India (Delhi)

အိန္ဒိယနိုင်ငံ၏ စီးပွားရေးကဏ္ဍအချို့ ပြန်လည်ကောင်းမွန်စပြုလာခြင်း

Last Updated:

အိန္ဒိယနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတားဆီးထိန်းချုပ်ရန် ချမှတ်ခဲ့သည့် တားမြစ်ကန့်သတ်ချက်များအား ၂၀၂၀ ပြည့်နှစ် ဇွန်လမှစတင်၍ အဆင့်အလိုက် ဖြေလျော့မှုများပြုလုပ်၍ စီးပွားရေးလုပ်ငန်းများအား လုပ်ဆောင်ခွင့်ပြုခဲ့ရာ စီးပွားရေးကဏ္ဍအချို့တွင် ပြန်လည်နာလန် ထူစပြုလာကြောင်း သိရှိရပါသည်။

ဗြိတိန်နိုင်ငံ အခြေစိုက် IHS Markit စီးပွားရေးရာလေ့လာဆန်းစစ်ရေးအဖွဲ့၏ ကုန်ထုတ်လုပ်ငန်းဝယ်ယူရေး စီမံခန့်ခွဲသူများ အညွှန်းကိန်း Purchasing Managers’ Index (PMI) ဖော်ပြချက်အရ အိန္ဒိယနိုင်ငံ၏ PMI အညွှန်းကိန်းမှာ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ၌ ၅၂.၀ ရှိရာမှ စက်တင်ဘာလတွင် ၅၆.၈ သို့ တိုးတက်လာကြောင်း တွေ့ရှိရသည်။ ယခု PMI အညွှန်းကိန်းတန်ဖိုးသည် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလနောက်ပိုင်း ၈ နှစ်တာအတွင်း လအလိုက်အမြင့်ဆုံးဖြစ်သည်။ IHS Markit မှ ဒါရိုက်တာ Ms. Pollyanna De Lima က Covid-19 တားဆီးထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ်မှုများအား ဖြေလျော့မှုနှင့်အတူ အိန္ဒိယ ပြည်ပပို့ကုန်လုပ်ငန်းများ၏ အမှာစာများ ပြန်လည်တိုးတက်ရရှိလာပြီး ကုန်ထုတ်လုပ်ငန်းများသည် လမ်းကြောင်းမှန်ပေါ်၌ ဆက်လက်ဦးတည်လျက်ရှိကြောင်း၊ သို့ရာတွင် ကုမ္ပဏီအချို့က လုပ်သားငှားရမ်း ရရှိနိုင်မှု အခက်အခဲများရှိနေကြောင်းနှင့် လူမှုအလှမ်းဝေး နေထိုင်လုပ်ကိုင်ရေးဆိုင်ရာ လမ်းညွှန်ချက်များအရ လုပ်သားအင်အားကို ကန့်သတ်ဆောင်ရွက်နေရသည် ဟု သတင်းပေးပို့ခဲ့ကြကြောင်း ပြောဆိုပါသည်။

အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနက ၁-၁၀၂၀၂၀ နေ့၌ အခွန်ကောက်ခံရရှိမှုအခြေအနေကို သတင်းထုတ်ပြန်ရာတွင် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း ကုန်စည် နှင့် ဝန်ဆောင်မှု အခွန် (GST) ကောက်ခံရရှိငွေ စုစုပေါင်းမှာ ရူပီး ၉၅၄.၈ ဘီလီယံဖြစ်ပြီး ယခင်နှစ် ကာလတူထက် ၄% ပိုမိုခဲ့ကြောင်း ဖော်ပြပါသည်။

အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာနမှ ၂-၁၀-၂၀၂၀ နေ့ သတင်းထုတ်ပြန် ရာတွင် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလအတွင်း အိန္ဒိယနိုင်ငံ၏ ပြည်ပ ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၇.၇၁ ဘီလီယံရှိပြီး ပို့ကုန်၌ ‌ဒေါ်လာ ၂၇.၄၀ ဘီလီယံရရှိခဲ့ရာ ယခင်နှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက ၅.၂၇% တိုးတက်မှု ရှိကြောင်း၊ သွင်းကုန်တန်ဖိုးမှာ ဒေါ်လာ ၃၀.၃၁ ဘီလီယံဖြစ်ပြီး ယခင်နှစ်ကာလတူပမာဏအောက်သို့ ၁၉.၆% လျော့ကျခဲ့ကြောင်း၊ ယခုနှစ် စက်တင်ဘာလ၌ ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၂.၉၁ ဘီလီယံ ဖြစ်ပေါ်ပြီး ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၇၅.၀၆% အထိ သိသာစွာ လျော့ချနိုင်ခဲ့ကြောင်း၊ ပို့ကုန်ကဏ္ဍ၌ ဆန်နှင့် ဆေးနှင့် ဆေးပစ္စည်းကိရိယာများ တင်ပို့မှုပိုမိုတိုးတက်ခဲ့ပြီး သွင်းကုန်ကဏ္ဍတွင် ရေနံထွက်ကုန်များ၊ စက်ပစ္စည်းများနှင့် သယ်ယူပို့ဆောင်ရေးကိရိယာများ တင်သွင်း မှုလျော့ကျခဲ့ကြောင်း သိရှိရသည်။

အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး Mr. Piyush Goyal က ယခုကဲ့သို့ ပို့ကုန်ကဏ္ဍ၌ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ မဖြစ်ပွားမီကာလရှိ တင်ပို့နိုင်မှုပမာဏ ထက် ကျော်လွန်၍ ရရှိလာခြင်းသည် အိန္ဒိယ၏ စီးပွားရေးအခြေအနေမှာ လျင်မြန်စွာ ပြန်လည်တိုးတက်ကောင်းမွန်လျက်ရှိသည်ကို ညွှန်ပြကြောင်း ၎င်း၏တွစ်တာ အင်တာနက်စာမျက်နှာ၌ ဖော်ပြခဲ့ပါသည်။

သို့ရာတွင် စီးပွားရေးလေ့လာဆန်းစစ်သည့်အဖွဲ့အစည်းများမှ ပညာရှင်အချို့က စီးပွား ရေး ပြန်လည်နာလန်ထူလာမှုကို ညွှန်ပြသည့် လက္ခဏာများမှာ အစပျိုးဆဲ သာဖြစ်ပြီး ထိလွယ်ရှလွယ်သည့် အခြေအနေမှာပင် ရှိနေဆဲဖြစ်ကြောင်း ပြောဆိုလျက်ရှိကြသည်။ ယခင်က အိန္ဒိယဗဟိုဘဏ်နှင့် ဝန်ကြီးချုပ်၏စီးပွားရေးအကြံပေး ကောင်စီတို့၌ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သူ Mr. C Rangarajan ကအခွန်ကောက်ခံရရှိမှုနှင့် စီးပွားရေးကိန်းဂဏန်းအချို့သည် Coivd-19 အကျပ်အတည်း ကာလမတိုင်မီကထက် ကျော်လွန်သည်ဟုဆိုသော်လည်း ဧပြီလနောက်ပိုင်း ကုန်ထုတ်လုပ်မှုကျဆင်းလာခြင်းမှ ဆုံးရှုံးရမှုများအပေါ် ကာမိရန်အတွက် လက်ရှိ အရှိန်အဟုန်ကို ကာလအတန်ကြာသည်အထိ ထိန်းသိမ်းနိုင်ရန် လိုအပ်နေဆဲဖြစ်ကြောင်း ပြောဆိုပါသည်။

