China(Nanning)

COVID-19 ကပ်ရောဂါကာလအတွင်း အမျိုးသမီးစားသုံးသူများ အွန်လိုင်းပေါ်မှ ပိုမိုဈေးဝယ်လာ

Last Updated:

တရုတ်နိုင်ငံတွင် COVID-19 ကပ်ရောဂါဖြစ်ပွားခဲ့မှုက အမျိုးသမီးစားသုံးသူ သန်းပေါင်းများစွာတို့၏ ဝယ်လိုအားကို မြှင့်တင်လိုက်သကဲ့သို့ဖြစ်လာပါသည်။ အထူးသဖြင့် အမျိုးသမီးထု၏ အွန်လိုင်းပေါ်မှ ဈေးဝယ်ယူမှုအားမှာ ယွမ်ငွေဘီလီယံနှင့်ချီရှိ၍ စားသုံးမှုကို အဆင့်မြှင့်လိုက်သည့်သဖွယ်ဖြစ်လာပါသည်။

ယခုကဲ့သို့ e-Commerce၏ ဖွံ့ဖြိုးမည့်အလားအလာများ အပြည့်အဝအကောင် အထည်ပေါ်လာခြင်းကြောင့် ရောဂါကာကွယ်ရေးသုံးပစ္စည်းများအပါအဝင် ကျန်းမာရေး စောင့်ရှောက်မှုပစ္စည်းများ၊ အိမ်သုံး မရှိမဖြစ်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ အရုပ်ကဲ့သို့ ကလေးကစားစရာများနှင့် သင်ထောက်ကူပစ္စည်များ၊ မွေးစအရွယ်ကလေး သူငယ်သုံး ပစ္စည်းများ၊ ဖက်ရှင်ကျသည့် အဝတ်အစားများနှင့် အလှကုန်များမှာ အမျိုးသမီးများက အိမ်တွင်နေရင်း အများဆုံးဝယ်ယူကြသည့်ပစ္စည်းများဖြစ်လာပါသည်။

ထို့ပြင် အမျိုးသမီးများက အိမ်တွင်းအောင်းနေရစဉ်ကာလများအတွင်း စိတ်ထွက်ပေါက်အဖြစ် ကျန်းမာရေးလိုက်စားလာကြကာ အွန်လိုင်းပေါ်မှ အားကစား Appများကိုရယူကြကာ အိမ်တွင်းလေ့ကျင့်ခန်းများပြုလုပ်ကြသဖြင့်  အားကစားအထောက် အကူပြု ပစ္စည်းများ၊ အားကစား အဝတ်အထည်များ၊ အရေပြားပြုပြင်ထိန်းသိမ်းသည့် ပစ္စည်းများ၏ ရောင်းအားများလည်းတက်လာပါသည်။  ထို့ပြင် Nintendo အမျိုးအစား လက်ကိုင်ဂိမ်းစက်များနှင့် tablet ကွန်ပျူတာများ၏ ရောင်းအားများမှာ (၂၉၅) ရာခိုင်နှုန်းနှင့် (၅၀) ရာခိုင်နှုန်းအသီးသီးတက်ခဲ့ပါသည်။

ထို့ပြင် မိမိတို့၏ ကလေးများအတွက် အရုပ်များနှင့် တေးဂီတဆိုင်ရာ အသုံးအဆောင်များ၊ ဖျော်ဖြေရေးအထောက်အကူများနှင့် နို့မှုန့်များကို  ဝယ်ယူကြရာ ဇန်နဝါရီ လ (၂၀)ရက်နေ့နှင့် ဖေဖော်ဝါရီလ (၁၀)ရက်နေ့ကြားတွင် (၁၄၄၀)ရာခိုင်နှုန်း၊ (၁၁၀၂) ရာခိုင်နှုန်းနှင့် (၁၀၆) ရာခိုင်နှုန်းအသီးသီးမြင့်တက်ခဲ့သည်ကို တွေ့ရပါသည်။

ယခုနှစ်၊ ဖေဖော်ဝါရီလအတွင်း လက်ကိုင်ဖုန်းများမှ ဈေးဝယ်ယူကြသည့် အမျိုး သမီးဉီးရေ နှစ်စဉ်တိုးတက်မှုနှုန်းမှာ (၈)ရာခိုင်နှုန်းရှိလာပါသည်။ အထူးသဖြင့် COVID-19  ကပ်ရောဂါဖြစ်ပွားစဉ်ကာလအတွင်း ပိုမိုတိုးပွားလာခြင်းဖြစ်ပါသည်။ ထိုကာလအတွင်း အွန်လိုင်းပေါ်မှ ဈေးဝယ်သူအမျိုးသမီးတစ်ဉီးလျှင် နေ့စဉ်ပျမ်းမျှ (၇) နာရီနီးပါးခန့် e-Commerce Appများ အသုံးပြုခဲ့သည်ဟု သိရပါသည်။ မကြာသေးမီလများ အတွင်း ယခုကဲ့သို့ တရုတ်၏ e-Commerceဖောက်သည် များအနက် အလယ်အလတ်မှ အထက်တန်းအထိ ဝင်ငွေရှိသော အမျိုးသမီးထု၏ ဝယ်လိုအား တက်လာရာ လူတစ်ဉီးချင်း စိတ်ဝင်စားသည့် ကုန်စည်များနှင့် ဝန်ဆောင်မှု အမျိုးအစားများ ကွဲပြားလာပါသည်။ 

