China(Nanning)

COVID-19အား ထိန်းချုပ်နိုင်ရန် အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်များတွင် လမ်းညွှန်ချက်များ ချမှတ်ထားသည့် တရုတ်နိုင်ငံ

Last Updated:

တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်မှ ဇူလိုင်လ (၂၁) ရက်နေ့တွင် ထုတ်ပြန်ထားသော နည်းပညာဆိုင်ရာလမ်းညွှန်ချက်အရ  အများပြည်သူသုံး ခရီးသည်တင်ယာဉ်များတွင် လိုက်ပါစီးနင်းသူများ သည်   COVID-19 ဖြစ်ပွားသည်ဟု အတည်ပြုထားလျှင် (သို့မဟုတ်) သံသယရှိခြင်းခံရလျှင် (သို့မဟုတ်) ရောဂါလက္ခဏာမပြသဘဲ ကူးစက်ခံထားရသူဖြစ်လျှင် ခွင့်ပြုချက်မရဘဲ ထွက်ခွာ ခွင့်မရှိဟုသိရ ပါသည်။

၎င်းပုဂ္ဂိုလ်သည် ပြည်သူ့ပို့ဆောင်ရေးဝန်ထမ်းများ၏ ညွှန်ကြားချက်များကို ချက်ချင်းလိုက်နာရမည့်အပြင် သင့်လျော်သည့် ကာကွယ်ရေးစီမံဆောင်ရွက်မှုများကိုလည်း ပြုလုပ်ရမည်ဖြစ်ပါသည်။

၎င်းစည်းကမ်းအား အများပြည်သူနှင့်ဆိုင်သော လေယာဉ်များ၊ ရထားများ၊ မြို့အချင်းချင်းအကြား ပြေးဆွဲသောဘတ်စ်ကားများ၊ မြို့အတွင်းပြေးဆွဲသောဘတ်စ်ကားများ၊ သင်္ဘောများနှင့် အငှားယာဉ်များ အားလုံး၌ ကျင့်သုံးသွားမည်ဖြစ်ပါသည်။ ထို့ပြင် ယာဉ်များအတွင်း  နှံ့နှံ့စပ်စပ်ပိုးသတ်ခြင်းမပြုမီ ရောဂါကူးစက်မှုအဆင့်များကိုသတ်မှတ်ရန် အားထုတ်မှုများကို ဒေသခံရောဂါထိန်းချုပ်ရေးနှင့် ကာကွယ် ရေးစင်တာများကို လမ်းညွှန်သွားမည်ဖြစ်ပါသည်။ ဆေးဘက်ဆိုင်ရာအညစ်အကြေးများအပေါ် လိုက်နာဆောင်ရွက်ရမည့် ဉပဒေသများနှင့်အညီ အဝတ်၊ ခေါင်းအုံးနှင့် အိပ်ရာခင်းကဲ့သို့သော အမှိုက်များ နှင့် အသုံးပြုပြီးပစ္စည်းများကို ကိုင်တွယ်ရမည်ဟုလည်း လမ်းညွှန်ချက်၌ ဖော်ပြထားပါသည်။

ဇူလိုင်လ (၂၁) ရက်နေ့တွင် ထုတ်ပြန်သည့်လမ်းညွှန်မှုများမှာ ကပ်ရောဂါပျံ့နှံ့မှုအသစ်ဖြစ်လာနိုင်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် ကာကွယ်ရေးစီမံဆောင်ရွက်မှုများကို အသက်ဝင်ထားစေရန် ကော်မရှင်က ထုတ်ပြန်ခြင်းဖြစ်ပြီး၊ ယာယီသီးခြားထားခြင်း (သို့မဟုတ်) ကုသမှုအဆောင်အယောင်များပေးခြင်း၊ အများပြည်သူသုံးနေရာများတွင် လေအအေးပေးရာ၌ စီခံခန့်ခွဲရေးနှင့် လေဝင်လေထွက် စနစ်တို့အတွက် ကြိုတင်သတိပြုရန် သတ်မှတ်ချက်များကိုလည်း အခြားညွှန်ကြားချက် (၅) ရပ်ဖြင့် ထုတ်ပြန်ကြေငြာထားပါသည်။ ၎င်းထုတ်ပြန်ကြေငြာချက်များဖြင့် အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် လူတစ်ဉီးချင်းလိုက်နာရမည့် ကျင့်ဝတ်များနှင့် ကာကွယ်ရေးစီမံဆောင်ရွက်မှုများအပေါ်  လမ်းညွှန်မှုများပြုထားပါသည်။

