Korea

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ကိုရီးယားသမ္မတနိုင်ငံ၏ စီးပွားရေးအခြေအနေအကျဉ်းချုပ်

Last Updated:

ကိုရီးယားသမ္မတနိုင်ငံသည် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွက် ကုန်သွယ်မှုအား ပို့ကုန် အမေရိကန်ဒေါ်လာ (၄၁.၈) ဘီလီယံ၊ သွင်းကုန် အမေရိကန်ဒေါ်လာ (၃၉) ဘီလီယံ ဆောင်ရွက်နိုင်ရန်နှင့် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ (၂.၈) ဘီလီယံ ရရှိနိုင်မည်ဟု မျှော်မှန်းထားပြီး၊ တောင်ကိုရီးယား အကောက်ခွန်ဝန်ဆောင်မှုဌာနမှထုတ်ပြန်သော ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၂၀) ရက်နေ့အထိ သိရှိရသော စာရင်းများအရ ရက်(၂၀)အတွင်းတွင် ပို့ကုန်သည် ယခင်နှစ်ကာလတူထက် (၁၂.၈) ရာခိုင်နှုန်း ကျဆင်းခဲ့ပြီးဖြစ်ကာ တစ်လတာစာရင်းတွင်  ယခင်နှစ်ကာလတူထက် (၉) ရာခိုင်နှုန်း လျော့ကျနိုင်ကြောင်း သိရှိရပါသည်။  ကိုရီးယားသမ္မတနိုင်ငံ၏ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွက် ကုန်သွယ်မှုစာရင်းအား သက်ဆိုင်ရာ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန၊ အကောက်ခွန်ဝန်ဆောင်မှုဌာနတို့မှ သြဂုတ်လ၊ (၁) ရက်နေ့တွင် ထုတ်ပြန်ကြေညာမည်ဖြစ်ပါသည်။

ကိုရီးယားသမ္မတနိုင်ငံ၊ အခြေခံလစာသတ်မှတ်ရေးကော်မရှင် (Minimum Wages Commission)သည် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၁၄)ရက်နေ့တွင် ၂၀၂၁ ခုနှစ်အတွက် တစ်နာရီအတွက် အနိမ့်ဆုံးအခြေခံလုပ်ခလစာနှုန်းအား (၈၇၂၀)ဝမ် (အမေရိကန်ဒေါ်လာ ၇.၂၆)  အဖြစ်ဆုံးဖြတ်ခဲ့ကြောင်း၊ ယင်းသည် ၂၀၂၀ ခုနှစ်အတွက် နှုန်းထားထက် (၁.၅) ရာခိုင်နှုန်း၊ ငွေကြေး အားဖြင့် (၁၃၀) ဝမ်သာ ပိုမိုခဲ့ပြီးသမိုင်းတစ်လျောက် အနိမ့်ဆုံးရာခိုင်နှုန်းဖြစ်ကာ အဆိုပါနှုန်းထားအသစ်အားသက်ဆိုင်ရာ အလုပ်သမားရေးရာဝန်ကြီးမှ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၅) ရက် နေ့တွင် တရားဝင်ထုတ်ပြန် ကြေညာသွားမည်ဖြစ်ပါသည်။

COVID-19 ကမ္ဘာ့ကပ်ရောဂါ၏ ရိုက်ခတ်မှုဂယက်ကြောင့် ကုန်သွယ်ရေးကဏ္ဍအထူးသဖြင့် ပို့ကုန်တင်ပို့နိုင်မှုကိုထိခိုက်သည်ဖြစ်ရာ၂၀၂၀ ပြည့်နှစ်၊ ဒုတိယသုံးလပတ်ကာလအတွင်းတွင် ကိုရီးယားသမ္မတနိုင်ငံ၏ စီးပွားရေးသည် (- ၃.၃) ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ ယင်းသည် ၁၉၉၈ ခုနှစ်၊ စီးပွားရေး အကျပ်အတည်း ဖြစ်ပွားခဲ့ပြီးသည့်ကာလနောက်ပိုင်းတွင် အဆိုးရွားဆုံးသောကျဆင်းမှုတစ်ရပ်ပင်ဖြစ်ကြောင်း (၂၃-၇-၂၀၂၀) ရက်နေ့တွင် ဗဟိုဘဏ် The Bank of Korea (BOK)၏ ထုတ်ဖော်ပြောကြားချက်အရ သိရှိရပါသည်။