ယခင်စာရင်းအင်းဌာနအရာရှိချုပ် Mr. Pronab Sen က စီးပွားရေးဆိုင်ရာ ကိန်းဂဏန်းများသည် ကပ်ရောဂါမတိုင်မီကထက် ကျော်လွန်ခြင်းမှာ ဖြေလျော့မှုများ ပြုချိန်၌ ဝယ်လိုအား ရုတ်ခြည်းမြင့်တက်မှုအရ ဖြစ်ပေါ်ခြင်းဖြစ်ပြီး ဤအခြေအနေသည် ရေရှည်တည်တံ့မှုရှိမရှိကို ပွဲတော်ရာသီကာလ ကုန်လွန်သည်အထိ စောင့်ကြည့်ရန်လိုအပ်ကြောင်း ပြောကြားပါသည်။ နယူးဒေလီမြို့ရှိ Institute of Social Sciences မှ ပါမောက္ခ Mr. Arun Kumar ကမူ လက်ရှိကာလ၌ လေကြောင်း လိုင်းများ၏ ၄၀% ခန့်သာ ပျံသန်းလုပ်ကိုင်လျက်ရှိပြီး ဟိုတယ်၊ ခရီးသွားနှင့် စားသောက်ဆိုင်လုပ်ငန်းများမှာလည်း လည်ပတ်လုပ်ကိုင်နိုင်မှုမရှိသေးကြောင်း၊ အလားတူ FMCG ခေါ် လျင်မြန်စွာကုန်ဆုံးလွယ်သည့် အသုံးအဆောင်ပစ္စည်းများ၏ ဝယ်လိုအားမှာလည်း ပြန်လည်တိုးတက်လာခြင်းမရှိသေးကြောင်း၊ သို့ဖြစ်ရာ GST အခွန်ကောက်ခံရရှိမှု အချက်အလက်များမှာ မှန်ကန်ဖွယ်မရှိကြောင်း၊ လုပ်ငန်းလည်ပတ်ငွေ ရူပီးသန်း ၅၀ အထက် လုပ်ငန်းများအား ဇွန်လတွင်လည်းကောင်း၊ သန်း ၅၀ အောက်လုပ်ငန်းများအား စက်တင်ဘာလ၌လည်းကောင်း ယခင်နှစ်အတွင်းလုပ်ငန်းဆောင်ရွက်မှုများအပေါ် အခွန်ပေးဆောင်ရန် စေ့ရောက်သည့်ကာလ အဖြစ် သတ်မှတ်ထားသဖြင့် ၎င်းလများတွင် အခွန်ကောက်ခံရရှိမှုပမာဏ မြင့်တက်ခြင်းဖြစ်ကြောင်း ပြောဆိုပါသည်။ ICRA စီးပွားရေးအကဲဖြတ်လုပ်ငန်းမှ ပညာရှင် Ms. Aditi Nayar ကလည်း ဝယ်လိုအား ရုတ်ခြည်းမြင့်တက်မှုနှင့် ကုန်ထုတ်လုပ်ငန်းများ၏ ကုန်စည်များ ပြန်လည်စတင်စုဆောင်းမှုတို့က အခွန်တိုးမြင့်ကောက်ခံ ရရှိခြင်း၏ အဓိကအကြောင်းအရင်းများဖြစ်ရာ ကာလရှည်၌ ဤသို့တိုးတက်ရရှိမည်ဟု ရှင်းလင်းခိုင်မာစွာ ပြောဆိုနိုင်မှုမရှိကြောင်း၊ စက်တင်ဘာလအတွင်း စီးပွား ရေးအညွှန်းကိန်းများ မြင့်မားမှုဖြစ်ပေါ်ခြင်းက စီးပွားရေးပြန်လည်နာလန်ထူထောင်လာမှုသည် အပိုင်းလိုက်ပြတ်တောင်းစွာ ဖြစ်ပေါ်လျက်ရှိကို တွေ့ရှိရကြောင်း ပြောကြားပါသည်။

စက်တင်ဘာလအတွင်း ရေနံနှင့်ရွှေမဟုတ်သော ကုန်စည်များတင်သွင်းမှုမှာ နှစ်အလိုက်နှိုင်းယှဉ်ပါက ၁၃.၃% လျော့ကျနေဆဲဖြစ်ခြင်း၊ အတိုးနှုန်းများလျော့ချ ခဲ့သော်လည်း ချေးငွေထုတ် ပေးမှုထက် ဘဏ်အပ်ငွေများတိုးမြင့်လာပြီး ၁၁-၉-၂၀၂၀ နေ့ရှိ စာရင်းများအရ ချေးငွေနှင့် အပ်ငွေအချိုး (Credit-deposit ratio) သည် ၇၁.၈% သို့ ကျဆင်းလာခဲ့ခြင်း၊ စုစုပေါင်း ပြည်တွင်းထုတ် လုပ်မှုတန်ဖိုး၌ ပါဝင်သည့် ပင်မကဏ္ဍများ၏ တိုးတက်မှုမှာ ဩဂုတ်လ၌ အနှုတ် ၈.၅% ဖြစ်ပေါ်ခဲ့ခြင်း စသည့်အချက်များက အိန္ဒိယ၏ စီးပွားရေးမှာ ပြန်လည်တိုးတက် ကောင်းမွန်လာသည်ဟု ခိုင်မာစွာပြောကြားနိုင်ရန် စောင့်ကြည့်ရဦးမည့် အခြေအနေ ရှိနေပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         1. “India’s Merchandise Trade: Preliminary Data for September, 2020” dated 2nd Oct 2020 of Press Information Bureau of India

2. “GST Revenue collection for September, 2020” dated 1st Oct 2020 of Press Information Bureau of India

3. India's factory activity grew at fastest pace in over eight years in September: PMI, 1 Oct 2020, Economic Times

4. Signs of economic recovery fragile: Experts, 5 Oct 2020, Business Standard

Category: India (Delhi)