China(Nanning)

COVID-19 ဖြစ်ပွားနေစဉ်အတွင်း တရုတ်၏ အထူးအခွင့်အရေးပေးသည့် မူဝါဒများကို အသုံးချနိုင်မည့် နည်းလမ်းများ

Last Updated:

ကမ္ဘာတစ်ဝှမ်းတွင် ကိုရိုနာကူးစက်ကပ်ရောဂါ ပျံ့နှံ့ဖြစ်ပွားနေချိန်တွင် ကပ်ရောဂါမှ ပြန်လည်နာလန်ထူကာစ တရုတ်နိုင်ငံသည် ၎င်း၏လူမှုရေးနှင့် စီးပွားရေးအခြေ အနေများ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာစေရန် မူဝါဒအမျိုးမျိုး ချမှတ်ဆောင် ရွက်ပေးလျက်ရှိပါသည်။  ၎င်းမူဝါဒများတွင် ကပ်ရောဂါကာကွယ်တိုက်ဖျက်ရေးအတွက် မူဝါဒများအပြင် လုပ်ငန်းများပြန်လည်စတင်ရေး၊ အခွန်အကောက်များ သက်ညှာပေးရေး၊  လူမှုရေးအာမခံပေးသွင်းမှုများကို ဖြေလျှော့ပေးရေး၊ လုပ်ငန်းများအတွက် အထောက်အပံ့များ ပေးခြင်းနှင့် ဘဏ္ဍာရေးစေ့ဆော်မှုများပြုလုပ်ရေးတို့အတွက်လည်း ပါဝင်ပါသည်။

တရုတ်နိုင်ငံနှင့် လုပ်ငန်းများလုပ်ကိုင်နေသည့် နိုင်ငံခြားလုပ်ငန်းများအနေဖြင့် အခွန်သက်သာခွင့်/ ကင်းလွတ်ခွင့်၊ လူမှုရေးအာမခံလျှော့ပေါ့ပေးမှု၊ ဘဏ္ဍာရေးစေ့ဆော်မှုများနှင့် အထူးလုပ်ငန်းများအတွက် ပံ့ပိုးမှုများဟူသည့် အခင်းအကျင်း (၄) ရပ်တွင်  အထူးအခွင့်အရေးပေးထားသည်များကို ရယူနိုင်ပါသည်။

(၁) အခွန်သက်သာခွင့်/ ကင်းလွတ်ခွင့်များ

အခွန်သက်သာခွင့်/ ကင်းလွတ်ခွင့်များနှင့်စပ်လျဉ်း၍ ဖေဖော်ဝါရီလ (၆) ရက်၊ ဖေဖော်ဝါရီလ (၁၀) ရက်နှင့် မတ်လ (၁၁) ရက်နေ့များတွင် ထုတ်ပြန်ထားချက်များရှိပါသည်။  ခေါင်းစဉ်တစ်ခုချင်းအလိုက် အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည် -

(က) ကော်ပိုရိတ်ဝင်ငွေခွန်

ကော်ပိုရိတ်ဝင်ငွေခွန်ပေးဆောင်ရာတွင် မူဝါဒနှင့် အကျုံးဝင်သောလုပ်ငန်းများအနေဖြင့် အဓိကကုန်ပစ္စည်းများနှင့် အသုံးအဆောင်များထုတ်လုပ်ရေးအတွက် ကိရိယာတန်ဆာပလာအသစ်ဝယ်ယူမှုများအား တန်ဖိုးလျှော့ (depreciation) ပြုလုပ်ခြင်း မပြုဘဲ အပြည့်အဝနုတ်ပယ်ခွင့်ပြုပါသည်။  အကျုံးဝင်သောလုပ်ငန်းများဟူသည်ကို ပြည်နယ်အစိုးရများနှင့် အမျိုးသားဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်တို့က ဆုံးဖြတ်ပါသည်။ ဒုတိယလျှော့ပေါ့ပေးမှုအနေဖြင့် COVID-19 ကြောင့် အထိနာ ခဲ့ရသော သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ အစားအသောက်ချက်ပြုတ်ပြင်ဆင်သည့်လုပ်ငန်း၊ အိမ်ရာနေရာထိုင်ခင်းလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းများ ၏ ဆုံးရှုံးမှုများအား နောက်ထပ် (၅) နှစ်မှ (၈) နှစ်တိုင် ဆက်လက်သယ်ဆောင်ရန် ခွင့်ပြုခြင်းဖြစ်ပါသည်။

