China(Nanning)

COVID-19 ရောဂါကြောင့် တရုတ်နိုင်ငံ၏ ခရီးသွားလာမှုကန့်သတ်ချက်များ

Last Updated:

ယခုအခါ  တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားခဲ့သော COVID-19 မှာ တစ်ကမ္ဘာလုံးတွင် ပျံ့နှံ့ဖြစ်ပွားနေသော ကပ်ရောဂါဖြစ်နေပြီဖြစ်ပါသည်။ တရုတ်နိုင်ငံတွင် ကပ်ရောဂါကူးစက်မှု သိသာစွာကျဆင်းသွားပြီ ဖြစ်သော်လည်း ကပ်ရောဂါ၏ ဒုတိယလှိုင်းရိုက်ခတ်ခြင်းမခံရစေရန် ကပ်ရောဂါကူးစက်နိုင်သည့် အလားအလာများအား ကာကွယ်ရေးနှင့် ပိုးသတ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက် ရှိပါသည်။

၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၈ ရက်နေ့မှစ၍ နိုင်ငံခြားသားအားလုံးနီးပါးအား တရုတ်နိုင်ငံအတွင်းဝင်ရောက်ခြင်းမှ ပိတ်ပင်ထားပြီး တစ်နေ့လျှင် အပြည်ပြည်ဆိုင်ရာလေယာဉ်အစင်းရေ (၂၀) ခန့်သာ သက် ဆင်းခွင့်ပြုထားပါသည်။ တရုတ်နိုင်ငံတွင် ပြန်လည်အဖြစ်အများဆုံးရောဂါကူးစက်ခံရသူများမှာ ရုရှားနိုင်ငံမှ ပြန်လာသူများဖြစ်ကြသည်ကို တွေ့ရပြီး ရုရှားတွင် နေထိုင်ကြသော တရုတ်နိုင်ငံသားအများ အပြားမှာ တရုတ်နိုင်ငံသို့ ပြန်လာကြရန် ကြိုးစားနေကြသဖြင့် တရုတ်နှင့် ရုရှားနယ်စပ်မှ ကူးသန်းသွားလာခြင်းကို တားမြစ်ထားပြီး မော်စကိုမှ လေကြောင်းများကို စောင့်ကြည့်လျက်ရှိပါသည်။

အခြားတစ်ဖက်တွင်လည်း နိုင်ငံအတွင်း၌  ပြည်နယ်များနှင့် မြို့တော်များမှှာ စားသုံးမှုကိုမြှင့်တင်ပြီး စီးပွားရေးပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိစေရေး ကြိုးပမ်းအားထုတ်သောအားဖြင့် ပြည်တွင်း ခရီးသွားလာမှုကန့်သတ်ချက်ကို ဖြေလျှော့ပေးထားပါသည်။ သို့ရာတွင် ပြည်တွင်း၌ ရောဂါကြပ်မတ်စစ်ဆေးသည့် မူဝါဒများမှာ တည်ရှိနေဆဲဖြစ်ပြီး တစ်နေရာနှင့် တစ်နေရာ ပြောင်းလဲနေသောကြောင့် အလုပ်ကိစ္စအတွက် ခရီးသွားလာနေသူများအနေဖြင့် ရှုပ်ထွေးမှုများ ဖြစ်ပေါ်စေလျက်ရှိသဖြင့် အောက်ဖော်ပြပါအတိုင်း ရှင်းလင်းဖော်ပြပေးလိုက်ရပါသည် -

