China(Nanning)

COVID-19 က တရုတ်နိုင်ငံ၏ လတ်ဆတ်သောအစားအသောက်လုပ်ငန်းအား မည်ကဲ့သို့ ပြုပြင်ပြောင်းလဲပစ်နိုင်သနည်း

Last Updated:

တရုတ်နိုင်ငံသည် ကိုရိုနာကပ်ရောဂါအား တိုက်ဖျက်ရာတွင် တစ်ကမ္ဘာလုံးနှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိပြီး၊ မတ်လ (၁) ရက်နေ့မှ ဧပြီလ (၄) ရက်နေ့ အထိ ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းများ ထောက်ပံ့တင်ပို့မှုမှာ ယွမ်ငွေ (၁၀.၂) ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၄၃ ဘီလီယံခန့်) ရှိပြီဖြစ်ကြောင်း သိရပါသည်။

မည်သည့်နေရာမှ မူလစတင်ဖြစ်ပွားသည်ဟု အပြည့်အဝနားလည်ပြောကြားနိုင်ခြင်း မရှိသေးသည့် COVID-19 ကပ်ရောဂါပျံ့နှံ့ဖြစ်ပွားခဲ့မှုမှာ တရုတ်နိုင်ငံ၏ တော ရိုင်းတိရိစ္ဆာန်ကာကွယ်ရေးနှင့် လတ်ဆတ်သော အစားအစာများစိတ်ချလုံခြုံမှုရှိရေးတို့ကို တပ်လှန့်နှိုးဆော်လိုက်သကဲ့သို့ ဖြစ်လာပါသည်။ မြို့တော်များအား အဝင်အထွက်ပိတ်ပင်ခဲ့မှုများ၊ သယ်ယူပို့ဆောင်ရေးကန့်သတ်ချက်များနှင့် လုပ်ငန်းများပြန်လည်စတင်ရန် နှောင့်နှေးမှုများကြောင့် တရုတ်နိုင်ငံ၏ လတ်ဆတ်သော အစားအသောက်ထုတ် လုပ်သည့် လုပ်ငန်းနှင့် ကုန်စည်ထောက်ပို့သယ်ယူပို့ဆောင်ရေးကွင်းဆက်အပေါ် မတည်ငြိမ်မှုများ စတင်ဖြစ်ပေါ်စေခဲ့ပါသည်။

ဤအကျပ်အတည်းက မကြာမီအချိန်အတွင်း တရုတ်နိုင်ငံတွင် စားသုံးသူများက အသားထွက်ကုန်များနှင့် အခြားစားနပ်ရိက္ခာများ ထုတ်လုပ်ဖြန့်ဖြူးမှုအပေါ် ပိုမို ပူပန်မှုများ စတင်ဖြစ်ပွားလာနိုင်သောကြောင့် တရုတ်စီးပွားရေးလုပ်ငန်းများအနေဖြင့် အရေးတကြီး ရင်ဆိုင်လာရနိုင်ကြောင်း အလေးအနက်ဖော်ပြနေပါသည်။ လတ်ဆတ်သော အစားအစာများကိုသာ စားသုံးလေ့ရှိသည့် တရုတ်နိုင်ငံတွင် ယခုကဲ့သို့ အပြောင်းအလဲများဖြစ်ပေါ်လာခြင်းကြောင့် စိုက်ပျိုးရေး၊ ပြုပြင်ထုတ်လုပ်ရေး၊ သိုလှောင်ရေး၊ ဖြန့်ဖြူးရေးစသည့် ကုန်စည်စိုက်ပျိုးထုတ်လုပ်ဖြန့်ဖြူးသည့် ကွင်းဆက်တစ်ခုလုံးတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းသစ်များ ပေါ်ထွက်လာပါသည်။

ဈေးဝယ်သည့် အလေ့အထအသစ်များ ကျင့်သုံးလာသည့် တရုတ်စားသုံးသူများ

COVID-19 ဖြစ်ပွားသည့် အရေးပေါ်အခြေအနေနှင့် တိရိစ္ဆာန်မျိုးစိတ်များတွင် ကိုရိုနာကူးစက်ရောဂါဖြစ်ပွားနိုင်မှုတို့အပေါ် စားသုံးသူများက စိုးရိမ်ပူပန်လာကြသဖြင့်  ဝူဟန်မြို့ရှိ တောရိုင်းတိရိစ္ဆာန်ဈေးကွက်ကဲ့သို့သော ဈေးမျိုးမည်မျှရှိကြသည်ကိုလည်း တွေးတောပူပန်လာကြပါသည်။ ၁၉၉၇ ခုနှစ်တွင် H5N1 ကြက်ငှက်တုပ်ကွေးရောဂါနှင့် ၂၀၁၃ ခုနှစ်တွင်  H7N1 ကြက်ငှက်တုပ်ကွေးရောဂါနှင့် အာဖရိကဝက်အပြင်းဖျားရောဂါများ ဖြစ်ပွားစဉ်ကလည်း တရုတ်နိုင်ငံ၏ အသားဈေးကွက်အပေါ် သက်ရောက်မှုရှိခဲ့ပြီး အသားဈေးနှုန်း တရှိန်ထိုးတက်သွားခဲ့သဖြင့် ယခုအကြိမ်တွင်လည်း ဈေးများတက်နိုင်သည်ဟူသည့်အပေါ် စိုးရိတ်လာကြပါ သည်။

အမေရိကန်နှင့် ဉရောပနိုင်ငံများတွင် အေးခဲထားသော အစားအစာများကို ယေဘုယျစားသုံးကြသော်လည်း တရုတ်လူမျိုးများ (အထူးသဖြင့် လူကြီးများမှာ) ပင်လယ်စာအရှင်၊ တိရိစ္ဆာန်အရှင်များနှင့် ရပ်ကွက်ဈေးများအတွင်းမှ ရောင်းချသည့် ရာသီပေါ်သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များကို ပိုမိုဝယ်ယူစားသုံးလိုကြ ပါသည်။ ၎င်းဈေးများတွင် ကြက်အရှင်များနှင့် ငါးအရှင်များကို သတ်ပေးခြင်း သို့မဟုတ် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ ရောင်းချသည့်ဆိုင်များနှင့် မနီးမဝေးတွင် တိရိစ္ဆာန်အရှင်များကို ရောင်းချခြင်းမျိုး ပြုတတ်ကြပါသည်။ မကြာသေးမီနှစ်များအတွင်း စူပါမားကက်များ ပေါ်ပေါက်လာမှုကြောင့် ရပ်ကွက်ဈေးများ တွင် ရောင်းအားကျလာသော်လည်း  တရုတ်လူမျိုးအများစုတို့အတွက် ၎င်းရပ်ကွက်ဈေးများမှာ လတ်ဆတ်အစားအစာများ ဝယ်ယူနိုင်သည့် အဓိကနေရာများအဖြစ် ရပ်တည်နေဆဲဖြစ်ပါသည်။

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမတိုင်ခင်အထိ e-commence နည်းလမ်းဖြင့် လတ်ဆတ်သောအစားအစာများ ရောင်းချမှုဈေးကွက်ပမာဏမှာ ပုံမှန်ဖွံ့ဖြိုးခဲ့ပါသည်။ COVID- 19 ရောဂါပျံ့နှံ့ဖြစ်ပွားချိန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် စီမံခန့်ခွဲရေးအာဏာပိုင် များက ကန့်သတ်ချက်အချို့အား အကောင်အထည်ဖော်လာချိန်၌ စားသုံးသူများမှာ လတ်ဆတ်သောကုန်ပစ္စည်းများကို အွန်လိုင်းမှသာဝယ်ယူရန် အခြေအနေဖြစ်ခဲ့ပါသည်။ တရုတ်ရပ်ကွက်ဈေးများ ပြန်လည်ဖွင့်လှစ်လာချိန်၌ အချို့စားသုံးသူများမှာ ၎င်းတို့ ယခင်ဝယ်ယူလေ့ရှိသည့်အတိုင်း ပြန်လည်ဝယ်ယူလာကြသည်ကို တွေ့ရပါသည်။ သို့ရာတွင် အချို့ကမူ အွန်လိုင်းမှဈေးဝယ်ခြင်းကို ရေရှည် ဆက်လက်ပြုလုပ်ရန် နှစ်ခြိုက်စပြုလာကြပြီး အထူးသဖြင့် လူငယ်ပိုင်း ဝင်ငွေအလယ်အလတ်ရှိသော အုပ်စုက လတ်ဆတ်သောစားသောက်ကုန်များကို အွန်လိုင်းမှ ဆက်လက်ဝယ်ယူနေကြပါသည်။ အကယ်၍ e-commerce နည်းလမ်းဖြင့် ရောင်းချသူများက ၎င်းတို့၏ သိုလှောင်ရေးနှင့် ဖြန့်ဖြူးရေးစွမ်းဆောင်ရည်ကို တစိုက်မတ်မတ် တိုးမြှင့်သွားပြီး အရည်အသွေးမြင့်လတ်ဆတ် စားသောက်ကုန်များကိုရောင်းချပါက ဤစားသုံးသူများ၏ နှစ်ခြိုက်မှုနှင့် အွန်လိုင်းပေါ်မှ ဈေးဝယ်သည့် အလေ့အထကို ခိုင်ခိုင်မာမာပြောင်းလဲပစ်နိုင်ပါသည်။

