Singapore

၂၀၂၀ ခုနှစ်အတွက် စင်ကာပူ၏ စီးပွားရေးတိုးတက်မှုနှုန်းမှာ (-) ၀.၅ ရာခိုင်နှုန်းမှ ၁.၅ ရာခိုင်နှုန်းအတွင်းသာရရှိနိုင်

Last Updated:

စင်ကာပူ၏ စီးပွားရေးသည် ၂၀၁၉ ခုနှစ်တွင် ၀.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်းနှင့် ၂၀၂၀ ခုနှစ်အတွက် စီးပွားရေးတိုးတက်မှုနှုန်းမှာ အနှုတ်(-) ၀.၅ ရာခိုင်နှုန်းမှ ၁.၅ ရာခိုင်နှုန်းအတွင်းသာ ရရှိနိုင်ကြောင်း စင်ကာပူ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနက ၁၇ -  ၂ - ၂၀၂၀ ရက်နေ့တွင် သတင်းထုတ်ပြန်ထားပါသည်။

၂၀၁၉ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော စင်ကာပူ၏ စီးပွားရေးတိုးတက်မှုနှုန်း ၀.၇ ရာခိုင်နှုန်းသည် ဆယ်စုနှစ်အတွင်း အနည်းဆုံး စာရင်းဝင်ခဲ့ပါသည်။ ၂၀၂၀ ခုနှစ် အတွက် စင်ကာပူ၏ စီးပွားရေး တိုးတက်မှုနှုန်းကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် ကြိုတင်ခန့်မှန်းခဲ့ချိန်၌ ကမ္ဘာ့စီးပွားရေးနှင့် အီလက်ထရောနစ် ကုန်ပစ္စည်းထုတ်လုပ်မှု ပြန်လည်နလန်ထူလာသောအခြေအနေများကြောင့် စီးပွားရေးတိုးတက်မှုသည် ၀.၅ ရာခိုင်နှုန်းမှ ၂.၅ ရာခိုင်နှုန်း ဘောင်အတွင်း ပေါ်ပေါက်နိုင်သည်ဟု သုံးသပ်ခဲ့ ပါသည်။ သို့ရာတွင် ယခုအခါ လက်ရှိဖြစ်ပေါ်နေသော Covid-19 ရောဂါပိုးကြောင့် ယခင်ခန့်မှန်းချက်ဘောင်ထက် လျှော့ချ၍ ခန့်မှန်းထားပါသည်။  

တရုတ်နိုင်ငံတွင် ရောဂါတားဆီးနိုင်ရေးအတွက် မြို့များကို သီးသန့်ထိန်းချုပ်ထားခြင်းနှင့် ခရီးသွားလာရေးကို ကန့်သတ်လိုက်ခြင်းတို့ကြောင့် အိမ်ထောင်စုများ၏ စားသုံးမှုကျဆင်းခြင်းနှင့် လုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှုကျဆင်းခြင်းတို့ကြောင့် တရုတ်၏ စီးပွားရေးတိုးတက်မှုအပေါ် ထိခိုက်နိုင်ပါသည်။ ထို့အပြင် တရုတ်နိုင်ငံ သားများ၏ ခရီးသွားလာမှုကျဆင်းခြင်း၊ တရုတ်၏ သွင်းကုန်ဝယ်လိုအားကျဆင်းမှုနှင့်အတူ ကမ္ဘာ့ကုန်ထုတ်လုပ်မှုကွင်းဆက် တစ်လျှောက်လုံးကိုလည်း ထိခိုက်မှု ဖြစ်ပေါ်လာကာ ဒေသတွင်းရှိ စီးပွားရေးအပေါ်လည်း သွယ်ဝိုက်၍ အကျိုးသက်ရောက်မည်ဖြစ်ပါသည်။

ရောဂါဖြစ်ပွားမှုသည် မျှော်မှန်းထားသည်ထက် ပိုမိုဆိုးဝါး၍ အချိန်ကာလကြာမြင့်နေပါက တရုတ်၏ စီးပွားရေးမှာ ပိုမိုနှေးကွေးသွားနိုင်ပြီး၊ ကမ္ဘာ့စီးပွားရေးနှင့် ကုန်သွယ်ရေးအပေါ် ပြင်းထန်သော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ကြောင်း၊ တရုတ်အပါအဝင် စင်ကာပူ၏ အဓိကကုန်သွယ် ဖက်နိုင်ငံများ၏ စီးပွားရေး နှေးကွေးမှုကြောင့် စင်ကာပူ၏ ကုန်ထုတ်လုပ်မှုနှင့် လက်ကားကုန်သွယ်ရေးကဏ္ဍများကို ထိခိုက်နိုင်ကြောင်း၊ အထူးသဖြင့် တရုတ်နိုင်ငံမှ ခရီးသည်ဝင်ရောက်မှု ရုတ်တရက် ကျဆင်းခြင်းကြောင့် စင်ကာပူ၏ ခရီးသွားလာရေးနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းကဏ္ဍများကို ပြင်းထန်စွာ သက်ရောက်လျက်ရှိကြောင်း၊ ထို့ပြင် စင်ကာပူ၏ ပြည်တွင်းစားသုံးမှု ကျဆင်းလာခြင်းကြောင့် လက်လီအရောင်းအဝယ်လုပ်ငန်းများနှင့် အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းများအပေါ် ဆိုးရွားစွာ ထိခိုက်နိုင်ကြောင်း၊ ယင်းအခြေအနေများသာမက အမေရိကန်နှင့် တရုတ် ကုန်သွယ်ရေး အခြေအနေနှင့် အရှေ့အလယ်ပိုင်းဒေသများ၏ ပထဝီနိုင်ငံရေးတင်းမာမှု အခြေအနေများစသည့် မသေချာမရေရာမှုများလည်း ကျန်ရှိနေသေးကြောင်း ဖော်ပြထားပါသည်။

လက်ရှိအချိန်ထိ စင်ကာပူတွင် Covid-19 ရောဂါပိုး ကူးစက်ခံရသူ ၇၅ ဦးရှိပြီး၊ ရောဂါ ဖြစ်ပွားမှုအခြေအနေသတ်မှတ်ချက်မှာ လိမ္မော်ရောင်အဆင့် ဖြစ်ပါသည်။ အဆိုပါ ရောဂါ ဖြစ်ပွားမှုကြောင့်လာမည့် (၃) လပတ်ကာလများတွင် စင်ကာပူ၏ စီးပွားရေး အပေါ်သိသာထင်ရှားသော သက်ရောက်မှုများ ဖြစ်ပေါ်လာမည်ဖြစ်ပြီး၊ စီးပွားရေးကျဆင်းမှုပင် ဖြစ်လာနိုင်ကြောင်းကိုလည်း စင်ကာပူ ဝန်ကြီးချုပ် လီချန်လွန်းက ပြောကြားခဲ့ပါသည်။  

 

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ Ministry of Trade & Industry, Singapore/ Channel News Asia

Category: Singapore