တရုတ်နှင့် ရုရှားအကြား နယ်စပ်ဒေသအား ကန့်သတ်ထိန်းချုပ်ထားခြင်း

မေလ ၈ ရက်နေ့မှစတင်၍ ရုရှားနိုင်ငံ၊ မော်စကိုမှ တရုတ်နိုင်ငံသို့ လေကြောင်းဖြင့် လာရောက်ကြမည့်သူများမှာ COVID-19 ရောဂါကင်းစင်ကြောင်း ထောက်ခံချက်အား အသိအမှတ်ပြုထားသော စစ်ဆေးရေးအဖွဲ့အစည်း (၆) ခုအနက် မည်သည့်အဖွဲ့အစည်းမှမဆို လေယာဉ်ပေါ်မတက်မီ နာရီ (၁၂၀) ကြိုတင်၍ တင်ပြရမည်ဖြစ်ပါသည်။ ဧပြီလအစောပိုင်းက မော်စကိုမှ ရောက်ရှိလာသော တရုတ် လေကြောင်းလိုင်းဖြင့် လိုက်ပါစီးနင်းသူအချို့တို့ကြား၌ COVID-19 ရောဂါဖြစ်ပွားခဲ့သည့်လူနာ ဒါဇင်ပေါင်းများစွာရှိလာခဲ့သဖြင့် မေလ ၁ ရက်နေ့တွင် ၎င်းမူဝါဒနှင့် အလားတူမူဝါဒမျိုး ချမှတ်ခဲ့ပြီး လေယာဉ်ပေါ်မတက်မီ (၇၂) နာရီ ကြိုတင်၍ တင်ပြရမည်ဟု ထုတ်ပြန်ခဲ့ဖူးပါသည်။ ယခု နာရီ (၁၂၀) ကြိုတင်၍ တင်ပြရမည် ဟူသည်မှာ ယခင်မူဝါဒအပေါ် ပြင်ဆင်ချက် ဖြစ်ပါသည်။

တရုတ်နိုင်ငံတွင် အရှေ့မြောက်နှင့် တောင်ပိုင်းနယ်စပ်ဒေသများမှအပ နေရာအများစု၌ ရောဂါဖြစ်ပွားသူ အသစ်ထပ်တိုးလာခြင်းမရှိတော့သည်ကို တွေ့ရပါသည်။  ဧပြီလအစောပိုင်းက အရှေ့မြောက် ဒေသဘက်မှ ရုရှားနှင့် နယ်စပ်ဒေသဖြစ်သည့် ဟေလုံကျန်းပြည်နယ်ရှိ မြို့တော် (၂) မြို့၌ ရောဂါဖြစ်ပွားမှုမြင့်တက်လာသည်ကို တွေ့ရှိခဲ့သဖြင့် ဝူဟန်မြို့နီးတူ အသွားအလာဖြတ်တောက်သည့် စီမံ ဆောင်ရွက်မှုများ ကျင့်သုံးခဲ့ရပါသည်။

ဧပြီလ ၂၂ ရက်နေ့တွင် ဟာဘင်မြူနီစီပယ်အစိုးရသည် ဒေသခံမဟုတ်သူများနှင့် မော်တော်ယာဉ်များဝင်ရောက်လာမှုအား တားမြစ်ခဲ့ပါသည်။  ထိုအတောအတွင်း လူနေအဆောက်အအုံများ၌ အတည်ပြု လူနာအသစ်များ၊ သံသယလူနာအသစ်များ သို့မဟုတ် ရောဂါလက္ခဏာမပြဘဲ ကူးစက်နေသူများကို ၁၄ ရက် အသွားအလာဖြတ်တောက်၍ သီးသန့်နေစေခဲ့ပါသည်။

မူတန်းကျန်း၏ လူဉီးရေ (၇) သောင်းမျှသာရှိသော မြို့ငယ်လေးဖြစ်သည့် ဆွေဖမ်းဟော်မှာ ရုရှနိုင်ငံ၏ Vladivostok ဆိပ်ကမ်းမြို့မှ (၁၂၀) ကီလိုမီတာ (၇၅ မိုင်) မျှသာ ဝေးကွာပါသည်။ တရုတ်နိုင်ငံ သားများမှ ရုရှားမှပြန်လာကြသဖြင့် ၎င်းမြို့တွင် လူဉီးရေထူထပ်များပြားခဲ့ပြီး ရောဂါများဖြစ်ပွားလာသဖြင့် ဧပြီလ ၈ ရက်နေ့မှစတင်ကာ ရပ်ရွာလူထုအားလုံးကို ပိတ်ထားခဲ့ရကာ ဧပြီလ ၁၂ ရက်နေ့မှ စ၍ (၂၄) နာရီကင်းလှည့်စောင့်ကြည့်မှု စတင်ပြုလုပ်ခဲ့ပါသည်။

အထက်ဖော်ပြပါ မြို့တော်နှစ်ရပ်တို့က  လေယာဉ်ဖြင့် ဆိုက်ရောက်လာချိန် nucleic acid  စစ်ဆေးမှုများနှင့် antibody စစ်ဆေးမှုများကို မဖြစ်မနေပြုလုပ်ရမည်ဖြစ်ပြီး၊ ၎င်းနောက်တွင် ၁၄ ရက် သတ် မှတ်ထားသောနေရာတွင်နေ၍ ၁၄ ရက် အိမ်တွင်နေရမည့် (၂၈) ရက် သီးခြားနေအစီအစဉ်အား ကြေငြာခဲ့ပါသည်။