(ခ) တန်ဖိုးဖြည့်အခွန် (Value-added tax)

အဓိကကျသည့် အရေးပေါ်ကုန်စည်ထောက်ပံ့မှုများကို သယ်ဆောင်ပေးသည့်လုပ်ငန်းများ၊ အမြန်ချောပို့ဝန်ဆောင်မှုများ၊ အများပြည်သူပို့ဆောင်ရေးဝန်ဆောင်မှုများနှင့် လူနေမှုဘဝဝန်ဆောင်မှုများအား တန်ဖိုးဖြည့်အခွန်မှကင်းလွတ်ခွင့်ပေးပြီး အဓိက ပစ္စည်းများကို ထုတ်လုပ်ပေးသော အကျုံးဝင်သည့်လုပ်ငန်းများအတွက်လည်း  တိုးပွားလာသည့် သွင်းအားစုများအတွက် ကျသင့်သည့်တန်ဖိုးဖြည့်အခွန်များအား လစဉ်ပြန်အမ်းပေးရန် နိုင်ငံတော်အခွန်ဌာနက ကြေငြာထားပါသည်။

ထို့ပြင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ ဉပဒေသက်ရောက်မည့် အကျုံးဝင်သောသုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း တရုတ်နိုင်ငံတွင်ထုတ်လုပ်သော ကိရိယာတန်ဆာပလာများကို ဝယ်ယူမှု အတွက် တန်ဖိုးဖြည့်အခွန် အပြည့်ပြန်အမ်းသွားမည်ဖြစ်ပါသည်။

(ဂ) လူတစ်ဉီးချင်း၏ဝင်ငွေခွန်

COVID-19 ကာကွယ်ရေးအတွက် လုပ်ငန်းများမှ ပုဂ္ဂိုလ်တစ်ဉီးချင်းထံသို့ ထုတ်ပေးသော ဆေးဝါး၊ ဆေးဘက်ဆိုင်ရာထောက်ပံ့မှုများနှင့် ကာကွယ်ရေးသုံး ကိရိယာတန်ဆာပလာများကို လစာများတွက်ချက်ရာတွင် ထည့်သွင်းခြင်းမပြုဘဲ တစ်ဉီးချင်း ဝင်ငွေခွန်မှ ကင်းလွတ်ခွင့်ပြုမည်ဖြစ်ပါသည်။

(ဃ) လှူဒါန်းမှုများအပေါ် အခွန်လျှော့ချခွင့်ပြုခြင်း

အဆင့််အတန်းရှိသော လူမှုရေးအဖွဲ့အစည်းများ၊ အစိုးရများ သို့မဟုတ် ၎င်းတို့၏ ဌာနများမှတဆင့် COVID-19 ကပ်ရောဂါတုန့်ပြန်ရေးအတွက် အလှူငွေများ သို့မဟုတ် အသုံးအဆောင်များ လှူဒါန်းသည့် မည်သည့်တစ်သီးပုဂ္ဂလ သို့မဟုတ် လုပ်ငန်းမဆို တစ်ဉီးချင်းဝင်ငွေခွန် သို့မဟုတ် ကော်ပိုရိတ်ဝင်ငွေခွန်ပေါ်တွင် အပြည့်အဝ လျှော့ချပေးမှုအား ခံစားခွင့်ပြုနိုင်ပါသည်။

အထက်တွင်ဖော်ပြထားသော အဖွဲ့အစည်းများမှတဆင့် ကော်မရှင်ရယူထားသော သို့မဟုတ် ကိုယ်တိုင်ထုတ်လုပ်သောပစ္စည်းများ သို့မဟုတ် ဝယ်ယူထားသည့်ပစ္စည်းများကို လှူဒါန်းသည့်လုပ်ငန်းများ၊ လုပ်ငန်းတစ်ခုချင်းနှင့် စီးပွားရေးလုပ်ကိုင်သော အိမ်ထောင်စုများအား ၎င်းတို့၏ တန်ဖိုးဖြည့်အခွန်များ၊ စားသုံးသူအခွန်များ၊ မြို့ပြထိန်းသိမ်းရေးများ၊ တည်ဆောက်ရေးအခွန်အခများနှင့် ပညာရေးကုန်ကျစရိတ်များအပေါ် ကင်းလွတ်ခွင့်များ လက်ခံရရှိနိုင်ပါသည်။

