Singapore

COVID-19 ကို ရင်ဆိုင်နိုင်ရန် စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူများအတွက် စတုတ္ထအကြိမ်မြောက် အထောက်အပံ့ပေးမည့်အစီအမံကို မေလ ၂၆ ရက်နေ့တွင် ကြေညာမည်

Last Updated:

COVID-19 ကာလအတွင်း ပေါ်ပေါက်လာသော စိန်ခေါ်မှုများအား စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူများအနေဖြင့် ဆက်လက်ရင်ဆိုင်သွားနိုင်ရန်အတွက် အထောက် အကူပြုမည့်အစီအမံကို စင်ကာပူနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ Mr Heng Swee Keat က ပါလီမန်၌ မေလ ၂၆ ရက်နေ့တွင် ကြေညာပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

စင်ကာပူတွင် COVID - 19 ရောဂါကူးစက်မှုလမ်းကြောင်းကို ဖြတ်တောက်နိုင်ရန်အတွက် မရှိမဖြစ်လိုအပ်သောလုပ်ငန်းများမှလွှဲ၍ အခြားလုပ်ငန်းများနှင့် ကျောင်းများကို ရပ်နားစေပြီး အများပြည်သူ၏ သွားလာလှုပ်ရှားမှုများကို ထိန်းချုပ်လိုက်သည့် Circuit Breaker အစီအမံကို ဧပြီလ ၇ ရက်နေ့တွင် စတင်ခဲ့ပါသည်။ မူလသတ်မှတ်ထားသော Circuit Breaker ကာလကုန်ဆုံးမည့် မေလ ၄ ရက်နေ့မတိုင်မီ နိုင်ငံခြားလုပ်သားများနေထိုင်သောအဆောင်များ၌ ရောဂါကူးစက်မှုနှုန်း မြင့်တက်လာခြင်းနှင့် အများပြည်သူအကြား ရောဂါကူးစက်မှုအရေအတွက်မှာလည်း ကျဆင်းသွားခဲ့ခြင်းမရှိသောအခြေအနေတို့ကြောင့် Circuit Breaker ကာလကို ဇွန်လ ၁ ရက်နေ့ အထိထပ်မံတိုးမြှင့်သတ်မှတ်ခဲ့ပါသည်။

မေလ ၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့သော COVID-19 ဆိုင်ရာ ဝန်ကြီးဌာနပေါင်းစုံလုပ်ငန်းအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် လက်ရှိအခြေအနေမှာ နိုင်ငံခြားလုပ်သားများ နေထိုင်သောအဆောင်များတွင် ရောဂါကူးစက်မှုသည် တည်ငြိမ်မှုရှိလာပြီး ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ထို့ပြင်နေ့စဉ် အများပြည်သူအကြား ရောဂါကူးစက်ခံရသူ အရေအတွက်မှာလည်း သိသိသာသာကျဆင်းလာခဲ့ပြီဖြစ်ကြောင်း၊ သို့ရာတွင် Circuit Breaker ကာလကုန်ဆုံးမည့် ဇွန်လ ၁ ရက်နေ့နောက်ပိုင်း၌ ရောဂါဖြစ်ပွားမှု မတိုင်မီကာလအတိုင်း ပုံမှန်အခြေအနေသို့ ချက်ချင်းပြန်ရောက်ရှိနိုင်မည် မဟုတ်ကြောင်း၊ ရောဂါပြန့်ပွားမှု ဒုတိယလှိုင်းထပ်မံမဖြစ်ပေါ်လာစေရေးအတွက် အထူးဂရုပြု၍ ဆောင်ရွက်သွားရမည်ဖြစ်သောကြောင့် ဇွန်လ ၁ ရက်နေ့နောက်ပိုင်းတွင် နိုင်ငံအတွင်းရှိ စီးပွားရေးနှင့်လူမှုရေး ဆောင်ရွက်မှုများကို  အဆင့် (၃) ဆင့်ဖြင့် တဖြည်းဖြည်းချင်းသာ ပြန်လည်ဆောင်ရွက် ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ ပထမအဆင့်အနေဖြင့် ရောဂါကူးစက်နိုင်မှုအန္တရာယ်နည်းပါးသော စီးပွားရေးနှင့်လူမှုရေး ဆောင်ရွက်ချက်များကို  ခွင့်ပြုပေးသွားမည်ဖြစ်ပြီး ဤအဆင့်သည် ဇွန်လ ၂ ရက်နေ့မှစ၍ ရက်သတ္တပတ်အနည်းငယ်အထိ ကြာမြင့်နိုင်ကြောင်း၊ ရောဂါကူးစက်မှု ကျဆင်းသွားသည့် အခြေအနေအပေါ်မူတည်၍ ဒုတိယအဆင့်အဖြစ် လက်လီအရောင်းဆိုင်များဖွင့်လှစ်ခွင့်ပြုခြင်း၊ စားသောက်ဆိုင်များတွင် စားသုံးခွင့်ပြုခြင်း၊ ကျူရှင်/သင်တန်းများဖွင့်လှစ်ခွင့်ပြုခြင်း၊ လူနည်းစုဖြင့် လူမှုရေးဆောင်ရွက်ချက်များ ပြုလုပ်ခွင့်ပြုခြင်းစသည်တို့ကို ခွင့်ပြုပေးသွားမည်ဖြစ်ပြီး ဤအဆင့် တွင် လအတန်ငယ်ကြာမြင့်နိုင်ကြောင်း၊ ထို့နောက် ထိရောက်သောရောဂါကုသဆေး သို့မဟုတ် ကုသမှုဖော်ထုတ်အသုံးပြုလာနိုင်သောအချိန်အထိ နောက်ဆုံးအဆင့် (၃) အနေဖြင့် သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဤကာလအတွင်း စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး စသည့် လူစုလူဝေးပွဲများကို လူဦးရေကန့်သတ်ချက်ဖြင့်သာ ဆောင်ရွက် ခွင့်ပြုသွားမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားထားပါသည်။

