China(Nanning)

၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မြင့်တက်လာ

Last Updated:

ပဏာမတွက်ချက်မှုများအရ ၂၀၂၂ ခုနှစ်အတွက် တရုတ်နိုင်ငံ၏ GDP သည် ၁၂၁.၀၂ ထရီလီယံယွမ်ရှိခဲ့ပြီး တစ်နှစ်လျှင် ၃.၀ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ တရုတ်နိုင်ငံအနေ ဖြင့် ၂၀၂၂ ခုနှစ်၌ စီးပွားရေးနှင့် လူမှုရေးတိုးတက်မှုတို့တွင် အပြုသဘောဆောင်သော ရလဒ်ကောင်းများကို ရရှိခဲ့ကြောင်း သိရှိရပါသည်။ ပြီးခဲ့သည့် (၃)နှစ်တာကာလအတွင်း တရုတ်နိုင်ငံ၏ ပျမ်းမျှ GDP တိုးတက်မှုနှုန်းသည် ၄.၅ ရာခိုင်နှုန်းရှိခဲ့ပြီး တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် GDP တိုးတက်မှုနှုန်းသည် ၁.၈ ရာခိုင်နှုန်း၊ အမေရိကန်ပြည်ထောင်စုသည် ၁.၆ ရာခိုင်နှုန်း၊ ဥရောပနိုင်ငံများသည် ၀.၇ ရာခိုင်နှုန်းနှင့် ဂျပန်သည် (-၀.၃ ရာခိုင်နှုန်း) သာ အသီးသီးရှိခဲ့ပါသည်။

တရုတ်နိုင်ငံသည် ၂၀၂၂ ခုနှစ်တွင်  သီးနှံထွက်ရှိမှုစုစုပေါင်း တန်ချိန် ၆၈၆.၅၃ သန်း ရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်ထက် တန်ချိန် ၃.၆၈ သန်း ပိုမိုထွက်ရှိခဲ့ပါသည်။ အဆင့်မြင့်နည်းပညာ ထုတ်လုပ်မှုအနေဖြင့် ၇.၄ ရာခိုင်နှုန်းနှင့် စက်ကိရိယာထုတ်လုပ်မှုတွင် ၅.၆ ရာခိုင်နှုန်း အသီးသီး တိုးတက်ခဲ့ပါသည်။ ဝန်ဆောင်မှုကဏ္ဍ၌လည်း ပြန်လည်ကောင်းမွန်လာပြီး ၂.၃ ရာခိုင်နှုန်း တိုးတက်လာခဲ့ပါသည်။ ခေတ်မီဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် သတင်းအချက်အလက်နည်းပညာ ဝန်ဆောင်မှုများမှာ ၉.၁ ရာခိုင်နှုန်း၊ ဘဏ္ဍာရေးဝန်ဆောင်မှု လုပ်ငန်းများ သည် ၅.၆ ရာခိုင်နှုန်း အသီးသီး တိုးတက်မှုရှိခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ ၂၀၂၂ ခုနှစ် ပြည်ပကုန်စည်ကုန်သွယ်မှုမှာ ယွမ် ၄၂.၀၇ ထရီလီယံရှိခဲ့ ပြီး ၇.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ စက်ပစ္စည်းနှင့်လျှပ်စစ်ပစ္စည်းကုန်သွယ်မှုမှာ ၂.၅ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး စုစုပေါင်းကုန်သွယ်မှု၏ ၄၉.၁ရာခိုင်နှုန်းရှိခဲ့ကြောင်းနှင့် ဝန်ဆောင်မှု ကုန်သွယ်ရေးမှာ ယွမ် ၅.၉၈ ထရီလီယံ ရှိခဲ့ပြီး ၁၂.၉ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။

အလားတူ Consumer price index (CPI) လည်း ၀.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ်တွင် အလုပ်အကိုင်ရရှိမှုမှာ တည်ငြိမ်နေခဲ့ပြီး မြို့ပြတွင် အလုပ်အကိုင်အသစ် ခန့်ထားနိုင်မှုမှာ ၁၂.၀၆ သန်း ရှိခဲ့သဖြင့် နှစ်စဉ်ရည်မှန်းချက်ဖြစ်သည့် ၁၁ သန်းကို ကျော်လွန်ခဲ့ကြောင်း သိရှိရပါသည်။

စီးပွားရေးတိုးတက်မှုနှင့်အတူ ပြည်တွင်းနေထိုင်သူများ၏ ဝင်ငွေမှာလည်း တိုးတက်လာခဲ့ပြီး တစ်ဦးချင်းဝင်ငွေမှာလည်း ၃၆၈၈၃ ယွမ်ရှိခဲ့ကြောင်း၊ စီးပွားရေးတိုးတက်လာခြင်းနှင့်အတူ မြို့ပြဖြစ်ထွန်းမှုနှုန်းမှာလည်း မြင့်တက်လာကြောင်း၊ ထို့ကြောင့် ခြုံငုံသုံးသပ်ရပါက ၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံအနေဖြင့် စီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှုတွင် ရလဒ်ကောင်းများ ရရှိခဲ့ကြောင်း သိရှိရပါသည်။

 

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

 

 https://www.sunsirs.com/commodity-news/petail-11594.html

https://www.sunsirs.com/commodity-news/petail-11594.html

www.chinadaily.com.cn                

https://global.chinadaily.com.cn/a/202303/19/WS64164501a31057c47ebb5413. html

https://global.chinadaily.com.cn/a/202303/06/WS64058f06a31057c47ebb2880.html

Category: China(Nanning)