China(Nanning)

COVID-19 ကြောင့် စားသောက်ဆိုင်များကြုံတွေ့ရသည့်စိန်ခေါ်မှုများနှင့် စားသုံးမှုပုံစံ ပြောင်းလဲလာသည့် တရုတ်နိုင်ငံ

Last Updated:

တရုတ်နိုင်ငံ၌ ကိုရိုနာကူးစက်ရောဂါပျံ့နှံ့ဖြစ်ပွားမှုမှပြန်လည်တည်ငြိမ်လာချိန်တွင် စားသောက်ဆိုင်များအား ပြန်လည်ဖွင့်လှစ်စေရာ လာရောက်စားသုံးသူများနှင့် ဝန်ဆောင်မှုပေးသူများအကြား ထိတွေ့မှုနည်းပါးစေရန်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်စေရာတွင် ဆိုင်အဝင်အထွက်အား QR code များဖြင့် မှတ်တမ်း တင်စေခြင်း၊ အစားအစာမှာယူရာတွင် စားသောက်ဆိုင်၏ အစားအစာစာရင်းအား code scanဖတ်ကာ မိမိဖုန်းမှပင် ကြည့်ရှုမှာယူခြင်းနှင့် ငွေပေးချေရာတွင် မိုဘိုင်းလ် ဖုန်းမှ ငွေပေးချေမှုစနစ်အား ကျင့်သုံးခြင်းတို့ပါဝင်ပါသည်။  ဤသို့ဆောင်ရွက်စေမှုက စားသောက်ဆိုင်များရှိ လုပ်သား အင်အား၏ (၅)ရာခိုင်နှုန်းခန့်ကို သက်သာစေပြီး၊ ဝင်ငွေနည်းပါးနေချိန်တွင် စားသောက်ဆိုင်များအား အထောက်အကူဖြစ်စေကြောင်း သိရပါသည်။

တရုတ်နိုင်ငံ၌ COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ထိခိုက်နစ်နာမှုများရှိနေချိန်အတွင်း အစားအစာချက်ပြုတ်ပြင်ဆင်ရောင်းချသည့်လုပ်ငန်းကဏ္ဍအား အံဝင်ခွင်ကျ ဖြစ်စေရေး ပြန်လည်ပုံဖော်လျက်ရှိပါသည်။ စားသောက်ဆိုင်ပိုင်ရှင်များမှာ ကုန်ကျစရိတ် အားထိန်းချုပ်ရန် ၊  ဆိုင်ပြင်ပသို့ မှာယူစားသောက်ကြစေရန်နှင့် ဒစ်ဂျစ်တယ် ဈေးကွက်ရှာဖွေမှုများပြုလုပ်ရန် နည်းလမ်းများကို ရှာဖွေလျက်ရှိကြပါသည်။  ဆိုင်တွင် လာရောက်စားသုံးကြသူများနှင့် ဆိုင်ပြင်ပသို့ မှာယူစားသောက်ကြသူများ အကြား ဟန်ချက်ညီစေရန်လည်း ကြိုးပမ်းလျက်ရှိကြပါသည်။ မမျှော်မှန်းနိုင်သည့် ဆုံးရှုံးနိုင်ခြေများအား အနည်းဆုံးဖြစ်စေရန် ၎င်းလုပ်ငန်းကဏ္ဍအား ပိုမိုစံချိန်စံညွှန်း ထားဆောင်ရွက်လာနိုင်ကာ၊ လုပ်ငန်းလုပ်ပိုင်ခွင့်များပေးရန် ဉီးတည်ဆောင်ရွက်လာနိုင်ကြောင်း၊ စံချိန်စံညွှန်းမြင့်မားသော အမှတ်တံဆိပ်များကို မျက်နှာသာပေးသည့် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ မြင့်လာ နိုင်ကြေင်း ဈေးကွက်လေ့လာသူသုတေသီတစ်ဉီးဖြစ်သည့် Hu Hanက သုံးသပ်ထားပါသည်။

China Hospitality Association မှ ထုတ်ပြန်သည့် အစီရင်ခံစာအရ တရုတ်နိုင်ငံရှိ စားသောက်ဆိုင်များ၏ (၈၀) ရာခိုင်နှုန်းနီးပါးကို မတ်လအတွင်း ပြန်လည်စတင် လည်ပတ်ခဲ့ကြကာ၊ စားသောက်ဆိုင်ဈေးကွက် ပြန်လည်နာလန်ထူလာသော်လည်း ဆိုင်ပိုင်ရှင်များမှာမူ ဖိစီးမှုများအောက်တွင် ရှိနေဆဲဖြစ်ကြောင်းသိရပါသည်။  အထူးသဖြင့် ဆိုင်ပိုင်ရှင်များမှာ လုပ်သားများ၏ လစာ၊ ဆိုင်ငှားရမ်းခနှင့် ကုန်ကြမ်းစရိတ်များ တက်လာခြင်းတို့နှင့် ရင်ဆိုင်နေရပါသည်။

ဉပမာအားဖြင့် စီချွမ်းပြည်နယ်တွင် လူကြိုက်အများဆုံးဖြစ်သော အမဲသားနှင့် ငရုတ်သီးတို့၏ ဈေးနှုန်းများမှာ ပြည်ပမှသွင်းကုန်များ လျော့နည်းသွားသောကြောင့် ကပ်ရောဂါမဖြစ်ပွားမီကထက် ပိုမိုမြင့်တက်သွားပါသည်။  အလားတူပင် လေယာဉ်ပြေးဆွဲမှုများ လျော့ကျသွားသောကြောင့် ဂျပန်စားသောက်ဆိုင်များတွင် အသုံးပြု သည့် လတ်ဆတ်သောပင်လယ်စာသွင်းကုန်များ၏ ဈေးနှုန်းများမှာလည်း မြင့်တက်လာပါသည်။

လက်ရှိအချိန်တွင် လူအများက ကပ်ရောဂါကို ကြောက်လန့်နေကြဆဲဖြစ်သဖြင့် ပြင်ပသို့အစားအစာများမှာယူစားသောက်ကြရာမှ ရရှိသောဝင်ငွေမှာ စားသောက်ဆိုင် များအတွက်အဓိကဖြစ်နေပါသည်။ ချန်ဒူးပြည်နယ်ရှိ ဟော့ပေါ့စားသောက်ဆိုင်တစ်ခုတည်းမှာပင် နေ့စဉ်အမှာစာပေါင်း (၂) ထောင်ခန့် ရရှိလျက်ရှိပါသည်။ နာမည် ကောင်းဖြင့် အချိန်ကာလကြာမြင့်စွာရပ်တည်နေသော စားသောက်ဆိုင်ကြီးများမှာလည်း ၎င်းတို့၏ နာမည်ကျော်ဟင်းလျာများကို (စားသောက်သည့်အခါ ထပ်မံ ချက်ပြုတ်ရန်လိုအပ်သည့်) တစ်ဝက်တစ်ပျက်ချက်ပြုတ်ထားပြီးသည့်ပုံစံမျိုးဖြင့် ရောင်းချကာအရောင်းမြှင့်တင်လျက်ရှိပါသည်။  အချို့ဆိုင်များကလည်း လူမှုကွန်ယက် များပေါ်မှ livestreamingဖြင့် လွှင့်တင် ပြသကာ စားသောက်သူများကို ဆွဲဆောင်လျက်ရှိပါသည်။

အွန်လိုင်းပေါ်မှ ငွေပေးချေသည့်အခါ တတိယကြားခံနေရာကို အသုံးပြုပါက ကော်မရှင်ပေးရမှုများပြားသည့်အတွက် အချို့ကုမ္ပဏီများက မိမိတို့ကိုယ်ပိုင်ငွေပေးချေမှု စနစ်များကို တီထွင်လာကြရာ အစားအသောက်လုပ်ငန်းမှာ ဒစ်ဂျစ်တယ်ပိုင်းသို့ ကူးပြောင်းလာသည်ကို တွေ့ရပါသည်။

စားသောက်ဆိုင်များအပြင် ဟိုတယ်များကလည်း ကပ်ရောဂါကာလအတွင်းရော၊ ရေရှည်ဖွံ့ဖြိုးရေးအတွက်ပါ ရည်သန်ကြလျက်  ရောဂါကာကွယ်ရေး၊ လေထု အရည်အသွေးနှင့် လုပ်ငန်းပတ်ဝန်းကျင် သန့်ရှင်းရေး၊ အစားအစာအလေအလွင့်များ ပိုမိုနည်းပါးစေရေးနှင့် ပလပ်စတစ်အသုံးပြုမှုများ လျှော့ချရေးတို့ကို ပိုမို လုပ်ဆောင်ကြလျက် လုပ်ငန်းများပြန်လည်စတင်လာကြသည်ကို တွေ့ရပါသည်။ တရုတ်နိုင်ငံရှိ ဟိုတယ်များ၌ ၂၀၃၀ ပြည့်နှစ် တွင် အစားအစာလေလွင့်ဆုံးရှုံးစေမှုအား ထက်ဝက်လျှော့ချလျက်၊ ၂၀၂၅ ခုနှစ်တွင် မလိုအပ်ဘဲ စွန့်ပစ်ပလပ်စတစ်ပစ္စည်းအသုံးပြုမှုမျုားအား မပြုလုပ်တော့ရေးဆောင်ရွက် သွားရန်Trip.comအုပ်စုနှင့် World Wildlife Fundတို့က တိုက်တွန်းနှိုးဆော်လျက်ရှိပါသည်။

အကောင်းဘက်မှရှုမြင်ကြည့်လျှင် ကပ်ရောဂါဖြစ်ပွားခြင်းမှာ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအား စဉ်းစားရန်နှင့် အဆင့်မြှင့်တင်ရန် တွန်းအားပေးလိုက်သည့်သဖွယ် ဖြစ်နေ ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်း)

ရင်းမြစ်၊ China Daily (၂၀၂၀ ဧပြီ ၂၅-၂၆)

Category: China(Nanning)