင့် နှိုင်းယှဉ်ပါက ယခု တတိယအကြိမ်ခန့်မှန်းချက်အရ ၂၀၁၉-၂၀၂၀ စိုက်ပျိုးရာသီ၌  နှံစားသီးနှံ ထုတ်လုပ်မှု တွင် တန်ချိန် ၉.၅၃ သန်းနှင့် ပဲမျိုးစုံထုတ်လုပ်မှု၌ ၀.၉၃ သန်း၊ စုစုပေါင်း ကောက်ပဲသီးနှံတန်ချိန် ၁၀.၄၆ သန်း ပိုမိုတိုးတက်များပြားမှုရှိမည်ဖြစ်ပါသည်။ ယခုနှစ် နိုင်ငံ တစ်ဝန်းလုံး၌ ဆန်စပါးထုတ်လုပ်မှု ခန့်မှန်းချက်မှာ တန်ချိန် ၁၁၇.၉၄ သန်းဖြစ်ရာ ယခင်နှစ်ထက် ၁.၄၆ သန်း ပိုမိုမည်ဖြစ်ပြီး ၅ နှစ်တာကာလအတွင်း ပျမ်းမျှဆန်စပါး ထုတ်လုပ်နိုင်မှုထက် တန်ချိန် ၈.၁၇ သန်း ပိုမိုကြောင်းတွေ့ရှိရသည်။ အလားတူ ဂျုံစိုက်ပျိုးထွက်ရှိနိုင်မှုကိုလည်း တန်ချိန် ၁၀၇.၁၈ သန်း ထွက်ရှိမည်ဟု ခန့်မှန်းထားရာ ၂၀၁၈-၂၀၁၉ ခုနှစ် ထွက်ရှိမှုထက် တန်ချိန် ၃.၅၈ သန်း ပိုမိုမည် ဖြစ်သည်။ ယခင် ၅ နှစ်တာကာလအတွင်း ပျမ်းမျှ ဂျုံစိုက်ပျိုးထွက်ရှိမှုမှာ တန်ချိန် ၉၆.၁၆ သန်း ဖြစ်ရာ ယခုစိုက်ပျိုးထွက်ရှိမှုမှာ တန်ချိန် ၁၁.၀၂ သန်း ပိုမိုရန် ခန့်မှန်းထားခြင်းဖြစ်သည်။

ပဲမျိုးစုံ စုစုပေါင်းတန်ချိန် ၂၃.၀၁ သန်း ထွက်ရှိရန်ခန့်မှန်းထားပြီး ပဲစင်းငုံစိုက်ပျိုးမှုအား တန်ချိန် ၃.၇၅ သန်းနှင့် ကုလားပဲစိုက်ပျိုးထုတ်လုပ်မှုအား တန်ချိန် ၁၀.၉၀ သန်း ထွက်ရှိမည်ဟု မျှော်မှန်းထားရာ ယခင်နှစ်ကထက် တန်ချိန် ၀.၄၃ သန်းနှင့် ၀.၉၆ သန်း အသီးသီး ပိုမိုမည်ဖြစ်သည်။ သို့ရာတွင် ယခုနှစ် မိုးရာသီနှင့်ဆောင်းရာသီတို့၌ ထိခိုက် ပျက်စီးမှုနှင့် စိုက်ဧကလျော့ကျမှုဖြစ်ပေါ်ခဲ့သော မတ်ပဲနှင့် ပဲတီစိမ်းတို့ကိုမူ တန်ချိန် ၂.၃၃ သန်းနှင့် ၂.၃၄ သန်း ထွက်ရှိရန် ခန့်မှန်းထားရာ ယခင်နှစ်ထုတ်လုပ်မှုအောက် တန်ချိန် ၀.၇၃ သန်းနှင့် ၀.၁၂ သန်း အသီးသီးလျော့ကျ မည်ဖြစ်သည်။ ပဲနီလေး စိုက်ပျိုးထုတ်လုပ်မှုအား တန်ချိန် ၁.၄၄ သန်းထွက်ရှိရန် ခန့်မှန်းထားပြီး ယခင်နှစ်ထက် တန်ချိန် ၀.၂၁ သန်း ပိုမိုမည်ဖြစ်သည်။

ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုအား ၂၀၁၈-၂၀၁၉ ခုနှစ်ထွက်ရှိမှု တန်ချိန် ၃၁.၅၂ သန်း ထက် ယခုနှစ်၌ အထွက်တန်ချိန် ၁.၉၈ သန်းပိုမိုရန် ခန့်မှန်းထားသည်။ သို့ဖြစ်ရာ အိန္ဒိယ စိုက်ပျိုးရေးဝန်ကြီးဌာနသည် ယခု တတိယအကြိမ် ခန့်မှန်းချက်၌ ဆီထွက်သီးနှံထွက်ရှိနိုင်မှုကို ၁၈.၂.၂၀၂၀ နေ့ ဒုတိယအကြိမ် ခန့်မှန်းစာရင်းထုတ်ပြန်ခဲ့မှု ပမာဏ အောက်သို့ တန်ချိန် ၆.၈၇ သန်း ပြန်လည်လျော့ချခဲ့ကြောင်း၊ အထူးသဖြင့် မိုးသီးနှံရာသီ၌ စိုက်ခင်းများထိခိုက်မှုရှိသည့် ပဲပုတ်စေ့နှင့် ဆောင်းသီးနှံရိတ်သိမ်းရာသီတွင် အချိန်အခါမဟုတ်မိုးကြောင့် ထိခိုက်မှုရှိသည့် မုံညင်းစေ့စိုက်ပျိုးထွက်ရှိနိုင်မှုတို့အား လျော့ချခန့်မှန်းထားကြောင်း တွေ့ရှိရသည်။

၂၀၁၉-၂၀၂၀ ခုနှစ်၌ ကြံစိုက်ပျိုးမှုမှာ ယခင်နှစ်ထုတ်လုပ်မှုအောက် တန်ချိန် ၄၇.၂၈ သန်း လျော့ကျထွက်ရှိနိုင်မည်ဟု ခန့်မှန်းထားပြီး ၁၇၀ ကီလိုဂရမ်ဝင် ဝါဂွမ်းဘေထုတ် အစည်းများနှင့် ၁၈၀ ကီလိုဂရမ်ရှိသည့် ဂုန်လျော်ဘေထုတ်အစည်းများမှာမူ ၂၀၁-၂၀၁၉ ခုနှစ်၌ ထုတ်လုပ်နိုင်မှုထက် ဘေထုတ်အစည်းပေါင်း ၈ သန်းနှင့် ၁.၀၁ သန်း အသီးသီး ပိုမိုတိုးတက်ထွက်ရှိမည်ဟု အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနက ခန့်မှန်းထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ အိန္ဒိယနိုင်ငံ)

Source:         “Third Advance Estimates of Production of Foodgrains, Oilseeds and other Commercial Crops for 2019-20”, 15 May 2020, Press release of Ministry of Agriculture & Farmers Welfare of India

Category: India (Delhi)