တရုတ်နိုင်ငံသည် ဟူပေပြည်နယ်မှ အစပြုခဲ့သည့် ပထမဆုံးကပ်ရောဂါဖြစ်ပွားမှုအား  စီမံခန့်ခွဲခဲ့ကာ မကြာသေးမီအချိန်ကလည်း ဘေကျင်းရှိ အစားအစာလက်ကားရောင်းချသောဈေးမှ အနည်းငယ် ကူးစက်ပျံ့ပွားမှုဖြစ်ပေါ်ခဲ့ပါသည်။

ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း Xinjiang Uygurကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှစတင်၍ အစုလိုက်ကူးစက်မှုအသစ်များနှင့် ရင်ဆိုင်လာရသောကြောင့်  အနာဂတ်တွင် ပုံမှန်မဟုတ်သည့် ကူးစက်မှုများ အများအားဖြင့်ဖြစ်လာနိုင်ကြောင်းနှင့် ရောဂါကာကွယ်ရေး စီမံဆောင်ရွက်မှုများကို ကြိုတင်သတိပြုဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်လာကြပါသည်။

အသစ်ထုတ်ပြန်ကြေငြာချက်အရ လူသုံးများသော အများပြည်သူနှင့်ဆိုင်သော အသုံးအဆောင်များနှင့် ရုံးများ၊ ဟိုတယ်များ၊ ဈေး ဝယ်မောလ်များ၊ ဘဏ်များ၊ စားသောက်ဆိုင်များနှင့် အစားအသောက် ဈေးများကဲ့သို့ လူစုဝေးမှုများပြားသည့်နေရာများမှာ ကူးစက်ပျံ့ပွားမှု ပိုမိုမြင့်လာနိုင်သောနေရာများဖြစ်ကြောင်း၊ အခြေခံနှင့် အထက်တန်းကျောင်းများ၊ သက်ကြီးစောင့်ရှေကာ်မှု ဂေဟာများ၊ အကျဉ်း ထောင်များ၊ စိတ်ရောဂါကုဆေးခန်းများတွင် ရောဂါကူးစက်ပျံ့နှံ့မှုအတွက် ပိုမိုသတိပြုဆောင်ရွက်ထားသင့်ကြောင်း သိရပါသည်။

ကြိုတင်ပြင်ဆင်မှုများ၌ ဗိုင်းရပ်ထိန်းချုပ်ရေးကိရိယာတန်ဆာပလာများကို စုဆောင်းခြင်း၊ အရေးပေါ်အစီအမံများ ချမှတ်ထား ခြင်း၊ ကိုယ်ပူချိန်တိုင်းတာခြင်းအား တင်းကြပ်စွာလိုက်နာဆောင်ရွက်စေ ရေးနှင့် တစ်ဉီးနှင့်တစ်ဉီး ခပ်ခွာခွာနေစေခြင်းအား အကောင်အထည်ဖော်ခြင်းတို့ ပါဝင်ပါသည်။

ရောဂါဖြစ်ပွားမှုနည်းပါးသောဧရိယာများတွင် အများပြည်သူသုံး အဆောင်အယောင်များကို ပုံမှန်အတိုင်း ဖွင့်လှစ်လည်ပတ်နိုင်ပါ သည်။ သို့ရာတွင် ရောဂါဖြစ်ပွားမှု အလယ်အလတ်မှ မြင့်မားသောဧရိယာ များ၌ အလုပ်ဖွင့်ချိန်အား တိုတောင်းစေသင့်ပြီး၊  လူစုလူဝေးဖြင့် ဆောင်ရွက်မှုများကို လျှော့ချသင့်ပါသည်။

ရောဂါဖြစ်ပွားမှု အလယ်အလတ်မှ မြင့်မားသောဧရိယာများတွင် ရုပ်ရှင်ရုံများ၊ ပြဇာတ်ရုံများနှင့် ကာရာအိုကေဘားများကို ပိတ်ထားသင့်ပါသည်။ သက်ကြီးဂေဟာများ၊ ကလေးသူငယ်ပြုစုရေးဂေဟာ များနှင့် အကျဉ်းထောင်များသို့ လူပုဂ္ဂိုလ်များသွားရောက်မှု ကိုတားမြစ်ထားမည်ဖြစ်ပြီး၊ ၎င်းအစား အွန်လိုင်းမှတွေ့ဆုံစေမှုဖြင့် အစားထိုးဆောင်ရွက်သွားမည်ဖြစ်ပါသည်။

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ China Daily (၂၃-၇-၂၀၂၀)

Category: China(Nanning)