တရုတ်နိုင်ငံတောင်ပိုင်းကွမ်ရှီးပြည်နယ်၏ ကွေ့လင်မြို့တွင်လည်း (၂၈) ရက် သီးခြားနေစေသည့်မူဝါဒကို ကျင့်သုံးပါသည်။ ဧပြီလ (၂၇) နေ့တွင် တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်မှ တာဝန်ရှိသူ က တရုတ်နိုင်ငံတောင်ပိုင်း နယ်စပ်ဒေသများမှာ ကျန်းမာရေးစနစ်များ ကြိုတင်ပြင်ဆင်မှုအားနည်းရာ ပြည်ပမှ ရောဂါပြန်လည်ဝင်ရောက်လာနိုင်မည့် အလားအလာများကြောင်း သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာခရီးသွားလာမှုကန့်သတ်ချက်များ

နိုင်ငံခြားသားများ ဝင်ရောက်လာမှုအား ဆိုင်းငံ့ခြင်း

‌ကမ္ဘာတဝှမ်းတွွင် COVID-19 ရောဂါလျင်မြန်စွာ ပျံ့နှံ့ဖြစ်ပွားလာခြင်းကို တုန့်ပြန်သောအားဖြင့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၈ ရက် ညဉ့်သန်းကောင်မှစ၍ နိုင်ငံခြားသားအများစုဝင်ရောက်ခြင်းကို တရုတ်က ဆိုင်းငံ့ထားပါသည်။ ထိုသို့ဆိုင်းငံ့မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၂၆ ရက်နေ့တွင်ကြေငြာခဲ့ပြီး အောက်ဖော်ပြပါ ဗီဇာအမျိုးအစားကိုင်စင်သူများကိုပါ ပြည်ဝင်ခွင့်မပြုခြင်း ဖြစ်ပါသည် -

(၁)     တရုတ်ဗီဇာ

(၂)     နေထိုင်ခွင့်ပါမစ်

(၃)     APEC စီးပွားရေး/ အလုပ် ခရီးသွားလာခွင့်ကဒ်နှင့်

(၄)     ဆိပ်ကမ်းဗီဇာ

တားမြစ်ရာ၌ အောက်ဖော်ပြပါမူဝါဒများအောက်တွင် တရုတ်နိုင်ငံသို့ ဝင်ရောက်ရန် စီစဉ်နေသူများလည်း ပါဝင်သည် -

(၁)     ဖြတ်သန်းခွင့်ဗီဇာဖြင့် လာရောက်စဉ် ၂၄ နာရီ/ ၇၂ နာရီ/ ၁၄၄ နာရီ  ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်ခွင့်ပြုသည့်မူဝါဒ

                      (၂)     ဟိုင်နန် ရက်ပေါင်း (၃၀) ဗီဇာကင်းလွတ်ခွင့်မူဝါဒ

(၃)     ရှန်ဟိုင်းဆိပ်ကမ်းမှတဆင့် ရောက်ရှိလာသည့် နိုင်ငံခြားအပျော်စီးသင်္ဘောအုပ်စု ခရီးစဉ်များအတွက် ရက်ပေါင်း (၁၅) ရက် ဗီဇာကင်းလွတ်ခွင့်ပေးသည့် မူဝါဒ

(၄)     ဟောင်ကောင် သို့မဟုတ် မကာအို SAR မှ နိုင်ငံခြားအုပ်စုခရီးစဉ်များအတွက် ကွမ်တုန်း (၁၄၄) နာရီဗီဇာကင်းလွတ်ခွင့်မူဝါဒ

(၅)     အာဆီယံနိုင်ငံများ၏ နိုင်ငံခြားခရီးသွားအုပ်စုများအတွက် ကွမ်ရှီး ရက်ပေါင်း (၁၅) ရက် ဗီဇာကင်းလွတ်ခွင့်မူဝါဒ

သို့ရာတွင် အောက်ဖော်ပြပါ ဗီဇာအမျိုးအစားကိုင်ဆောင်သူများအတွက်မူ သက်ရောက်မည်မဟုတ်ပါ -

(၁)     သံတမန်၊ ဝန်ထမ်း၊ လာရောက်တွေ့ဆုံမှု (courtesy) သို့မဟုတ် လေယာဉ်ဝန်ထမ်းဗီဇာများ နှင့်

(၂)     နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေငြာချက်ပြီးနောက် ပြည်ပရှိတရုတ်သံရုံးများ သို့မဟုတ် ကောင်စစ်ဝန်ချုပ်ရုံးများမှ ခွင့်ပြုလိုက်သည့် ဗီဇာအသစ်