တရုတ်နိုင်ငံရှိ အအေးခန်းကုန်စည်ထောက်ပံ့သည့်ကွင်းဆက်ကွန်ယက်၏ အနေအထား

အအေးခန်းကုန်စည်ထောက်ပံ့သည့်ကွင်းဆက်ဆိုရာတွင် အပူချိန်ထိန်းသိမ်းထားသည့် ကုန်စည်ထောက်ပံ့သည့်ကွင်းဆက်ဖြစ်ပြီး အအေးခန်းများဖြင့် ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်းတို့ဖြစ်ကြပါသည်။ လိုအပ်သည့်အပူချိန်ကို ထိန်းထားလျက် အထောက်အကူပြုပစ္စည်းများနှင့် သယ်ယူပို့ဆောင်မှုများမှာလည်း အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်ပါသည်။

e-commence ကုမ္ပဏီများအတွက် ကုန်ကျစရိတ်လျှော့ချရန်နှင့် ပျက်စီးလွယ်သော ကုန်စည်များ၏ အရည်အသွေးမပျက်စီးစေရန် အအေးခန်းကုန်စည်ထောက်ပံ့ပို့ ဆောင်ရေးကွင်းဆက်မှာ မရှိမဖြစ်ဖြစ်ပါသည်။ သဘောသဘာဝအားဖြင့် အွန်လိုင်းမှ လတ်ဆတ်သောအစားအစာများ ဝယ်ယူမှုများ တိုးတက်လာပါက အအေးခန်း သယ်ယူပို့ဆောင်မှုများ၊ သိုလှောင်ခြင်းနှင့် အခြားလုပ်ငန်းပိုင်းများတွင် ရင်းနှီးမြှုပ်နှံမှုများလည်း တိုးလာမည်ဖြစ်ပါသည်။

လတ်ဆတ်သောအစားအစာများကို အွန်လိုင်းမှရောင်းချသည့် e-commence ကုမ္ပဏီများ၏ ကုန်ကျစရိတ်ပုံစံ၏အချိုးတွင် ထောက်ပို့သယ်ယူပို့ဆောင်ရေး ကုန်ကျ စရိတ်မှာ ကြီးမားသည့်အချိုးအစားအဖြစ် (၄၀) ရာခိုင်နှုန်းနီးပါး ပါဝင်ပါသည်။  အအေးခန်းကွန်ယက်၏ ဖွံ့ဖြိုးမှုအဆင့်က ၎င်းလုပ်ငန်းများ၏ လုပ်ငန်းလည်ပတ် သည့်ကုန်ကျစရိတ်နှင့် အမြတ်ရရှိနိုင်မှုကို ဆုံးဖြတ်ပေးပါသ်ည။

တရုတ်နိုင်ငံ၏ အအေးခန်းကွင်းဆက် ထောက်ပို့သယ်ယူပို့ဆောင်ရေးဈေးကွက်မှာ ၂၀၁၈ ခုနှစ်အတွင်း ယွမ်ငွေ (၂၉၅.၆) ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၁.၉ ဘီလီယံ) တန်ဖိုးရှိခဲ့ပြီး ၂၀၁၇ ခုနှစ်ကထက် (၁၈.၈) ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။ ၎င်းပမာဏသည် မြောက်အမေရိကရှိ အအေးခန်းကွင်းဆက် ထောက်ပို့သယ်ယူ ပို့ဆောင်မှုဈေးကွက်၏ ထက်ဝက်ခန့်ရှိသဖြင့် ကြီးမားသည်ဟု ဆိုနိုင်ပါသည်။ သို့ရာတွင် တရုတ်နိုင်ငံ၏ အအေးခန်းသိုလှောင်မှု အဆောက်အအုံများတည်ဆောက် ရေးတွင် နောက်ပြန်ဆွဲမှုများရှိနေဆဲ ဖြစ်ပါသည်။

၂၀၁၈ ခုနှစ်တွင် တရုတ်၏ မြို့ပြနေလူတစ်ဉီးလျှင် အအေးခန်းသိုလှောင်ရုံစွမ်းရည် မှာ (၀.၁၅၆) ကုဗမီတာမျှသာရှိပြီး ဖွံ့ဖြိုးပြီးနိုင်ငံများရှိ မြို့ပြနေလူတစ်ဉီးလျှင် အအေးခန်းသိုလှောင်ရုံစွမ်းရည်မှာ (၀.၅) ကုဗမီတာအောက် များစွာနည်းပါးသေး ကြောင်းတွေ့ရပါသည်။

ထို့ပြင် တရုတ်နိုင်ငံ၏ အအေးခန်းသိုလှောင်ရေးဈေးကွက်မှာ ပျံ့ကြဲနေပြီး ဝယ်လိုအားတက်လာသလောက် အာရုံစိုက်ဆောင်ရွက်နိုင်မှုအချိုး နည်းပါးနေပါသေးသည်။ အအေးခန်းသိုလှောင်ရုံများမှာ တရုတ်အရှေ့ဘက်ရှိ မြို့တော်ကြီးများသို့သာ အဓိက ဖြန့်ဖြူးပေးနိုင်ပြီး တစ်နိုင်ငံလုံး၏ အအေးခန်းသိုလှောင်မှုစွမ်းရည်၏ (၃၆) ရာခိုင်နှုန်းခန့် ပါဝင်ပါသည်။

မကြာသေးမီက Bain & Company မှ ထုတ်ပြန်ခဲ့သောအစီရင်ခံစာအရ တရုတ်ရှိ စုစုပေါင်းအသားဖြန့်ဖြူးမှုတွင် အအေးခန်းကုန်စည်ပို့ဆောင်မှုကွင်းဆက်က ပါဝင် ဆောင်ရွက်နိုင်သည်မှာ (၄၀) ရာခိုင်နှုန်းမျှသာရှိကြောင်း၊ ဉရောပတွင် (၉၀) ရာခိုင်နှုန်း ကျော် ပါဝင်ကြောင်း၊ တရုတ်တွင် အေးခဲထားသော အသားများဖြန့်ဖြူးရာ၌ အအေးခန်းထောက်ပို့သယ်ယူပို့ဆောင်ရေးလုပ်ငန်းများမှ ပါဝင်ဆောင်ရွက်မှုမှာ (၅၀) ရာခိုင်နှုန်းအောက် နည်းပါးကြောင်း၊ ဉရောပတွင် (၉၀) ရာခိုင်နှုန်းကျော်ရှိကြောင်း သိရပါ သည်။

ထို့ပြင် Chinese Academy of Sciences မှသုတေသီ Zhou Yuan ၏လေ့လာချက်အရ တရုတ်ရှိ အအေးခန်းထဲ ကြိုတင်ထည့်ထားသည့် သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်ဈေးကွက်၏ အချိုးအစားမှာ (၁၀) ရာခိုင်နှုန်းဝန်းကျင်သာရှိပြီး၊ ဖွံ့ဖြိုးပြီး ဉရောပနိုင်ငံများနှင့် အမေရိကန်တို့တွင် ပါဝင်မှုအချိုးမှာ (၉၅) မှ (၁၀၀) ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ ထိုကဲ့သို့ အအေးခန်းထောက်ပို့သယ်ယူရေးကွန်ယက်များဖွံ့ဖြိုးမှုအဆင့် နည်းပါးနေသေးသောကြောင့် နှစ်စဉ်သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်မှာ လေလွင့်ပျက်စီးရမှုမှာ ယွမ်ငွေဘီလီယံနှင့်ချီ၍ ရှိနေကြောင်း သိရပါသည်။

ထို့ကြောင့် မကြာသေးမီနှစ်များအတွင်း တရုတ်အစိုးရက နိုင်ငံ၏ အအေးခန်း ကုန်စည်ပို့ဆောင်ရေးကွင်းဆက်တည်ဆောက်မှုအား မြှင့်တင်ပေးရန် မူဝါဒများချမှတ် ဆောင်ရွက်ခဲ့ပါသည်။  တရုတ်နိုင်ငံသည် COVID-19 အလွန်တွင် e-commerce ဖြင့် လတ်ဆတ်သောအစားအစာများကို မှာယူမှုနှင့် တရုတ်စားသုံးသူများ၏ အရည်အသွေး ပိုမိုမြင့်မားသောအစားအစာများ ဝယ်ယူလိုမှုတို့အားမြှင့်တင်သွားရန် ရည်မှန်း၍ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထို့ကြောင့် အအေးခန်းကုန်စည်ပို့ဆောင်မှု ကွင်းဆက်ကွန်ယက်များ ပိုမိုခိုင်မာလာစေရေးနှင့် ကြီးမားသော အအေးခန်းကုန်စည်ထောက်ပံ့သယ်ယူပို့ဆောင်ရေး ကြားခံနေရာများဖြစ်ထွန်းလာရေးတို့အတွက် တွန်းအားပေးဆောင်ရွက်သွားရန် လိုအပ်နေပါသည်။

လုပ်ငန်းများတွင် စက်များအသုံးပြုရေး၊ မိတ်ဖက်ပြုရေးနှင့် ပေါင်းစည်းရေး

တရုတ်နိုင်ငံ၏  တိရိစ္ဆာန်မွေးမြူရေးလုပ်ငန်းစုတွင် တိရိစ္ဆာန်မွေးမြူခြင်း၊ သားသတ်ခြင်းနှင့် ထုတ်လုပ်ခြင်းလုပ်ငန်းစဉ်အများစုကို လူအင်အားဖြင့်ဆောင်ရွက်နေကြ ပါသည်။ သို့သော်လည်း COVID-19 ကပ်ရောဂါဖြစ်ပွားခဲ့စဉ်က လုပ်သားမရရှိနိုင်သော ကြောင့် ထုတ်လုပ်မှုမပြုနိုင်သည့် အခြေအနေနှင့် ကြုံတွေ့ခဲ့ရပါသည်။ တစ်နိုင်ငံလုံးတွင် ပျံ့ကြဲနေသော တိရိစ္ဆာန်မွေးမြူရေးကွင်းဆက်များကြောင့် ဝယ်လိုအားနှင့် ရောင်းလိုအားကြား၌ ကွာဟချက်ကြီးစွာဖြစ်ပေါ်ခဲ့ရပါသည်။

COVID-19 ရောဂါဖြစ်ပွားမှုအပြင် ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်ကြား၌ ဖြစ်ပွားခဲ့သည့် အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် ကမ္ဘာတစ်ဝှမ်းမှ ဝက်ကောင်ရေ စုစုပေါင်း၏ လေးပုံတစ်ပုံခန့်သေဆုံးခဲ့ရာ တရုတ်နိုင်ငံ၏ ဝက်သားဝယ်လိုအားကိုလည်း လုံလောက်စွာဖြည့်ဆည်းပေးနိုင်ခြင်း မရှိခဲ့ပါ။ ထိုကဲ့သို့ကြုံတွေ့ခဲ့ရသောကြောင့် အသေးစားမွေးမြူရေးလုပ်ငန်းရှင်များမှာ ဘဏ္ဍာရေးလိုအပ်မှုများကြောင့် ရုန်းကန်ကြိုးစားနေရသော်လည်း အကြီးစားထုတ်လုပ်သူများက လုပ်ငန်းများ ဆက်လက်တိုးချဲ့ နေကြသည်ကို တွေ့ရပါသည်။ ထို့ကြောင့် တရုတ်အစိုးရအနေဖြင့် အကြီးစားလုပ်ငန်းကြီးများနှင့် အသေးစားလုပ်ငန်းများ မိတ်ဖက်ပြုဆောင်ရွက်နိုင်စေရန် မူဝါဒများ ချမှတ်ဆောင်ရွက်ပေးနေပုံရပါသည်။

၂၀၂၀ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့တွင် ဈေးကွက်ထိန်းကျောင်းရေးအတွက် နိုင်ငံတော်စီမံခန့်ခွဲရေး (SAMR) က ဝက်မွေးမြူရန် ပုဂ္ဂလိကလုပ်ငန်းများအား ပံ့ပိုးကူညီပေးရန်နှင့် ဆက်နွယ်နေသည့်လုပ်ငန်းများ ဖွံ့ဖြိုးလာစေရန် အကောင်အထည်ဖော်ရေး ရွေးချယ်မှုများကို ကြေငြာခဲ့ပါသည်။ ထိုကြေငြာချက်၏ ရည်ရွယ် ချက်မှာ ပြည်နယ် သို့မဟုတ် ဒေသဈေးကွက်များတွင် လုပ်ငန်းကွင်းဆက်တိုးချဲ့ရန် ဝက်များမွေးမြူခြင်း၊ သားသတ်ခြင်းနှင့် ပြုပြင်ထုတ်လုပ်ခြင်းတို့တွင် အကြီးစား ကုမ္ပဏီကြီးများ ဉီးဆောင်လာရေး တိုက်တွန်းအားပေးရန်ဖြစ်ပါသည်။ (ဝက်များမှာ စားသုံးရန်အတွက် သားသတ်ရန် ပြည်တွင်း၌ မွေးမြူထားသောဝက်များကို ဆိုလိုပါသည်။)

၎င်းကြေငြာစာအရ အကြီးစားဝက်မွေးမြူရေးကုမ္ပဏီများသည် ၎င်းတို့၏ မွေးမြူရေးခြံများအနီးတွင် သားသတ်ရုံများတည်ထောင်ရန်  လမ်းညွှန်ရမည်ဖြစ်ပြီး သားသတ်သည့်ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ ကုန်စည်တည်ဆောက်မှုပုံစံအား တိုးတက်စေရန် ပြုပြင်ထုတ်လုပ်သည့်လုပ်ငန်းစဉ်များအား ဖွံ့ဖြိုးခြင်း သို့မဟုတ် ဘေးထွက်ကုန်ပစ္စည်းများ စတင်ထုတ်လုပ်ခြင်းတို့ကို ဖွံ့ဖြိုးဆောင်ရွက်နိုင်ပါသည်။

အကြီးစား ဝက်မွေးမြူရေးလုပ်ငန်းများအတွက် အစာကျွေးရန် စက်များ၊  အညစ်အကြေးသန့်စင်သည့်အသုံးအဆောင်များ ဝယ်ယူမှုအပေါ် အထောက်အပံ့များပေးခြင်းနှင့် မြေယာအသုံးပြုမှု လွယ်ကူစေရန် ဆောင်ရွက်ပေးခြင်း စသည့်မူဝါဒမက်လုံးများ ကိုလည်း ကြေငြာပေးထားပါသည်။

ထို့ပြင် COVID-19 ရောဂါနှင့် အာဖရိကဝက်အပြင်းဖျားရောဂါများဖြစ်ပွားပြီးနောက်  ဇီဝလုံခြုံရေးအရ ဝက်အရှင်များ တစ်နေရာမှတစ်နေရာသို့ ပို့ဆောင်ခြင်းထက် ဝက်သားကိုသာပို့ဆောင်ရန် နည်းလမ်းပြောင်းလဲလာသဖြင့် အအေးခန်းဖြင့်သိုလှောင်၍ ကုန်စည်ပို့ဆောင်မှုများကို အားပေးခြင်းဖြစ်ကြောင်း ကြေငြာချက်တွင် ဖော် ပြထားပါသည်။

အနာဂတ်တွင် တိရိစ္ဆာန်မွေးမြူရေးလုပ်ငန်းနှင့် အသားပြုပြင်ထုတ်လုပ်သော လုပ်ငန်းများကို မိတ်ဖက်ပြုပေါင်းစည်းလျက် ဈေးကွက်ဝေစုအား တိုးမြှင့်ရန်၊ အစာကျွေးခြင်းမှ သားသတ်ခြင်းအထိ လုပ်ငန်းစဉ်များအဆင့်ဆင့်တွင် စက်ပစ္စည်းများ အသုံးပြုလာစေရန် ကြိုးပမ်းသွားမည်ဟု သိရပါသည်။