၁၉၈၀ ခုနှစ်နှင့် ၁၉၉၀ ခုနှစ်ကြားတွင် မွေးဖွားကြသော အမျိုးသမီးအများစုတို့မှာ  Wehat၊ Weibo နှင့် အခြားလူမှုကွန်ယက်များတွင် မိမိတို့၏ ဓာတ်ပုံများကို မျှဝေရန် နှစ်သက်ကြပြီး၊ ၎င်းတို့၏ မိတ်ဆွေသူငယ်ချင်းများ၏ အကြံပြုထောက်ခံချက်များပေါ် အခြေခံ၍ ကုန်ပစ္စည်းများကို ဝယ်ယူလေ့ရှိကြပါသည်။  Xiaohongshu ဟုလူသိများသော Redနှင့် Meiyou ကဲ့သို့ လူမှုကွန်ယက်ဆိုင်ရာ e-Commerce Appများတွင် ၁၉၉၀ ပြည့်နှစ် များအတွင်းမွေးဖွားခဲ့ကြသော အမျိုးသမီးများအကြား  ဆွဲဆောင်ရောင်းချမှု ခေတ်စား နေပါသည်။

ကပ်ရောဂါအမြင့်ဆုံးဖြစ်ပွားနေချိန်၌ပင် Red App ပေါ်တွင် အလှကုန်ရောင်းချမှု တိုးတက်နှုန်းမှာ တည်ငြိမ်နေခဲ့ပြီး မိတ်ကပ်နှင့် အရေပြားပြုပြင်ထိန်းသိမ်းသည့်ပစ္စည်းများ ကို အွန်လိုင်းပေါ်မှ ရှာဖွေမှုနှုန်းမှာ (၇၄) ရာခိုင်နှုန်းနှင့် (၁၂၆)ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ပါသည်။ နွေဉီးရာသီ ပိတ်ရက်အတွင်း Red App၏ နေ့စဉ်အသုံးပြုသူတိုးတက်မှုနှုန်းမှာ (၃၅) ရာခိုင်နှုန်းရှိခဲ့ပြီး၊ မတ်လ (၈) ရက်နေ့က အလီဘာဘာအုပ်စုမှ ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အွန်လိုင်းဈေးရောင်းပွဲတော်တွင် အလှကုန် တံဆိပ်ပေါင်း (၂) သောင်းကျော်က ၎င်းတို့၏ အလှကုန်များကို ဈေးချ၍ရောင်းချခဲ့ကြရာ ရောင်းအား အလွန်တက်ခဲ့သည်ကို တွေ့ရပါသည်။

၎င်းပွဲတော်အတွင်း Taobao မှ ရောင်းချသူများက livestreaming များပြုလုပ်၍ ရောင်းချခဲ့ရာ ယခင်နှစ်ကထက် ရောင်းအား (၂၆၄) ရာခိုင်နှုန်းမြင့်တက်ခဲ့ပါသည်။ ကျဲ့ကျန်း ပြည်နယ် ၊ ဝမ်းကျိုးမှ ဖိနပ်ထုတ်လုပ်သူ Red Dragonfly ကလည်း livestreaming ပေါင်း (၄၀၀)ကျော်ထုတ်လွှင့်လျက် ရောင်းချခဲ့ရာ (၉) ရက်အတွင်း နေ့စဉ်ရောင်းရငွေ ယွမ် (၁)သန်းကျော် ရရှိခဲ့ပါသည်။

အသက် (၄၀) မှ (၅၉) နှစ်ကြား အမျိုးသမီးထုမှာ အိမ်၌ ချက်ပြုတ်ရန်နှင့် ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုနှင့်စပ်လျဉ်းသည့် ပစ္စည်းများဝယ်ယူရန် ပိုမိုစိတ်ဝင်စားကြပါသည်။ ထို့ပြင်အိမ်တွင် စိုက်ပျိုးထုတ်လုပ်သော ကုန်အမှတ်တံဆိပ်များကိုလည်း ပိုမိုဝယ်ယူလို လာကြပါသည်။

ခြုံငုံ၍သုံးသပ်ရပါက တရုတ်အမျိုးသမီးများသည် တရုတ်အမျိုးသားများထက် အိမ်အသုံးအဆောင်မှစ၍ စမတ်နည်းပညာသုံး စပီကာ၊ အိမ်သုံး အဆင့်မြင့်ရုပ်မြင်သံကြား စက်စသည်တို့အထိ ပိုမိုဝယ်လိုအားမြင့်သည်ကို တွေ့ရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်း)

ရင်းမြစ်၊ China Daily  (၁၁-၅-၂၀၂၀)

Category: China(Nanning)