သို့ရာတွင် ထိုကဲ့သို့ ဆိုင်းငံ့တားမြစ်ထားမှုမှာ နိုင်ငံတကာမှ လှုပ်ရှားဆောင်ရွက်မှုများအား နှောင့်နှေးစေသဖြင့် အချို့နိုင်ငံများနှင့် ဝင်ထွက်မှုတားမြစ်ထားမှုများအား ဖြေလျှော့ပေးရန် တရုတ်အရာရှိများ က မကြာသေးမီက တင်ပြထားသည်ဟု သိရပါသည်။

Wall Streetဂျာနယ်မှ ဖော်ပြချက်အရ တရုတ်နိုင်ငံက အာရှ-ပစိဖိတ်ဒေသတဝှမ်း နိုင်ငံပေါင်း တစ်ဒါဇင်ခန့်နှင့် နိုင်ငံများအကြား မဖြစ်မနေခရီးသွားလာမှုများအား အဆင်ပြေ ချောမွေ့စေရန် တရားဝင် ရော အလွတ်သဘောပါ ချဉ်းကပ်ဆွေးနွေးနေကြောင်း သိရပါ သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Geng Shuang ၏ ဧပြီလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ပြောကြားချက်အရ တောင်ကိုရီးယားနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ချက်ချင်းမဖြစ်မနေခရီးသွားလာ ရမှုအတွက် အမြန်ခြေရာခံ စီမံဆောင်ရွက်မှုတစ်ရပ်အား တည်ဆောင်ရေးအပေါ် မူအားဖြင့်သဘောတူညီမှုရရှိထားပြီးဖြစ်ကြောင်း သိရှိရပြီး ဧပြီလ ၃၀ ရက်နေ့တွင် ထပ်မံထုတ်ပြန်ချက်အရ တောင်ကိုရီး ယားမှ ခရီးသွားများအား တရုတ်နိုင်ငံ၏ ပြည်နယ်နှင့်မြို့တော် (၁၀) ခုဆီသို့ ဉီးဆုံးဝင်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ၎င်းတို့အား ဗီဇာထုတ်မပေးမီ ကျန်းမာရေးဆေးစစ်မှုကို အောင်မြင်ရမည်ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံသို့ ရောက်ရှိလာချိန်တွင် သီးခြားနေရလိမ့်ဉီးမည်ဖြစ်ကြောင်း သိရပါသည်။  တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာမည့် တရုတ်ခရီးသွားများအနေဖြင့် ကျန်းမာရေးလိုအပ်ချက်များနှင့် ပြည့်စုံ ပါက ရောက်ရှိချိန်တွင် သီးခြားနေရန်မလိုကြောင်း သိရပါသည်။ အလားတူဆွေးနွေးညှိနှိုင်းမှုမျိုးကို စင်ကာပူနှင့်လည်း ပြုလုပ်လျက်ရှိပါသည်။

ပြည်နယ်အဆင့်ခရီးသွားလာမှုကန့်သတ်ချက်များ

ပြည်နယ်တစ်ခုချင်းအလိုက် မူဝါဒအသေးစိတ်ကွာခြားသော်လည်း ပြည်နယ်နှင့် မြို့တော်အများအပြားတို့တွင် ရောဂါဖြစ်ပွားနိုင်ခြေ အလယ်အလတ်မှသည် မြင့်မားသည့်ပြည်နယ်များနှင့် မြို့တော်များမှ လာရောက်သည့် သို့မဟုတ် နိုင်ငံခြားမှလာရောက်သည့် ပြည်တွင်းခရီးသွားများအတွက်  မဖြစ်မနေပြုလုပ်ရမည့် အိမ်တွင်အခြေပြုသည့် သို့မဟုတ် သတ်မှတ်ထားသည့်နေရာတွင် အခြေပြုသည့်သီးခြား နေထိုင်မှုမျိုးကိုပြုလုပ်ရန် လိုအပ်ပါသည်။

ဝင်ရောက်လာမည့် ခရီးသည်များအတွက် သီးခြားထားမည့်မူဝါဒများ

ဧပြီလ ၁ ရက်နေ့မှစ၍ တရုတ်နိုင်ငံသို့ လေကြောင်း၊ ကုန်းကြောင်း သို့မဟုတ် ပင်လယ်ရေကြောင်းမှ ရောက်ရှိလာသူအားလုံးတို့အား nucleic အက်ဆစ်ဖြင့်စစ်ဆေးခြင်းကို ဆောင်ရွက်ရန် ပြည်နယ် အစိုးရများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု အကောက်ခွန်အာဏာပိုင်များက ထုတ်ပြန်ကြေငြာထားပါသည်။