(င) သွင်းကုန်ခွန်

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အကောက်ခွန်ဌာနနှင့် အခွန်ဌာနတို့က အခွန်လွတ် သွင်းကုန်ခြုံငုံမှုများကို တိုးချဲ့ပေးခဲ့ပါသည်။ COVID-19 ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် အသုံးပြုသည့် သွင်းကုန်ပံ့ပိုးမှုများအား သွင်းကုန်ခွန်၊ တန်ဖိုးဖြည့်အခွန်နှင့် စားသုံးခွန်များမှ ကင်းလွန်ခွင့်ပြုပါသည်။

(စ) ပို့ကုန်ခွန်

ပို့ကုန်အမျိုးအမယ် (၁၄၆၄) မျိုးပေါ်တွင် အခွန်ပြန်အမ်းသည့်နှုန်းများကို မတ်လ (၂၀) ရက်နေ့မှစ၍ တိုးမြှင့်ပေးခဲ့ပါသည်။ နိုင်ငံခြားဈေးကွက်များအတွက် တင်ပို့ ခွင့်ရှိသော ကုမ္ပဏီများမှာ  ပိုမိုမြင့်မားသော အခွန်ပြန်အမ်းငွေကို ခံစားခွင့်ရှိပါသည်။

(ဆ) အခွန်လျှောက်ထားမှုအတွက် နောက်ဆုံးရက်အား တိုးပေးခြင်း

လအလိုက် သို့မဟုတ် လေးလတစ်ကြိမ် အခွန်ပြန်အမ်းရန်အတွက် လျှောက်ထားလေ့ရှိသော အခွန်ထမ်းများအတွက် လွန်ခဲ့သည့် (၃) လအတွင်း လျှောက်ထားရမည့်နေ့ရက်ကို ဆိုင်းထားပေးခဲ့ပါသည်။ အခွန်ကောက်ခံခြင်းနှင့် အခွန်ကြိုတင်ကောက်ခံမှု များ (withholding tax) အတွက် နောက်ဆုံးရက်ကိုလည်း ၂၀၂၀ ခုနှစ်၊ မတ်လ (၃၀) ရက်နေ့မှ မေလ (၃၀) ရက်နေ့သို့ တိုးမြှင့်ပေးခဲ့ပါသည်။

(၂) လူမှုရေးအာမခံလျှော့ချဖြတ်တောက်ပေးခြင်း

(က) လူမှုရေးအာမခံ (၃) ရပ်အတွက် ပေးသွင်းရမှုများအား အဆင့်လိုက်လျှော့ချခြင်း

အကျုံးဝင်သည့် အာမခံရှိသောလုပ်ငန်းများအား ပင်စင်အာမခံ၊ အလုပ်လက်မဲ့အာမခံနှင့်  လုပ်ငန်းခွင်ထိခိုက်မှုအာမခံတို့အတွက် ငွေထည့်ဝင်ခြင်းမှ ကင်းလွတ်ခွင့်ပြု ခြင်း၊ လျှော့ချပေးခြင်း သို့မဟုတ် ရွှေ့ဆိုင်းပေးခြင်းတို့ ခွင့်ပြုပေးနိုင်ပါသည်။

၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ဟူပေပြည်နယ်၏ ပြင်ပရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများမှာ ၎င်းလူမှုရေးအာမခံ (၃) မျိုးအတွက် ပေးသွင်းရခြင်းမှ (၅) လတာ ကင်းလွတ်ခွင့်ရရှိကြပါသည်။ ဟူပေပြည်နယ်ပြင်ပရှိ အကြီးစားလုပ်ငန်းများမှာ လူမှုရေးအာမခံ (၃) မျိုးအတွက်  မူလထည့်ဝင်ငွေ၏ ထက်ဝက်ကိုသာ (၃) လ ပေးသွင်းရန် လိုအပ်ပါသည်။

ဟူပေပြည်နယ်ရှိ အာမခံထားရှိသော လုပ်ငန်းအားလုံးတို့မှာ ၎င်းလူမှုရေးအာမခံ (၃) မျိုးမှ ကင်းလွတ်ခွင့်ကို (၅) လထက်မများစေဘဲ ကင်းလွတ်ခွင့်ရရှိပါသည်။