ပိုမိုတင်းကြပ်လာသည့် စားသောက်ကုန်စိတ်ချလုံခြုံရေး စည်းမျဉ်းစည်းကမ်းများနှင့် အသက်ဝင်မှု

ဝူဟန်မြို့ တိရိစ္ဆာန်အရိုင်းများ ရောင်းချသည့်ဈေးမှ COVID-19 ရောဂါစတင်ဖြစ်ပွားသည်ကို တွေ့ရှိချိန်မှစ၍  တရုတ်နိုင်ငံက တောရိုင်းတိရိစ္ဆာန်များရောင်းချမှုကို တားမြစ်လိုက်ပြီးဖြစ်ပါသည်။ ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် တရုတ်နိုင်ငံ၏ တောရိုင်း တိရိစ္ဆာန်ကာကွယ်ရေးဉပဒေကို ပြင်ဆင်ရေးအတွက် ဆုံးဖြတ်ချက်အား အမျိုးသားပြည်သူ့ ကွန်ဂရက်က ချမှတ်ခဲ့ပါသည်။

လက်တွေ့တွင် ဒေါ်လာဘီလီယံနှင့်ချီသည့် တောရိုင်းတိရိစ္ဆာန်ရောင်းချသည့်လုပ်ငန်းကို အဆုံးသတ်ရန်မှာ လွယ်ကူလှသည်မဟုတ်ပါ။ သို့သော်ငြားလည်း တိရိစ္ဆာန်မှ ကူးစက်သောရောဂါများကိုတားဆီးရန် တိရိစ္ဆာန်အရှင်များကို ကုန်သွယ်ရောင်းချ စားသုံးမှုအား ရာသက်ပန်ပိတ်ပင်သွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။

ထိုကဲ့သို့ တိရိစ္ဆာန်အရိုင်းများအား ကာကွယ်ပြီး စားသောက်ကုန်စိတ်ချလုံခြုံစေရန် ဆောင်ရွက်မှုအား တိုးမြှင့်သည့်နည်းတူ ပိုမိုတင်းကြပ်သော စားသောက်ကုန် စိတ်ချလုံခြုံရေး စည်းမျဉ်းစည်းကမ်းများဖြင့် အနာဂတ်၌ တရုတ်နိုင်ငံတွင် အဆင့်မြင့် စားသောက်ကုန် စိတ်ချလုံခြုံရေးစံချိန်စံညွှန်းများနှင့် ပိုမိုရှေ့တန်းရောက်သော အစားအစာခြေရာခံနှင့် နှိုးဆော်သည့်စနစ်များကို တည်ဆောက်သွားရန်ရှိပါသည်။

မတ်လ (၁၈) ရက်နေ့တွင် ထပ်မံထုတ်ပြန်ချက်အရ အအေးပေးထားသော၊ အေးခဲထားသော အစားအသောက်များကို သယ်ယူပို့ဆောင်ပေးသည့်၊ သိုလှောင်သည့် မည်သူမဆို ၎င်းကုန်ပစ္စည်းများကို ဉပဒေ၊ လုပ်ထုံးလုပ်နည်းများ သို့မဟုတ် စားသောက်ကုန် စိတ်ချလုံခြုံရေး စံချိန်စံညွှန်းများဖြင့် ကိုက်ညီခြင်းမရှိဟု သံသယရှိပါက ဒေသဆိုင်ရာ ဈေးကွက်ထိန်းကျောင်းသူများထံသို့ အကြောင်းကြားရန် လိုအပ်ကြောင်း သိရပါသည်။

အသားမပါသောအသားတုများအတွက် အခွင့်အလမ်းများ

COVID-19 ရောဂါ၊ ကြက်ငှက်တုပ်ကွေးရောဂါနှင့် ဝက်အပြင်းဖျားရောဂါများ ဖြစ်ပွားလာမှုကြောင့် ကမ္ဘာတစ်ဝှမ်းရှိ လူသားများက ၎င်းတို့၏ စားသောက်မှုပုံစံအား ပြန်လည်စဉ်းစားဆင်ခြင်လာကြကာ အသားအစား အသားဓာတ်ပါဝင်သည့် အခြားအစားအစာများကိုစားသုံးရန် ထည့်သွင်းစဉ်းစားလာကြသဖြင့် အသားတုထုတ် လုပ်သော လုပ်ငန်းများအတွက် အခွင့်အလမ်းအသစ်များ ထွက်ပေါ်လာပါသည်။