ဘေကျင်းတွင် အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းအားလုံးတို့အား (တီရန်ကျင်း၊ ရှီကျားကျွမ့်၊ Taiyuan၊ Hohhot၊ ရှန်ဟိုင်း၊ Jinan၊ ချင်းတောင်၊ နန်ကျင်း၊ Shenyang၊ တလျန်၊ ကျန်းကျိုးနှင့် ရှီအန်း) မြို့ (၁၂) မြို့အနက် တစ်မြို့မြို့သို့  သွယ်ဝိုက်၍ဆင်းသက်စေပြီး ၎င်းကို  “ပထမဝင်ရောက်သည့်နေရာ” ဟုခေါ်ဆိုပါသည်။ ၎င်းဝင်ရောက်သည့် ပထမမြို့တော်၌ (၁၄) ရက် မဖြစ်မနေ သီးခြားနေရန် လို အပ်ပါသည်။  ထိုကဲ့သို့ သီးခြားနေပြီး ပိုးမတွေ့ကြောင်း စစ်ဆေးတွေ့ရှိိသည့်အခါ ၎င်းနေ့တွင်ပင် ဘေကျင်းသို့ ခရီး ဆက်လက်ထွက်ခွာပါက ဘေကျင်းတွင် နောက်ထပ် (၁၄) ရက် သီးခြားနေရန် မလို အပ်တော့ပါ။  ထိုကဲ့သို့ ထွက်ခွာခြင်းမရှိပါက ဘေကျင်းသို့ ရောက်ရှိသည့်အခါတွင် နောက်ထပ် (၁၄) ရက် သီးခြားနေရနိုင်ပါသည်။

အကယ်၍ ဆေးဝါးအခြေအနေလိုအပ်သည့် သို့မဟုတ် အခြားအထူးအခြေအနေရှိသည့် အသက် (၇၀) ကျော် သို့မဟုတ် အသက် (၁၄) နှစ်အောက်ပုဂ္ဂိုလ်ဖြစ်လျှင်၊ ကိုယ်ဝန်ဆောင်ပုဂ္ဂိုလ်ဖြစ်လျှင် အိမ်၌ ပင် သီးခြားနေခွင့်ပြုရန်လျှောက်ထားနိုင်ပါသည်။ အခြားပုဂ္ဂိုလ်များအတွက်မူ သတ်မှတ်ထားသည့်ဟိုတယ်များ၌ မိမိစရိတ်ဖြင့် (၁၄) ရက် သီးခြားနေထိုင်ရမည်ဖြစ်ပါသည်။  ၎င်းဒေသများမှအပ အရေး ပေါ်တုန့်ပြန်မှုအကဲဖြတ်ချက် အဆင့် (၁) မှ အဆင့် (၂) ရှိသော အခြားတရုတ်ပြည်တွင်းဒေသများမှ ရောက်ရှိလာသူများအတွက် ရောက်ရှိသည့်ဒေသ၌ အိမ်တွင် (၁၄) ရက် သီးခြားနေရန် မလိုအပ်တော့ ပါ။

အလားတူပင် မတ်လ (၁၈) ရက်နေ့မှစ၍ ရှန်ဟိုင်းသို့ရောက်ရှိလာသော နိုင်ငံခြားခရီးသွားများအားလုံးတို့မှာ  ဆေးဘက်ဆိုင်ရာစစ်ဆေးမှုအတွက် သတ်မှတ်ထားသောနေရာတွင် သီးခြားနေရမည်ဖြစ် ပါသည်။  ရောဂါဖြစ်ပွားနိုင်ခြေ နည်းပါးသည့်နေရာမှ ရောက်ရှိလာသော ပြည်တွင်းခရီးသွားများအတွက် သီးခြားနေရန် မလိုအပ်တော့ပါ။

COVID-19 အတွက် ထိန်းကျောင်းကြပ်မတ်ရန် တရုတ်၏ အရောင်ဖြင့် ကုဒ်ပြုလုပ်ထားသာ ကျန်းမာရေးအစီအစဉ်

ကျန်းမာရေးကုဒ်အစီအစဉ်ပေါ် အခြေခံကာ တရုတ်၏ ပြည်နယ်အဆင့်နှင့်  စည်ပင်သာယာအဆင့် အစိုးရများအားလုံးတို့က သီးခြားထားရှိသည့် မူဝါဒများ သို့မဟုတ် ကန့်သတ်ရေးစီမံဆောင်ရွက်မှု အမျိုးမျိုးတို့ကို ချမှတ်ဆောင်ရွက်လာကြပါသည်။