ကပ်ရောဂါကာလအတွင်း အခက်အခဲများဖြင့် ကြုံတွေ့ခဲ့ရသောလုပ်ငန်းများအတွက် ရက်ကျော်လွန်ကြေးမပေးရဘဲ (၆) လထက်မပိုစေဘဲ ဆိုင်းငံ့ပေးရန် လျှောက်ထားနိုင်ကြပါသည်။

(ခ) အခြေခံကျန်းမာရေးအာမခံအတွက် ပေးသွင်းရမှုအား အဆင့်လိုက်လျှော့ချခြင်း

ဝန်ထမ်းများ၏ အခြေခံကျန်းမာရေးအာမခံပေးသွင်းမှုအား ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ (၅) လတာကာလအထိ မူလပေးသွင်းမှု၏ ထက်ဝက်ကိုသာ ပေးသွင်းခွင့်ပြုထားပါသည်။

(၃) ဘဏ္ဍာရေးစေ့ဆော်မှုများ

(က) အထူးသက်သာခွင့်ဖြင့် ထုတ်ချေးငွေများနှင့် ငွေကြေးဆိုင်ရာအတိုးနှုန်း အထောက်အပံ့များ

တရုတ်ပြည်သူ့ဘဏ် (PBOC) သည် ကပ်ရောဂါအဓိကဖြစ်ပွားခဲ့သော ဒေသရှိ အမျိုးသားအဆင့် ဘဏ်ကြီး (၉) ခုနှင့် ကော်ပိုရိတ်ဘဏ်အချို့တို့ထံသို့ စရိတ်နည်းပါးသော ရန်ပုံငွေများပံ့ပိုးပေးပြီး ၎င်းရန်ပုံငွေများကို အထူးအတိုးနှုန်းဖြင့် အဓိကလုပ်ငန်း များသို့ ပြန်လည်ထုတ်ချေးရန် ခွင့်ပြုခဲ့ပါသည်။

(ခ) ဘဏ္ဍာရေးအာမခံဝန်ဆောင်မှုများအား အကောင်းဆုံးဖြစ်စေခြင်း

အဆင့်တိုင်းရှိ အစိုးရပိုင်း ဘဏ္ဍာရေးအာမခံ သို့မဟုတ် တဖန်အာမခံပေးသည့် အဖွဲ့အစည်းများသည် တန်ပြန်အာမခံပေးရန် လိုအပ်ချက်များကို ပယ်ဖျက်ပေးသင့်ပြီး အာမခံနှင့် တဖန်အာမခံကြေးများကိုလည်း လျှော့ချသင့်ကြောင်း အကြံပြုခဲ့ကြပါသည်။ အမျိုးသားဘဏ္ဍာရေးအာမခံရန်ပုံငွေသည် ကပ်ရောဂါ အဆိုးရွားဆုံးဖြစ်ပွားခဲ့သည့် နေရာများတွင် အစိုးရပိုင်းဆိုင်ရာ ဘဏ္ဍာရေးအာမခံနှင့် တဖန်-အာမခံအဖွဲ့အစည်းအားလုံးတို့အတွက် တဖန်- အာမခံကြေးကို ထက်ဝက်လျှော့ချပေးခဲ့ပါသည်။

(ဂ) ချေးငွေပြန်လည်ပေးဆပ်ရမည့်ကာလအား ယာယီတိုးမြှင့်ပေးခြင်း

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့မှစ၍ ချေးငွေပြန်လည်ပေးဆပ်ရန် သက်တမ်းစေ့ရောက်သော်လည်း ပေးဆပ်နိုင်ခြင်းမရှိသည့် (အငယ်စားလုပ်ငန်းပိုင်ရှင်များ၊ တစ်သီးပုဂ္ဂလထုတ်လုပ်ရေးလုပ်ငန်းများနှင့် စီးပွားရေးလုပ်ကိုင်ကြသော အိမ်ထောင်စု များအပါအဝင်)  အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် ဘဏ်အဖွဲ့အစည်းများက အချိန်ကာလကို ယာယီတိုးမြှင့်ပေးရန် သို့မဟုတ် ချေးငွေသက်တမ်းတိုးပေးရန် စီမံဆောင်ရွက်ပေးခဲ့ကြပါသည်။  အများစုကို ၂၀၂၀ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့သို့ တိုးမြှင့်ပေးထားပါသည်။

