India (Delhi)

အိန္ဒိယအစိုးရ၏ဝယ်ယူရေးလုပ်ငန်းတင်ဒါများ၌ အိမ်နီးချင်းနိုင်ငံများမှ ကုမ္ပဏီများ ပါဝင်ယှဉ်ပြိုင်မှုအား တားမြစ်ကန့်သတ်ခြင်း

Last Updated:

အိန္ဒိယနိုင်ငံ၏ အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ လိုအပ်ချက်များအရ ၂၀၁၇ ခုနှစ်တွင် ပြဌာန်းခဲ့သည့် ယေဘုယျဘဏ္ဍာရေးစည်းမျဉ်း နည်းဥပဒေများအားပြင်ဆင်လျက် အစိုးရ၏ ဝယ်ယူရေး လုပ်ငန်းတင်ဒါများ၌ အိန္ဒိယနိုင်ငံနှင့် ကုန်းမြေ နယ်နိမိတ်ထိစပ်လျက်ရှိသောနိုင်ငံများမှ ကုမ္ပဏီ/ လုပ်ငန်းအဖွဲ့အစည်းများ ပါဝင်ယှဉ်ပြိုင်ခွင့်ကို တားမြစ်ကန့်သတ်လိုက်ကြောင်း အိန္ဒိယဘဏ္ဍာရေး ဝန်ကြီးဌာနက ၂၃.၇.၂၀၂၀ နေ့တွင် အမိန့်ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ အမိန့်ကြော်ငြာစာအရ အိန္ဒိယနှင့် ကုန်းမြေနယ်နိမိတ်ထိစပ်လျက်ရှိသော အိမ်နီးချင်းနိုင်ငံများအနက် အိန္ဒိယအစိုးရက ဖွံ့ဖြိုးရေးချေးငွေများ သို့မဟုတ် ဖွံဖြိုးရေးအကူအညီစီမံကိန်းများ ပေးအပ် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံများမှအပ ကျန်နိုင်ငံများ မှ တင်ဒါဝင်ရောက်ယှဉ်ပြိုင်သူများအနေဖြင့် ဗဟိုအစိုးရအဆင့်ကခေါ်ယူသည့် တင်ဒါများအတွက် အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှု ဝန်ကြီးဌာနလက်အောက်ရှိ စက်မှုလုပ်ငန်းမြှင့်တင်ရေးနှင့် ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာန (DPIIT) ကဖွဲ့စည်းသည့် ကော်မတီ၌လည်းကောင်း၊ ပြည်နယ်ဒေသန္တရအစိုးရအဆင့်က ခေါ်ယူသည့် ဝယ်ယူ ရေးလုပ်ငန်းများအတွက် သက်ဆိုင်ရာပြည်နယ်က ဖွဲ့စည်းတာဝန်ပေးအပ်သည့် အာဏာပိုင်အဖွဲ့ထံတွင်လည်းကောင်း မှတ်ပုံတင်ရမည်ဖြစ်ပြီး အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီး ဌာနတို့ထံမှ နိုင်ငံရေးနှင့်လုံခြုံရေးဆိုင်ရာ ကင်းရှင်းမှုရှိကြောင်း ထောက်ခံချက်များကို တင်ပြရမည်ဖြစ်ကြောင်း၊ အစိုးရ၏ဝယ်ယူရေး တင်ဒါဟုဆိုရာတွင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၊ အစိုးရဘဏ်များ နှင့် ငွေကြေးအဖွဲ့အစည်းများ၊ အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းမှု (PPP) စနစ်ဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အဖွဲ့ အစည်းများကဝယ်ယူသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ၊ စီမံကိန်းလုပ်ငန်းများအားလုံး အကျုံးဝင်ကြောင်း၊ အစိုးရဝယ်ယူရေးလုပ်ငန်းအသစ်များနှင့် လက်ရှိကာလ၌ အပြီးအပြတ်တင်ဒါရွေးချယ်မှု မပြုရသေးသည့်လုပ်ငန်းများအား ယခုပြင်ဆင်သည့် စည်းကမ်း ချက်အသစ်များနှင့်အညီ ဆောင်ရွက်မည်ဖြစ်ပြီး COVID-19 ဗိုင်းရပ်စ်ကူးစက်မှု တားဆီးထိန်းချုပ်ရန် ဆေးပစ္စည်းများဝယ်ယူခြင်းကဲ့သို့သောကိစ္စရပ်များကို ၃၁.၁၂.၂၀၂၀ နေ့အထိ ဖြေလျော့ကင်းလွတ် ခွင့်ပြုမည်ဖြစ်ကြောင်း သိရှိရသည်။

အိန္ဒိယအစိုးရက ချေးငွေအကူအညီများပေးအပ်လျက် ဖွံဖြိုးရေးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေသည့် နိုင်ငံပေါင်း ၆၄ ခုတွင် ဘင်္ဂလားဒေရှ့်၊ နီပေါနှင့် မြန်မာနိုင်ငံတို့ ပါဝင်လျက်ရှိပါသည်။ သို့ဖြစ်ရာ ယခုပြဌာန်းချက်အသစ်သည် အိန္ဒိယနှင့် ကုန်းမြေနယ် နိမိတ်ထိစပ်လျက်ရှိသော နိုင်ငံ ၆ ခုအနက် ဘူတန်၊ တရုတ်နှင့် ပါကစ္စတန်နိုင်ငံများမှ တင်ဒါပါဝင်ယှဉ်ပြိုင်မည့်သူများနှင့်သာ သက်ဆိုင်လျက် ရှိပါသည်။

လက်ရှိကာလတွင် ပါကစ္စတန်နိုင်ငံမှ လုပ်ငန်းရှင်များ စီးပွားရေးပူးပေါင်းလုပ်ဆောင်မှုများ မရှိသကဲ့သို့ ဘူတန်နိုင်ငံမှ လုပ်ငန်းရှင် များ၏ အိန္ဒိယနိုင်ငံရှိ အစိုးရတင်ဒါများ၌ ဝင်ရောက်ယှဉ်ပြိုင်မှုမှာ လွန်စွာနည်းပါးလျက်ရှိရာ အိန္ဒိယအစိုးရ၏ ဝယ်ယူရေးစည်း ကမ်းသတ်မှတ်ချက်များအား ပြင်ဆင်မှုသည် နှစ်နိုင်ငံဆက်ဆံရေးတင်းမာနေချိန်၌ တရုတ်နိုင်ငံမှ ကုမ္ပဏီ၊ လုပ်ငန်းရှင်များအား ဦးတည်၍ ကန့်သတ်ခြင်းဖြစ်ကြောင်း သိသာထင်ရှားလျက်ရှိပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့ )

Source:         1. Restrictions on Public Procurement from certain countries, Press Release of Ministry of Finance, 23 Jul 2020, Press Information Bureau of India

                   2. Govt tightens bidding regulations for border countries, 24 Jul 2020, Indian Express

Category: India (Delhi)