Singapore

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလတွင် စင်ကာပူ၏ ကုန်သွယ်မှုသည် ၃.၁ ရာခိုင်နှုန်း ကျဆင်းခဲ့

Last Updated:

စင်ကာပူ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနက ၁၇ -  ၂ - ၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်ထား သောစာရင်းအရ စင်ကာပူ၏ ပြည်ပကုန်သွယ်မှုသည် နှစ်အလိုက် ကာလတူနှင့်နှိုင်းယှဉ်ပါက ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလတွင် ၃.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ပို့ကုန်ပိုင်းတွင် ၅.၃ ရာခိုင်နှုန်းနှင့် သွင်းကုန်ပိုင်း တွင် ၀.၈ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

ကုန်သွယ်မှုပမာဏအနေဖြင့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလတွင် ပို့ကုန်ပမာဏမှာ စင်ကာပူဒေါ်လာ ၄၂.၁၈ ဘီလီယံ၊ သွင်းကုန်ပမာဏမှာ စင်ကာပူဒေါ်လာ ၄၁.၂၁ ဘီလီယံတို့ဖြင့် စုစုပေါင်းကုန်သွယ် မှုပမာဏသည် ၈၃.၃၈ ဘီလီယံ ရရှိခဲ့ပါသည်။

ဤကာလအတွင်း စက်သုံးဆီမဟုတ်သောပို့ကုန်များဖြစ်သော အီလက်ထရောနစ်ပစ္စည်း ပို့ကုန်မှာ ၁၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး၊ အီလက်ထရောနစ်ပစ္စည်း မဟုတ်သော ပို့ကုန်မှာ ၀.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ အီလက်ထရောနစ်ပစ္စည်းပို့ကုန်တွင် အဓိကအားဖြင့် Integrated Circuits (ICs)၊ PC ကွန်ပြူတာနှင့် တယ်လီဖုန်းဆက်သွယ်ရေးကိရိယာများ တင်ပို့မှုကျဆင်းခဲ့ပြီး၊ အီလက်ထရောနစ်ပစ္စည်းမဟုတ်သောပို့ကုန်တွင် အထူးသဖြင့် ရေနံဓာတုပစ္စည်း၊ ဆေးဝါးနှင့် စက်ပစ္စည်းများ တင်ပို့မှုလျှော့ကျသွားခဲ့ကြောင်း၊ စက်သုံးဆီမဟုတ်သောပို့ကုန် အဓိကစျေးကွက် များအနက် ဟောင်ကောင် (- ၄၀.၉ %) ၊ အီးယူ (- ၁၀.၅ %) နှင့် အင်ဒိုနီးရှား (-၂၂.၆%) စျေးကွက်များသို့ လျော့နည်းတင်ပို့နိုင်ခဲ့ကြောင်း၊ ထို့ပြင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် (CLMV) နိုင်ငံများ (- ၃၂.၄ %)၊ လက်တင်အမေရိက (- ၃၈ %) နှင့် တောင်အာရှ (- ၁၁.၄ %) ရှိ နိုင်ငံများသို့လည်း တင်ပို့မှုနှေးကွေးခဲ့ကြောင်း ဖော်ပြထားပါသည်။

 အထူးသဖြင့် ဟောင်ကောင် (- ၅၉.၁ %)၊ အီးယူ (- ၆၂.၇ %) နှင့် ပနားမား (- ၇၁.၅ %) စျေးကွက်များသို့ စက်သုံးဆီတင်ပို့မှု ကျဆင်းခဲ့သည့်အတွက် ဇန်နဝါရီလတွင် စင်ကာပူ၏ စက်သုံး ဆီပို့ကုန်သည် ၂၁.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းနှင့် စက်သုံးဆီမဟုတ်သောကုန်ပစ္စည်းများကို ပြန်လည်တင်ပို့မှု (Re-exports) မှာ ၁.၅ ရာခိုင်နှုန်း လျှော့ကျခဲ့ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ Ministry of Trade & Industry, Department of Statistics, Singapore

Category: Singapore