(ဃ) အိမ်ခြံမြေ

အိမ်ခြံမြေနှင့်စပ်လျဉ်း၍ နိုင်ငံပိုင်ဖြစ်ပါက  မြေရှင်ကငှားရမ်းခကို လျှော့ပေးရမည်ဖြစ်ပါသည်။  ပုဂ္ဂလိကပိုင်ဖြစ်ပါက မြေရှင်များအား ငှားရမ်းခလျှော့ပေးရန် အားပေးရမည်ဖြစ်ကာ ထိုကဲ့သို့လျှော့ပေါ့ပေးသော မြေရှင်များအား အစိုးရက အခြားအကျိုးခံစား ခွင့်များကိုပေးရန် ဖြစ်ပါသည်။

(၃) အထူးပြုလုပ်ငန်းများနှင့် အဖွဲ့အစည်းများအတွက် ပံ့ပိုးမှုများ

ကပ်ရောဂါအဆိုးရွားဆုံးရိုက်ခပ်ခံခဲ့ရသော နေရာများတွင် စီးပွားရေးနှင့် အလုပ်အကိုင်တည်ငြိမ်စေရန် တရုတ်အာဏာပိုင်များက ပံ့ပိုးကူညီမှုများပြုလုပ်ပေးထားပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့က ထုတ်ပြန်ခဲ့သော ကြေငြာချက်များတွင်  နိုင်ငံခြားကုန်သွယ်မှုများအား ကူညီရန်အတွက် နိုင်ငံခြားကုန်သွယ်ရေးစီမံခန့်ခွဲမှုလုပ်ရိုးလုပ်စဉ်များကို ရိုးရှင်းလွယ်ကူစေခြင်း၊ ကုန်သွယ်ရေးလုပ်ငန်းများအတွက် ပြည်သူ့ဉပဒေရေးရာဝန်ဆောင်မှုများကို အကောင်းဆုံးဖြစ်စေခြင်း၊ e-commerce ဖွံ့ဖြိုးလာစေရေး လွယ်ကူချောမွေ့စေရန် ဆောင်ရွက်ပေးခြင်းနှင့် ပို့ကုန်- သွင်းကုန် ကန့်သတ်ချက်များလျှော့ချပေးခြင်းတို့အပါအဝင် စီမံဆောင်ရွက်မှုများကို ဆက်တိုက်ပြုလုပ်ပေးထားပါသည်။

ထို့ပြင် ပို့ကုန်အခွန်ပြန်လည်အမ်းရန် လျှောက်ထားခြင်းနှင့် ခွင့်ပြုခြင်းလုပ်ငန်းစဉ်များအား အွန်လိုင်းဖြင့်ပြုလုပ်နိုင်ရေး တိုးမြှင့်ဆောင်ရွက်ပေးခြင်း၊ အကောက်ခွန်စစ်ဆေးစဉ်တွင် ကုန်တင်ပို့သူလာရောက်ရန် လိုအပ်ချက်အားကင်းလွတ်ခွင့်ပြုပေးခြင်း၊ ပုံမှန်ကုန်သွယ်ရေးပြုလုပ်ချိန်အတွက် အတည်ပြုချိန်အကန့်အသတ်အား တိုးပေးခြင်း၊ ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားမှုများအား စာရွက်မဲ့ဆောင်ရွက်နိုင်စေရန် အားပေးခြင်းနှင့် နည်းပညာဆိုင်ရာ သွင်းကုန်ပို့ကုန်များအတွက် အွန်လိုင်းလမ်းကြောင်း ဖွင့်ပေးခြင်းတို့ကို လည်းဆောင်ရွက်ခဲ့ပါသည်။

တရုတ်နိုင်ငံနှင့် စီးပွားရေးလုပ်ကိုင်ဆောင်ရွက်နေကြသည့် နိုင်ငံခြားကုမ္ပဏီများအနေဖြင့် အထက်ဖော်ပြပါ မူဝါဒများကို အရှိန်မြှင့်တင်ဆောင်ရွက်ရန် ဗဟိုအစိုးရ၏ မူဝါဒများနှင့် မိမိတို့နှင့် လုပ်ငန်းများမိတ်ဆက်ပြုဆောင်ရွက်နေသည့် ပြည်နယ်များ အလိုက် ထုတ်ပြန်သည့် ဆက်စပ်မူဝါဒများအပေါ် မျက်ခြေမပြတ် သတိထားလေ့လာကြရန် လိုအပ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ China Briefing (၂၀-၄-၂၀၂၀)

Category: China(Nanning)