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလမှစ၍ တရုတ်၏ နည်းပညာကုမ္ပဏီကြီးဖြစ်သော Tencent နှင့် Alibabaတို့က နိုင်ငံအဝှမ်း ကျန်းမာရေးကုဒ်နှင့်ဆက်နွယ်သော ဝန်ဆောင်မှုများကို စတင်လာကြပါသည်။  ၎င်းစနစ်များကို တရုတ်၏ လူသုံးများသည့် ဆက်သွယ်ရေး  app ဖြစ်သည့် WeChatနှင့် ငွေပေးချေသည့် app ဖြစ်သော Alipayတို့နှင့် ချိတ်ဆက်ထား သည်။ တရုတ်တွင် နေထိုင်သူတစ်ဉီးသည် ၎င်း၏ သက်သေခံကဒ်ပြား၊ လိပ်စာ၊ ကျန်းမာ ရေးအခြေအနေ၊ ထိတွေ့ခဲ့သည့်ရာဇဝင်နှင့် နေထိုင်မှုရာဇဝင်တို့ကို ဤ appများအတွင်း ထည့်သွင်းပြီးပါက အရောင်ပါဝင်သော ကျန်းမာရေးကုဒ်ကို ရရှိပါသည်။

 

၎င်းကျန်းမာရေးကုဒ်ကို အများပြည်သူနှင့်သက်ဆိုင်သော နေရာများ၊ အလုပ်ဌာနများနှင့် ကျောင်းများသို့သွားလာတိုင်း အဝင်နှင့် အထွက်ကို သက်သေယူခြင်းဖြင့် ဆောင်ရွက်စေပါသည်။ ထို့ပြင် ကျန်းမာ ရေးကုဒ်၏ အရောင်အပေါ်အခြေခံလျက် နိုင်ငံသားအမျိုးအစားကိုခွဲခြားနိုင်သဖြင့် လုပ်ငန်းများနှင့် ရပ်ရွာလူထုများအနေဖြင့် မှန်ကန်သည့်ထိန်းချုပ်ရေးစီမံဆောင်ရွက်မှုများကို အကောင်အထည်ဖော်နိုင် ပါသည်။

မြို့တော်တိုင်း၏ ကျန်းမာရေးကုဒ်တစ်ခုစီက ဉပဒေသများ ချမှတ်ခြင်း

ပုဂ္ဂိုလ်ရေးအချက်အလက်များကို သရုပ်ခွဲပြီးနောက် မြို့အသီးသီးက စီမံဆောင်ရွက်မှုများကို ချမှတ်ကြပါသည်။ ဉပမာ- ဟန်ကျိုးမြို့တွင် "အစိမ်းရောင်" ကုဒ်နံပတ်ရှိသော ပုဂ္ဂိုလ်များအား မြို့တော် အတွင်း လွတ်လပ်စွာ သွားလာခွင့်ပြုထားပါသည်။ "အနီရောင်" နှင့် "အဝါရောင်" ကုဒ်နံပတ်များ၏ ပိုင်ရှင်များရောက်ရှိလာပါက အိမ်တွင် သို့မဟုတ် သတ်မှတ်ထားသောဟိုတယ်တွင် (၁၄) ရက်နေစေ ပြီး (၇) ရက်သီးခြားနေစေရန်  လိုအပ်ပါမည်။

ယခင်က ကျန်းမာရေးအရောင်ကုဒ်စနစ်များမှာ ပြည်နယ်များနှင့် မြို့တော်များအလိုက် ကွဲပြားနေသောကြောင့် ခရီးသွားများအတွက် အဆင်မပြေမှုများဖြစ်ပေါ်စေခဲ့ပါသည်။ ၎င်းတို့၏ စောဒကတက်မှု များကိုဖြေရှင်းရန် မတ်လ (၁၈) ရက်နေ့က ဘေကျင်းအစိုးရက ပြည်နယ်တစ်ခု၏ ကျန်းမာရေးလက်မှတ်များ (ကာလာကုဒ်များ) ကို အခြားပြည်နယ်က အသိအမှတ်ပြုရန်၊ (၁၄ ရက်အတွင်း လူနာ အသစ်တွေ့ရှိခြင်းမရှိသော သို့မဟုတ် ရောဂါဖြစ်ပွားသူမရှိသော) ရောဂါဖြစ်နိုင်ခြေနည်းသော ဒေသများအတွက် အတားအဆီးများ သို့မဟုတ် သီးခြားထား၍ စောင့်ကြည့်သည့်စီမံဆောင်ရွက်မှုများ မပြု ကြရန် အစိုးရက တိုက်တွန်းခဲ့ပါသည်။ ယခုအခါတွင်မူ တရုတ်နိုင်ငံ၌ နည်းပညာကို အခြေခံလျက် ကျန်းမာရေး ကုဒ်စနစ်တစ်ခုကိုသာ အသုံးပြုနိုင်ကြပြီဖြစ်ပါသည်။ 

တရုတ်၏ ဒေသတွင်း ရောဂါပျံ့နှံ့ဖြစ်ပွားနိုင်ခြေအဆင့်

မကြာသေးမီက တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က မိမိအနီးတဝိုက်၌ သို့မဟုတ် မိမိသွားရောက်မည့်နေရာအနီးတဝိုက်၌ ရောဂါဖြစ်ပွားမှုများရှိနေသည် သို့မဟုတ် ဖြစ်နိုင်ခြေရှိသည်စသည်တို့ကို ကြည့်ရှုနိုင်မည့် WeChat mini program တစ်ခုကို စတင်ခဲ့ပါသည်။ ၎င်း programအရ ရောဂါဖြစ်ပွားသူနှင့် လွန်ခဲ့သော (၁၄) ရက်အတွင်း အများပြည်သူပို့ဆောင်ရေးယာဉ် အတူတူစီးနင်းခဲ့မှုများရှိပါက စစ်ဆေးနိုင်ပါသည်။

ကျန်းမာရေးအရောင်စနစ်နှင့်အလားတူပင်  ရောဂါဖြစ်ပွားနိုင်ခြေအနေအထားအား နည်းပါးပါက "အစိမ်းရောင်"၊ အလယ်အလတ်ရှိပါက "အဝါရောင်" နှင့် ဖြစ်နိုင်ခြေများပါက "အနီရောင်" တို့ဖြင့် ဖော်ပြပါသည်။ အနီးဝန်းကျင်၌ ရောဂါအသစ်ဖြစ်ပွားမှုအပေါ် အခြေခံလျက်  အောက်ဖော်ပြပါအတိုင်း ဖြစ်ပွားနိုင်ခြေကို အကဲဖြတ်ခြင်းဖြစ်ပါသည် -

(၁)     ဖြစ်ပွားနိုင်ခြေနည်းပါးသော ဒေသများ - လွန်ခဲ့သော (၁၄) ရက်အတွင်း ရောဂါဖြစ်ပွားသူအသစ်မတွေ့ရှိခြင်း သို့မဟုတ် ရောဂါဖြစ်ပွားမှုမရှိခြင်း

                     (၂)    ဖြစ်ပွားနိုင်ခြေအလယ်အလတ်ရှိသော ဒေသများ- လွန်ခဲ့သော (၁၄) ရက်အတွင်း ရောဂါဖြစ်ပွားသူအသစ်ရှိသော်လည်း လူနာ (၅၀) ဉီးထက်ကျော်လွန်ခြင်းမရှိခြင်း သို့မဟုတ် လူနာ (၅၀) ဉီးထက်ကျော်လွန်ပါကလည်း  လွန်ခဲ့သည့် (၁၄) ရက်အတွင်း အစုလိုက်ပျံ့နှံ့ဖြစ်ပွားမှုမရှိခြင်း

                     (၃) ဖြစ်ပွားနိုင်ချေမြင့်သောဒေသများ- လွန်ခဲ့သော (၁၄) ရက်အတွင်း ရောဂါဖြစ်ပွားသူ (၅၀) ဦးထက်ကျော်လွန်သည့်အပြင် အစုလိုက်ပျံ့နှံ့ဖြစ်ပွားခြင်း         

 

