India (Delhi)

အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ပီထရာပို-ဘီနာပို နယ်စပ်ဂိတ်၌ ကုန်သွယ်မှုများ ရပ်ဆိုင်းခဲ့ခြင်း

Last Updated:

အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ဒေသရှိ အကြီးဆုံး နယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ် သော ပီထရာပို-ဘီနာပို နယ်စပ်စစ်ဆေးရေးဂိတ်တွင် ဘင်္ဂလားဒေ့ရှ် ပို့ကုန်လုပ်ငန်းရှင်များ ဘက်မှ ဆန္ဒပြကန့်ကွက်မှုများ ဖြစ်ပေါ်ပြီးနောက် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုလုပ်ငန်းများ မှာ ၂.၇.၂၀၂၀  နေ့မှစတင်၍ ရပ်ဆိုင်းခဲ့ကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ ကိုလ်ကတ္တားမြို့၏ အရှေ့မြောက်ဘက် ကီလို မီတာ ၈၀ အကွာတွင်တည်ရှိသော ပီထရာပိုမြို့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘီနာပိုမြို့တို့အကြားရှိ အဆိုပါ ဘက်စုံစုပေါင်းစစ်ဆေးရေးဂိတ်အား ဖြတ်သန်း၍ နှစ်နိုင်ငံကုန်သွယ်မှုမှာ အိန္ဒိယနိုင်ငံ၌ ကိုရိုနာ ဗိုင်းရပ်စ် တားဆီးထိန်းချုပ်ရေး အသွားအလာကန့်သတ်မှု (Lockdown) ကြောင့် ပိတ်ထားခဲ့ ရာမှ ဧပြီလ ၃၀ ရက်နေ့၌ ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။ သို့ရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အလုပ်သမားများထံမှ အိန္ဒိယကုန်တင်ယာဉ် မောင်းနှင်သူများသို့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မည်ကို စိုးရိမ်ပူပန်သည့် အိန္ဒိယဘက်ခြမ်းရှိ ဒေသခံကျေးရွာများမှ ဆန္ဒပြမှုများကြောင့် မေလ ၂ ရက်၌ နယ်စပ်ဂိတ်အား ဖြတ်သန်းသွားလာမှုကို ပြန်လည်ပိတ်ထားခဲ့ရသည်။

ထို့နောက် အိန္ဒိယကုန်းတွင်းဆိပ်ကမ်းများအာဏာပိုင်အဖွဲ့သည် ပီထရာပို ဘက်စုံစုပေါင်းစစ်ဆေးရေး နယ်စပ်ဂိတ်အား ဇွန်လ ၇ ရက်နေ့တွင် ပြန် လည်ဖွင့်လှစ်ခဲ့ပြီး အိန္ဒိယကုန်တင်ယာဉ်များအား ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း၌ နယ်စပ်မှ မီတာ ၅၀၀ ခန့်အတွင်း ကုန်ချလျက် မိမိနိုင်ငံသို့  ပြန် လည်ဝင်ရောက်ရန် ခွင့်ပြုထားခဲ့ပါသည်။ ထိုသို့ အိန္ဒိယဘက်မှ ပို့ကုန်များအား နယ်စပ်ဂိတ်ဖြတ်သန်း၍ တင်ပို့ခွင့်ပြုသော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်မှ ဝင်ရောက်မည့် သွင်းကုန်များကိုမူ တင်သွင်းခွင့်မပြုပဲ ပိတ်ပင်ထားရာ ဘင်္ဂလားဒေ့ရှ် ပို့ကုန်လုပ်ငန်းရှင်များဘက်မှ ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပေါ်ပြီး နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများ ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘီနာပို အကောက်ခွန်နှင့် ကုန်စည်ပို့ဆောင်ရေး ကိုယ်စားလှယ်များ အသင်း၏ အတွင်းရေးမှူး Mr. Sajidur Rehman က ၎င်းတို့ အနေဖြင့် ဘင်္ဂလားဒေ့ရှ်ဘက်မှ ကုန်စည်များအား အိန္ဒိယအာဏာပိုင်များက ပြန်လည်တင်သွင်းပြုမည့် အချိန်အထိ ဘီနာပိုနယ်စပ်ဂိတ်ကို ဖြတ်ကျော် ၍ မည်သည့်ကုန်စည်ပို့ဆောင်မှုကိုမျှ ခွင့်ပြုမည်မဟုတ်ပဲ ပိတ်ထားမည်ဖြစ်ကြောင်း ပြောဆိုပါသည်။ Outlook India သတင်းဌာန၏ဖော်ပြချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တင်သွင်းသော ကုန်ကြမ်းပစ္စည်းများအပေါ် အမှီပြုနေရသည့် အိန္ဒိယပြည်တွင်းရှိ အသေးစားနှင့် အလတ်စား ကုန်ထုတ်လုပ်ငန်း များ၌ သွင်းအားစုပြတ်တောက်ခြင်း မဖြစ်စေရန်အတွက် ကြားဝင်ဖြေရှင်းဆောင်ရွက်ပေးရန် အိန္ဒိယပို့ကုန်လုပ်ငန်းအဖွဲ့အစည်းများ အသင်းချုပ် (FIEO) က အနောက်ဘင်္ဂလားပြည်နယ်အစိုးရသို့ မေတ္တာရပ်ခံစာပေးပို့ထားကြောင်း၊ လက်ရှိကာလတွင် အဆိုပါနယ်စပ်ဂိတ်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်မှ ကုန်တင်ယာဉ်ပေါင်း ၅၀၀ ကျော်သည် အိန္ဒိယဘက်ခြမ်းသို့ ဝင်ရောက်ခွင့်မရပဲ စောင့်ဆိုင်းနေရဆဲဖြစ်ကြောင်း သိရှိရသည်။

အိန္ဒိယနိုင်ငံသည် နှစ်နိုင်ငံနယ်နိမိတ် ထိစပ်လျက်ရှိသည့် ကုန်းတွင်းဝင်ထွက်ပေါက် ၁၅ ခုမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်မှုပြုရာတွင် ပီထရာပို- ဘီနာပို နယ်စပ်ဘက်စုံ စစ်ဆေးရေး ဂိတ်မှ ကုန်သွယ်မှုမှာ အများဆုံးဖြစ်ပါသည်။ အိန္ဒိယကုန်းတွင်းဆိပ်ကမ်းများ အာဏာပိုင်အဖွဲ့ ၏ စာရင်းများအရ ၂၀၁၈-၂၀၁၉ ခုနှစ်၌ ၎င်းနယ်စပ်ဂိတ်တစ်ခုတည်းမှပင် အိန္ဒိယရူပီးငွေ တန်ဖိုးဖြင့် ပို့ကုန်၌ ၁၇၄.၃၇ ဘီလီယံနှင့် သွင်းကုန်တွင် ၃၉.၄၃ ဘီလီယံဖြစ်ရာ စုစုပေါင်းကုန် သွယ်မှု ၂၁၃.၈ ဘီလီယံရှိကြောင်း၊ ၎င်းဘဏ္ဍာနှစ်အတွက် ဘင်္ဂလားဒေ့နိုင်ငံမှ သွင်းကုန်တန်ဖိုး စုစုပေါင်း ၏ ၅၄% ရှိပြီး အိန္ဒိယ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုး စုစုပေါင်းတွင် ၃၀% ရှိကြောင်း  သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         1. Protests threaten exports to Bangladesh from Petrapole border, 2 Jul 2020, Outlook India

2. Bangladeshi exporters stop Indian imports from Petrapole border, 2 Jul 2020, Economic Times

3. India-Bangladesh border trade resumes through West Bengal's Petrapole land port, 8 Jun, 2020, India Today

Category: India (Delhi)