Singapore

အီးယူမှ ဗြိတိန်ထွက်ခွာမည့်ကိစ္စ (Brexit) အကူးအပြောင်းကာလအတွင်း ဗြိတိန်သည် အီးယူ-စင်ကာပူ လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်အဖွဲ့ဝင်အဖြစ် ဆက်လက်တည်ရှိမည်

Last Updated:

၃၁-၁-၂၀၂၀ ရက်နေ့တွင် ဗြိတိန်က အီးယူမှ ထွက်ခွာမည့် ဆုံးဖြတ်ချက်ကို စင်ကာပူအစိုးရအနေဖြင့် မှတ်သားထား ရှိကြောင်း၊ ၁-၂-၂၀၂၀ ရက်နေ့မှ ၃၁-၁၂-၂၀၂၀ ရက်နေ့အထိ ကာလသည် အီးယူမှ ဗြိတိန် ထွက်ခွာမည့်ကိစ္စ (Brexit) အကူးအပြောင်းကာလဖြစ်ကြောင်းကို အီးယူနှင့် ဗြိတိန်တို့က စင်ကာပူအပါအဝင် ၎င်းတို့၏ ကုန်သွယ်ဖက်နိုင်ငံများသို့ အသိပေး အကြောင်းကြားလာခဲ့ကြောင်း၊ ယင်းအကူးအပြောင်းကာလအတွင်း ဗြိတိန်အား အီးယူ၏အဖွဲ့ဝင်နိုင်ငံတစ် နိုင်ငံအဖြစ်လည်းကောင်း၊ အီးယူနှင့်ဆက်နွယ်သော နိုင်ငံတကာသဘောတူ စာချုပ်များ၏အဖွဲ့ဝင်အဖြစ်လည်းကောင်း မှတ်ယူသွားမည်ဖြစ်ကြောင်း စင်ကာပူကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနက ၃၀-၁-၂၀၂၀ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ ပါသည်။

အီးယူ-စင်ကာပူလွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ် (EU-Singapore Free Trade Agreement- EUSFTA) သည် ၂၁-၁၁-၂၀၁၉ ရက်နေ့တွင် စတင်အာဏာသက်ဝင်ခဲ့ပြီး ဖြစ်သည့်အတွက် ဤစာချုပ်သည် Brexit အကူးအပြောင်းကာလအတွင်း ဗြိတိန်နိုင်ငံနှင့်လည်းသက်ဆိုင်မည်ဖြစ်ပါသည်။ ယင်းအကူးအပြောင်းကာလကုန်ဆုံး၍ ဗြိိတိန်က EUSFTA နှင့် သက်ဆိုင်မှုမရှိတော့သည့် နောက်ပိုင်းကာလများတွင်လည်း စင်ကာပူနှင့်ဗြိတိန်နှစ်နိုင်ငံအကြား ကုန်သွယ်မှုဆက်လက်ပြုလုပ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်းဖော်ပြထားပါသည်။

ဗြိတိန်နှင့်စင်ကာပူသည် ကြာရှည်ခိုင်မာသော စီးပွားရေးဆက်ဆံမှုများရှိကြောင်း၊ Brexit အကူးအပြောင်းကာလသည် ဗြိတိန်နှင့်အတူ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် နေကြသည့် စင်ကာပူစီးပွားရေးလုပ်ငန်းများအတွက် နှစ်နိုင်ငံအကြား ကုန်သွယ်မှုဆက်လက် ဆောင်ရွက်နိုင်စေရန် သေချာမှုရှိသည့် အခြေအနေကို ဖန်တီးပေးနေပါ ကြောင်း၊ အနာဂတ် ကာလများတွင် နှစ်နိုင်ငံစီးပွားရေးဆက်ဆံမှုများ ပိုမိုခိုင်မာနက်ရှိုင်းလာစေရေးအတွက် အနီးကပ် ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်သွားမည်ဖြစ်ပါကြောင်း စင်ကာပူကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနဝန်ကြီး Mr. Chan Chun Sing က ပြောကြားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းအရင်းအမြစ်။           ။ Press Release, Ministry of Trade and Industry, Singapore

 

Category: Singapore