အမေရိကန်နေ ပြည်သူများက အသားတုများကို အလုအယက်ဝယ်ယူလာကြသောကြောင့် မတ်လ (၁၆) ရက်နေ့တွင် အမေရိကန်မှ အသားတုထုတ်လုပ်သော Impossible Foods ကုမ္ပဏီက ၎င်းကုမ္ပဏီ၏ ရန်ပုံငွေထဲသို့ အမေရိကန်ဒေါ်လာ သန်း (၅၀၀) ထည့်သွင်းလိုက်ပါသည်။  ၎င်းနေ့မတိုင်မီ မတ်လ (၁၂) ရက်နေ့တွင် ရှန်းကျန့်အခြေစိုက် Starfield အမည်ရှိ တရုတ်စားသောက်ကုန်နည်းပညာကုမ္ပဏီက တရုတ်ယွမ်ငွေ မီလီယံပေါင်းများစွာကို ရင်းနှီးမြှုပ်နှံမှုပြုထားကြောင်း ကြေငြာ ခဲ့ပါသည်။

တရုတ်နိုင်ငံ၏ စားသောက်ကုန်စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများနှင့် မြင်နိုင်စွမ်းမရှိသည့် စားသောက်ကုန်ယဉ်ကျေးမှုတို့ကြောင့် နိုင်ငံခြားစက်ရုံအခြေ ပြု အသားထုတ်လုပ်သူများမှာ တရုတ်နိုင်ငံ၏ အသားဈေးကွက်သို့ ဝင်ရောက်ရန် နိုင်ငံရေးဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာအခက်အခဲများနှင့် ရင်ဆိုင်နေရဆဲဖြစ်ပါ သည်။ သို့ရာတွင် COVID-19 ဖြစ်ပွားခဲ့မှုက အသားအစားထိုး အသားထုတ်လုပ်မှုတွင် ရင်းနှီးမြှုပ်နှံမည့်သူများ၏ စိတ်ဝင်စားမှုကို တိုးတက်လာစေခဲ့ပြီး အသားစက်ရုံများ အခြေပြု၍ ထုတ်လုပ်သူများမှာ ဈေးကွက်အတွင်းဝင်ရောက်ရန် ယုံကြည်မှုများ ပိုမိုရရှိလာလျက်ရှိပါသည်။

တရုတ်နိုင်ငံ၏ လတ်ဆတ်အစားအစာနှင့် အေးခဲကွင်းဆက်လုပ်ငန်းအပေါ် ကပ်ရောဂါ၏အလုံးစုံသက်ရောက်မှုများကို ဆုံးဖြတ်ရန်စောနေသေးသော်လည်း လုပ်ငန်းများအနေဖြင့် လက်ရှိရေတိုစီမံဆောင်ရွက်မှုများကို အခြေပြုလျက် ရေရှည် မဟာဗျူဟာ များအား ပြင်ဆင်သွားရန် စဉ်းစားသင့်ကြပါသည်။

တရုတ်နိုင်ငံ၏ စည်းမျဉ်းစည်းကမ်းများ ပိုမိုတင်းကြပ်လာသောကြောင့် စားသောက်ကုန်ထုတ်လုပ်သူများအနေဖြင့် စားသောက်ကုန်စိတ်ချလုံခြုံစေရေးနှင့် အရည်အသွေးထိန်းချုပ်ရေးတို့အား တိုးတက်စေရန် နည်းပညာများအဆင့်မြှင့်တင်ရန် အကြံပြုလို ပါသည်။ ယခုအချိန်မှာ ပြောင်းလဲလာသော စားသုံးသူများ၏ မျှော်မှန်း ချက်များနှင့် ပိုမိုတင်းကြပ်လာသော ဈေးကွက်တို့၌ ရှင်သန်ရပ်တည်ရန် လုပ်ငန်းများ ပြောင်းလဲဆောင်ရွက်သွားရမည့်အချိန်ကောင်းပင်ဖြစ်ပါသည်။

 

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ China Briefing  (၈-၄-၂၀၂၀)

Category: China(Nanning)