ကိုရီးယားသမ္မတနိုင်ငံအစိုးရအနေဖြင့် COVID-19 အလွန်ကာလအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့်အားလျော်စွာ စီးပွားရေးပြန်လည်နာလန်ထူ တိုးတက်လာစေရေးအတွက် နောင်(၅)နှစ်တာ ကာလအတွင်း အလုပ်အကိုင်အခွင့်အလမ်းနှင့် စီးပွားရေးဖွံ့ဖြိုးမှုများအား ပံ့ပိုးမှုဆောင်ရွက်ပေးမည့် ကိုရီးယားဝမ် (၁၆၀) ထရီလီယံ တန်ဖိုးရှိ “Korean New Deal” အမည်ရှိ စီးပွားရေးလှုံ့ဆော်မှုအစီအစဉ် ကို သမ္မတမွန်ဂျေအင်းမှ (၁၄-၇-၂၀၂၀) ရက်နေ့တွင် ထုတ်ဖော်ကြေညာခဲ့ပါသည်။ အဆိုပါအစီအစဉ်တွင် “Digital New Deal” နှင့် “Green New Deal” ဟူ၍ နှစ်ပိုင်းပါဝင်မည်ဖြစ်ပြီး၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ (၅)နှစ်တာ ကာလအတွင်း အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၁.၉) သန်းကို ဖန်တီးပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါစီမံကိန်းသည်အစိုးရနှင့်သာသက်ဆိုင်သည့်စီမံကိန်း မဟုတ်ဘဲ တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့်စီမံကိန်းတစ်ခုဖြစ်ကြောင်းလည်း သိရှိရပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization – WTO) ၏ အကြီးအကဲရာထူးအတွက် တောင်ကိုရီးယား ကုန်သွယ်ရေးဝန်ကြီး Ms. Yoo Myung-Hee အပါအဝင် ယခင်က အီဂျစ်နိုင်ငံ၊ မက်ဆီကိုနိုင်ငံ၊ မော်ဒိုဗာနိုင်ငံ၊ နိုင်ဂျီးရီးယားနိုင်ငံ၊ ဗြိတိန်၊ ဆော်ဒီအာရေဗျနိုင်ငံ နှင့် ကင်ညာနိုင်ငံတို့မှ ကိုယ်စားလှယ်လောင်း(၈)ဦးတို့ WTO ၏ အကြီးအကဲရာထူးအတွက် အကြိတ်အနယ် ယှဉ်ပြိုင်လျက် ရှိကြပါသည်။

ကမ္ဘာ့နှင့်အဝှမ်းတွင် ဖြစ်ပေါ်ရင်ဆိုင်ရလျက်ရှိသည့် Covid-19 ကူးစက်ကပ်ရောဂါကြောင့် ကိုရီးယားသမ္မတနိုင်ငံအစိုးရအနေဖြင့် နိုင်ငံအတွင်းရှိ နိုင်ငံခြား သားလုပ်သားများ၏ နေထိုင်ခွင့်သက်တမ်းအား ထပ်မံတိုးမြှင့်ပေး၍သက်ဆိုင်ရာလုပ်ငန်းခွင်များတွင် ယာယီလုပ်ကိုင်ခွင့်များ ဆက်လက်ခွင့်ပြုပေးရန်ဆွေးနွေးစီစဉ်လျက်ရှိကြောင်း တောင်ကိုရီးယားဝန်ကြီးချုပ်၏ ထုတ်ဖော်ပြောကြားချက် အရသိရှိရပြီး၊ ယင်းသည် Covid-19 ဆိုင်ရာ ပြည်ဝင်ကန့်သတ်ချက်များကြောင့် နေရပ်ပြန်ရန် အခက်အခဲဖြစ်နေသည့် နိုင်ငံခြားသား အလုပ်သမားများနှင့် တောင်ကိုရီးယား အလုပ်ရှင်တို့အကြား Win-Win အခြေအနေဟု တောင်ကိုရီးယားအစိုးရကယူဆထားပါသည်။

 

Source: The Korea Times၊ The Korea Herald၊ Yonhap News

( မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea