Korea

COVID-19 ကြောင့်ထိခိုက်ရသည့် လုပ်သားဝန်ထမ်းများအတွက် ကိုရီးယားဝမ် ၁.၅ ထရီလီယံအား တောင်ကိုရီးယားအစိုးရမှ ထောက်ပံ့သွားမည်

Last Updated:

ကိုရီးယားသမ္မတနိုင်ငံသည် နိုင်ငံသားများ၏ အလုပ်အကိုင်အခွင့်အလမ်းစျေးကွက် တည်ငြိမ်စေရေးနှင့် နိုင်ငံ၏စီးပွားရေးကျဆင်းမှုအား ကာကွယ်ရန်ရည်ရွယ်၍ COVID-19 ကြောင့်  Quarantine ဝင်ရခြင်းများအပါအဝင် အလုပ်အကိုင်နှင့်ဝင်ငွေထိခိုက်ခဲ့ရသည့် အချိန်ပိုင်းဝန်ထမ်း လုပ်သားများအတွက် အထူးထောက်ပံ့ကြေးအဖြစ် စုစုပေါင်းတန်ဖိုး ကိုရီးယားဝမ် ၁.၅ ထရီလီယံ ကို တောင်ကိုရီးယားအစိုးရမှ ထောက်ပံ့သွားမည်ဖြစ်ကြောင်း၊ လျစ်လျူရှုခံထားရသော အခွင့်အလမ်း နိမ့်ပါးသည့် အလုပ်သမားဝန်ထမ်းများအတွက် အလုပ်အကိုင်ရေးရာလုံခြုံမှုကွန်ယက်ကိုမြှင့်တင်ရန် ကြိုးစားပေးသည့်အနေဖြင့် အဆိုပါ  ကိုရီးယားဝမ် ၁.၅ ထရီလီယံကို အလုပ်အကိုင်တည်ငြိမ်ရေး ရန်ပုံငွေအဖြစ် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ     Mr. Hong Nam-ki မှ ၇-၅-၂၀၂၀ ရက်နေ့တွင် ဆိုးလ်မြို့ Government Complex ၌ ပြုလုပ်ခဲ့သော အရေးပေါ်စီးပွားရေးရာမူဝါဒညှိနှိုင်းသည့်အစည်းအဝေးတွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ထိုသို့ ပံ့ပိုးပေးနိုင်ရေးအတွက် တောင်ကိုရီးယားအစိုးရအနေဖြင့် ဝမ် ၉၄၀ ဘီလီယံ တန်ဖိုးရှိ အရံရန်ပုံငွေများကို ယခင်အပတ်အတွင်းက အတည်ပြုခဲ့ကြောင်း၊ ကျန်သောငွေပမာဏကို တတိယအကြိမ်ဖြည့်စွက်ရန်ပုံငွေတွင် ထည့်သွင်းရန်စီစဉ်ထားကြောင်း၊ အသေးစိတ်အနေဖြင့် သတ်မှတ်ချက်များနှင့်အကျုံးဝင်သူ ၉၃၀,၀၀၀ ခန့်အား တစ်လလျှင် ဝမ် ၅၀၀,၀၀၀ ခန့်ကို သုံးလစာယာယီပံ့ပိုးပေးသွားမည့်အစီအစဉ်များပါဝင်ကြောင်း၊ ဤအထူးထောက်ပံ့ကြေးရန်ပုံငွေသည် တစ်သီးပုဂ္ဂလအဖြစ် လုပ်ငန်းလုပ်ကိုင်သူများ(Freelancers)၊ ကူးစက်ရောဂါဖြစ်ပွားမှုကြောင့် အလုပ်အကိုင်ဆုံးရှုံးရသူ (သို့မဟုတ်) လစာမဲ့ခွင့်ကို အမိန့်အရ မဖြစ်မနေလက်ခံလိုက်ရသော အချိန်ပိုင်းဝန်ထမ်းများ၊ အငယ်စားစီးပွားရေးလုပ်ငန်းများတွင် လုပ်ကိုင်နေသောဝန်ထမ်းများအတွက် အထူးရည်ရွယ်ကြောင်း၊ တစ်နှစ်လျှင် ဝင်ငွေ ဝမ် (၅၀) သန်းမှ (၁၅၀) သန်း အတွင်းရရှိသူများအနက် ဝင်ငွေ၏ ၂၅ ရာခိုင်နှုန်းအထက် လျော့ကျသွားသူများ အကျုံးဝင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