(ကပ်ရောဂါစတင်ပျံ့နှံ့ဖြစ်ပွားခဲ့ရာ ဝူဟန်မြို့မှလူများကို အစိမ်းရောင်ဖြင့် ကျန်းမာရေးကုဒ်နံပတ်ထုတ်ပေးထားပြီဖြစ်ပါသည်။ သို့သော်လည်း မေလ ၁ ရက်နေ့တွင်  ဟားပင်မြို့ရှိ တောင်းဝိုက်နှင့် နန်ဂန်း စီရင်စုများ၊ မူတန်းကျန်းမြို့ရှိ ဆွေဖမ်းဟော်တို့အား ဖြစ်ပွားနိုင်ခြေ အလယ်အလတ်ရှိသောမြို့များအဖြစ် သတ်မှတ်ခဲ့ပါသည်။ မေလ ၇ ရက်မှစ၍ တရုတ်တစ်နိုင်ငံလုံးအား ကူးစက်နိုင်ခြေအနည်းဆုံး အဖြစ်သတ်မှတ်ခဲ့ပြီး ၎င်းသတ်မှတ်ချက်တွင် ယခင်က ကူးစက်နိုင်ခြေအလယ်အလတ်ရှိသည်ဟု သတ်မှတ်ခဲ့သော ဟားပင်နှင့် ဟေလုံကျန်းပြည်နယ်ရှိ ဆွေဖမ်းဟော်တို့လည်း ပါဝင်ခဲ့ပါသည်။

အငယ်စားထိန်းချုပ်မှုစီမံဆောင်ရွက်မှုများအား သတိထားရန်လိုအပ်ခြင်း

ခြုံငုံ၍တင်ပြရလျှင် စီးပွားရေးလုပ်ငန်းများနှင့် စားသုံးမှုကိုမြှင့်တင်ရာတွင် တရုတ်နိုင်ငံက ၎င်းနိုင်ငံအတွင်း ခရီးသွားလာမှုများကို ဖြေလျှော့ပေးနေသော်လည်း အောက်ခြေအဆင့်တွင် အသေးစားထိန်း ချုပ်ရေးမူဝါဒများကို ဆောင်ရွက်ဆဲဖြစ်ပါသည်။ ဉပမာ- ဖျော်ဖြေရေးအဆောင်အယောင်များအား ရပ်ဆိုင်းထားဆဲဖြစ်ကာ ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ရန်ကိုလည်း ခွင့်မပြုသေးပါ။ အချို့ရုံးအဆောက် အအုံများ၊ ပြင်ပတွင် အားကစားပြုလုပ်နိုင်သော နေရာများ၊ ဟိုတယ်များ၊ ဈေးဝယ်သည့်နေရာများ၊ ဈေးဝယ်သည့် shopping mallများ၊ မြေအောက်ဘူတာရုံများ၊ အများပြည်သူပို့ဆောင်ရေးယာဉ်များ တွင် ကိုယ်အပူချိန်စစ်ဆေးခြင်း၊ ခရီးသည်များ၏ ကုဒ်နံပတ်များရယူထားခြင်းနှင့် နှာခေါင်းစည်းများဝတ်ဆင်ရန်လိုအပ်ခြင်း စသည့်စီမံဆောင်ရွက်မှုများကို ပြုလုပ်နေဆဲဖြစ်ပါသည်။

မန်ကျိုးလီမြို့တော် (မွန်ဂိုလီးယားအတွင်းပိုင်း)၊ ကွွမ်ကျိုးရှိ ကျယ်ရန်မြို့၊ ရွဲ့ရှူးနှင့် ပိုင်တုစီရင်စုများ၊ (ကွမ်တုန်းပြည်နယ်) ရှန်းကျန့်ရှိ ပေါင်အန်းစီရင်စု၊ (ဟေလုံကျန်းပြည်နယ်) ဆွေဖမ်းဟော်မြို့တော် အပါအဝင် ဒေသပေါင်း (၆) ခုမှ ခရီးသည်များအတွက် ပြည်နယ်အတွင်းဝင်ရောက်မလာမီ COVID-19 ကင်းစင်ကြောင်းစစ်ဆေးမှုအား တင်ပြရန်လိုအပ်ကြောင်း ဟိုင်နန်က သတိပေးစာထုတ်ပြန်ထား ပါသည်။

ထို့ပြင် အချို့သော အမျိုးသားပန်းခြံများတွင်လည်း ပြည်တွင်းခရီးသွားလာမှုများကို တားမြစ်ထားပါသည်။ ဉပမာ အန်းဝေရှိ ဟွမ်စန်းပန်းခြံက ရောဂါဖြစ်ပွားနိုင်ခြေ အလယ်အလတ်မှမြင့်သောဒေသများ မှ လာရောက်လည်ပတ်သူများအား ဝင်ခွင့်ပြုရန် ငြင်းဆိုနိုင်ကြောင်း ဧပြီလ ၂၂ ရက်နေ့တွင် ကြေငြာခဲ့ပါသည်။ 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ China Briefing (၇-၅-၂၀၂၀)

Category: China(Nanning)