မေလ ၂၆ ရက်နေ့တွင် ပါလီမန်၌ ကြေညာပေးမည့် စတုတ္ထအကြိမ်မြောက် အထောက် အပံ့ပြုရေးအစီအမံတွင် စင်ကာပူနိုင်ငံသားများအတွက် မည်သို့သော ပံ့ပိုးမှုများ ကိုမျှော်လင့်နိုင်မည် နှင့်စပ်လျဉ်း၍ မီဒီယာများ၏ မေးမြန်းမှုအပေါ် Circuit Breaker ကာလကုန်ဆုံးမည့် ဇွန်လ ၂ ရက်နေ့မှစ၍ စီးပွားရေးနှင့်လူမှုရေး ဆောင်ရွက်ချက် များကို အဆင့် (၃) ဆင့်ဖြင့် တဖြည်းဖြည်း ဖြေလျှော့ဆောင်ရွက်ခွင့်ပြုပေးသွားမည်ဖြစ်၍ အထူးသဖြင့် ပထမအဆင့်ကာလအတွင်း လုပ်ငန်းဆောင်ရွက်ခွင့် မရရှိသေးသော လုပ်ငန်းများအတွက် အထောက်အပံ့ပြုမည့်အစီအစဉ်များ ပါဝင်လာမည်ဖြစ်ကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနဝန်ကြီး Mr Lawrence Wong က ဖြေကြားခဲ့ပါသည်။

စင်ကာပူသည် COVID - 19 ၏ ဆိုးရွားသော ဂယက်ရိုက်ခတ်မှုများအပေါ် ဒူပေနာပေ ခံနိုင်မှုရှိစေရန်အတွက် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ပထမအကြိမ်အဖြစ် စင်ကာပူဒေါ်လာ ၆.၄ ဘီလီယံတန်ဖိုးရှိသော ဘတ်ဂျက်အစီအမံ၊ မတ်လ ၂၆ ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် စင်ကာပူဒေါ်လာ ၄၈.၄ ဘီလီယံတန်ဖိုးရှိသော သမိုင်းမှတ်တမ်းတင်ရမည့် ဘတ်ဂျက်အစီအမံနှင့် ဧပြီလ ၆ ရက်နေ့တွင် တတိယအကြိမ်မြောက် စင်ကာပူဒေါ်လာ ၅.၁ ဘီလီယံတန်ဖိုးရှိသော ဘတ်ဂျက်အစီအမံ တို့ဖြင့် စုစုပေါင်း စင်ကာပူဒေါ်လာ ၅၉.၉ ဘီလီယံ (GDP ၏ ၁၂ ရာခိုင်နှုန်း) ဖြင့် ထောက်ပံ့ကူညီပေးလျက်ရှိပါသည်။ ဤဘတ်ဂျက်အစီအမံများကြောင့် ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက်လိုငွေ စင်ကာပူဒေါ်လာ ၄၄.၃ ဘီလီယံ (GDP ၏ ၈.၉ ရာခိုင်နှုန်း) ပေါ်ပေါက်နိုင်ပြီး၊ ယခင်အစိုးရသက်တမ်းအတွင်း နိုင်ငံတော်၏ သီးသန့်ရန်ပုံငွေမှ စင်ကာပူဒေါ်လာ ၂၁ ဘီလီယံကို ထုတ်ယူသုံးစွဲသွားရမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)              

 သတင်းရင်းမြစ် ။    ။ The Business Times, www.singaporebudget.gov.sg

 

Category: Singapore