အလုပ်အကိုင်နှင့်အလုပ်သမားရေးရာဝန်ကြီးဌာန၏ညွှန်ကြားချက်များအရ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများအနက် ကျောင်းချိန်ပြင်ပ နည်းပြဆရာအလုပ်ဆောင်ရွက်သူများ၊ အချိန်ပိုင်းနည်းပြ ဆရာများ၊ အားကစားသင်တန်းနည်းပြများ၊ ဂေါက်ကွင်းကယ်ရီဝန်ထမ်းများ၊ ရုပ်ရှင်ရုံဝန်ထမ်းများ၊ စာပို့လုလင်များ၊ Door-to-Door အရောင်းဝန်ထမ်းများ အကျုံးဝင်မည်ဖြစ်ကြောင်း၊ အငယ်စားလုပ်ငန်းပိုင်ရှင်များတွင် ဝန်ထမ်း (၁၀) ဦးနှင့်အောက်ရှိသော သတ္တုတွင်းလုပ်ငန်း၊ ထုတ်လုပ်မှုလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် အခြားကဏ္ဍများမှ ဝန်ထမ်း (၅) ဦးနှင့် အောက်ရှိသော လုပ်ငန်းပိုင်ရှင်များ အကျုံးဝင်ကြောင်း သိရှိရပါသည်။

ထို့ပြင် လေကြောင်းလိုင်းနှင့် ခရီးသွားလာရေးကဏ္ဍတို့အား ပြန်လည်တိုးတက်ရေး အစွမ်းကုန်ကြိုးစား၍ ပံ့ပိုးပေးမည်ဟူသော တောင်ကိုရီးယားအစိုးရ၏ ယခင်ထားရှိခဲ့သည့် ကတိစကားအရ လေကြောင်းလိုင်းဆိုင်ရာကုမ္ပဏီများ၊ ဟိုတယ်ကဏ္ဍများမှ ဝန်ထမ်းများအနေဖြင့် သတ်မှတ်စီးပွားရေးအရွယ်အစားထက် ကျော်လွန်နေသော်လည်း ဤပံ့ပိုးမှုကို လျှောက်ထားနိုင်ပါကြောင်း၊ အစိုးရ၏ အရေးပေါ်ကယ်ဆယ်ရေးရန်ပုံငွေ၏ အလုပ်အကိုင်ထောက်ပံ့ငွေစရိတ်သည် သတ်မှတ်ချက်များနှင့်အကျုံးဝင်သူများ ရရှိမည်ဖြစ်ကြောင်း၊ သို့ရာတွင် အလုပ်အကိုင်ဆိုင်ရာ ထောက်ပံ့ကြေးတစ်ခုခုအား ရရှိထားပြီးပါက စုစုပေါင်းရရှိမည့် ဝမ် (၁.၅)သန်းမှ ရရှိပြီး ပမာဏကို နှုတ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

အစိုးရအနေဖြင့် လျှောက်လွှာများကို သက်ဆိုင်ရာ Website မှတစ်ဆင့် လျှောက်ထားခြင်းကို ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၅ ရက်နေ့တွင် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊  ဇွန်လ (၁) ရက်နေ့မှဇူလိုင်လ(၂၀)ရက်နေ့အတွင်း လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လျှောက်ထားသူ များပြားနိုင်သဖြင့် Masks များ ဝယ်လိုအားမြင့်တက်စဉ်က ဝယ်ယူရေးအဆင်ပြေစေရန် ဆောင်ရွက်ခဲ့သည့်နည်းလမ်းကဲ့သို့ ၂ ဆိုင်း (သို့မဟုတ်) ၅ ဆိုင်းအထိခွဲ၍ဆောင်ရွက်သွားရန် စီစဉ်ထားပါကြောင်း သိရှိရပါသည်။

အာရှဒေသ၏ စတုတ္ထမြောက်စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သော တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးအခြေအနေသည် ၂၀၂၀ ပြည့်နှစ် ပထမသုံးလပတ်ကာလတွင် (၁.၄) ရာခိုင်နှုန်း ကျဆင်းခဲ့ရာ၊ ယင်းသည် ကမ္ဘာ့စီးပွားရေးအကျပ်အတည်း ကာလပြီးသည့်နောက်တွင် သုံးလပတ် ကာလအလိုက် ရာခိုင်နှုန်းများအရ ဆိုးရွားစွာကျဆင်းမှုတစ်ခုပင်ဖြစ်ကြောင်း၊ ထို့အတူ တောင်ကိုရီးယား၏ ၂၀၂၀ ပြည့်နှစ်အတွက် စီးပွားရေးတိုးတက်မှုနှုန်းသည် (၂၂) နှစ်တာ ကာလအတွင်း အဆိုးဆုံးအခြေအနေအဖြစ် (အနုတ်) (−) (၁.၂) ရာခိုင်နှုန်းအထိပင်ကျဆင်းမည်ဟု အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund - IMF) ကခန့်မှန်းထားကြောင်း၊ သို့ရာတွင် အခြားသော OECD အဖွဲ့ဝင်နိုင်ငံများသည်လည်း ကမ္ဘာ့ကပ်ရောဂါကို ရင်ဆိုင်နေကြရသည့်အားလျော်စွာ ယင်းနိုင်ငံများနှင့်ယှဉ်လျှင် အမြင့်ဆုံးရာခိုင်နှုန်းတွင် တည်ရှိနေသေးကြောင်း သိရှိရပါသည်။

 

 

( မြန်မာနိုင်ငံစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea