China (HongKong)

COVID-19 ကြောင့်အသွားအလာကန့်သတ်မှုများပြုလုပ်သဖြင့် အလုပ်သမားများနှင့် ကုန် ပစ္စည်းများ စီးဆင်းမှုများ ကျဆင်းကာ တရုတ်နိုင်ငံ၏ ပိုးလမ်းမစီမံကိန်းအား ထိခိုက်ခြင်း

Last Updated:

COVID-19 ဖြစ်ပွားမှုကြောင့် နယ်စပ်ဂိတ်များပိတ်ခြင်း၊ ခရီးသွားလာမှုများ ကန့်သတ်မှုများနှင့် ကုန်ပစ္စည်းများတင်ပို့မှု တန်ဖိုးကွင်းဆက်တစ်ခုလုံးအား သက်ရောက်မှုများရှိပြီး ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းအား နှောင့်နှေးကြန့်ကြာမှုနှင့် ကုန်ကျစရိတ်များ မြင့်မားခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း၊ COVID-19 အားတွန်းလှန်တိုက်ခိုက်ပြီးနောက် တရုတ်နိုင်ငံ၏ စီးပွားရေးမှာ ပြန်လည်ကောင်းမွန်သည့် လက္ခဏာပြသနေပြီး စက်ရုံများပြန်လည် လည်ပတ်လျက်ရှိကာ လျှပ်စစ်မီးသုံးစွဲမှုမှာ မြင့်တက်လာကြောင်း၊ တရုတ်နိုင်ငံ၏ပိုးလမ်းမစီမံကိန်းတွင်အာရှ၊ ဥရောပ နှင့်အာဖရိကနိုင်ငံများနှင့် ရေလမ်း၊ မော်တော်ယာဉ်လမ်း၊ ရထားလမ်းတို့နှင့် ချိတ်ဆက် ဆောင်ရွက်မှုများမှာ COVID-19 ကြောင့် အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံမှ ကုန်ကြမ်းပစ္စည်းများ တင်သွင်းမှု နှောင့်နှေးခြင်း၊ တရုတ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ လုပ်ငန်းခွင်သို့ လာရောက်နိုင်မှုတို့မ ရှိကြောင်း၊ အလုပ်သမား ၅ ပုံ ၁ ပုံမှာ တရုတ်နိုင်ငံသား အလုပ်သမားများဖြစ်သော်လည်း COVID-19 အား ထိန်းချုပ်နိုင်ရန် တရုတ်အစိုးရမှ လုပ်ငန်းခွင်များသို့ ပြန်လည်ဝင်ရောက်မှုအား ကန့်သတ်ထားကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပထမ (၂) လအတွင်း တရုတ်နိုင်ငံမှ အလုပ်သမား (၃၉,၀၀၀) ဦးအား ပြည်ပ၌ လုပ်ကိုင်ရန် စေလွှတ်နိုင်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်ကာလတူနှင့်နှိုင်းယှဉ်လျှင် (၂၉,၀၀၀) ဦး လျော့နည်းကြောင်း တရုတ်နိုင်ငံ၊ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံတွင် ဂျကာတာ နှင့် ဘန်ဒေါင်းမြို့တို့အား ဆက်သွယ်ထားသည့် အမေရိကန်ဒေါ်လာ (၆) ဘီလီယံဖြင့် ဆောင်ရွက်နေသည့် မြန်နှုန်းမြင့်ရထားလမ်းစီမံကိန်းအတွက် အခက်အခဲများရှိနေကြောင်း၊ အမေရိကန် ဒေါ်လာ (၆၂) ဘီလီယံဖြင့် ဆောင်ရွက်နေသည့် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ စီမံကိန်းမှာ (၈) ပတ်အထိ ရပ်နားထားရမည်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှလည်း လမ်း၊ တံတားနှင့် လျှပ်စစ်စွမ်းအင်စက်ရုံ စီမံကိန်းများ ရပ်နားထားမည်ဟု ကြေညာခဲ့ကြောင်း၊ သီရိလင်္ကာနိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း၏ အကြီးဆုံးစီမံကိန်းများထဲမှ တစ်ခုဖြစ်သည့် ကိုလံဘိုဆိပ်ကမ်း စီမံကိန်းမှာလည်း COVID-19 ၏ ရိုက်ခတ်မှုကို ခံစားနေရကြောင်း၊ COVID-19 ကြောင့် ၂၀၂၀ ပြည့်နှစ်တွင် ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုများ နှောင့်နှေးမည်ဟု Economist Intelligence Unit (EIU) ကခန့်မှန်းခဲ့ကြောင်း၊ အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကတို့တွင်လည်း စီမံကိန်းများ နှောင့်နှေးကြန့်ကြာလျက်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် တရုတ်နိုင်ငံသည် မြန်မာ၊ နိုင်ဂျီရီးယားနှင့် တူရကီနိုင်ငံတို့နှင့် ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်း အသစ်များအတွက် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ သို့သော် အနာဂတ်တွင် မသေချာမှုများရှိနိုင် သည်ဟု EIU က သတိပေးခဲ့ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၆ ရက်နေ့ထုတ် South China Morning Post  သတင်းစာ ၌ Harry Pearl က “Coronavirus: China’s belt and road plan hits roadblock as virus pinches supply of materials and workers ” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)