ယခုနှစ် ထိုင်းနိုင်ငံ၏ ပို့ကုန်သည် ၂ ရာခိုင်နှုန်း မြင့်တက်လာမည်ဟု မျှော်မှန်းထားသော်လည်း ဘတ်ငွေတန်ဖိုး ခိုင်မာနေခြင်းသည် ယခုနှစ် ကျန်ကာလများအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နိုင်ကြောင်း Thai National Shippers’ Council က ပြောကြားခဲ့ပါသည်။
လွန်ခဲ့သော ၃ လခန့်မှစ၍ ဘတ်ငွေခိုင်မာမှုသည် ၁၂ ရာခိုင်နှုန်းရှိပါကြောင်း၊ ဘတ်ငွေခိုင်မာနေခြင်းကြောင့် စိုက်ပျိုးရေးနှင့် စက်မှုလယ်ယာထုတ်ကုန် ပို့ကုန်လုပ်ငန်းရှင်များ၏ အမြတ်ငွေကို ထိခိုက်ပါကြောင်း၊ ပြည်တွင်းလုပ်ငန်းရှင်များကို ကြိုတင်စာချုပ်များ သို့မဟုတ် နိုင်ငံခြားငွေလဲလှယ်မှု ဆိုင်ရာ ထိခိုက်မှုများသက်သာစေရန် ငွေပေးချေမှုများတွင် ဘတ်ငွေအသုံးပြုနိုင်ရေး ညှိနှိုင်းစေလို ကြောင်း၊ ပို့ကုန်သည် ၁ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်း တိုးတက်ရန် ခန့်မှန်းထားပါကြောင်း၊ ဘတ်ငွေသည် ၃၁ လအတွင်း အမြင့်ဆုံးအဆင့် ၃၂ ထိ ရောက်ရှိခဲ့ပါကြောင်း၊ ခိုင်မာမှုဆက်လက် တည်ရှိနေမည် ဆိုပါက နိုင်ငံ၏ ဈေးနှုန်းယှဉ်ပြိုင်မှုကို အားလျော့စေမည်ဖြစ်ပြီး ပို့ကုန်ဝင်ငွေ ဘတ်တန်ဖိုး နည်းစေ မည်ဖြစ်ကြောင်း၊ ယင်းသည် အကြီးမားဆုံး ထိခိုက်မှုဖြစ်ပြီး ပို့ကုန်တိုးမြှင့်နိုင်ရေး ဆောင်ရွက်ရန်ဖြစ် ကြောင်း ကောင်စီ ဥက္ကဋ္ဌ Mr. Chaichan Chareonsuk က ပြောကြားခဲ့ပါသည်။
၂၀၂၄ ခုနှစ် ကျန်ကာလများရှိ ထိခိုက်နိုင်သော အချက်များမှာ ဘတ်ငွေခိုင်မာမှု ဆက်လက် တည်ရှိနေပါက ပို့ကုန်ကို ထိခိုက်စေနိုင်မှု၊ တင်ပို့သူများသည် ဘဏ္ဍာငွေရင်းမြစ်များသို့ ရောက်ရှိမှု နည်းပါးသဖြင့် ထုတ်လုပ်သူများအတွက် ငွေဖြစ်လွယ်မှုပြတ်လပ်မှုများ ကြုံတွေ့စေနိုင်မှု၊ ပထဝီဝင် နိုင်ငံရေး ပဋိပက္ခများ၊ စီးပွားရေးမသေချာမှုများနှင့် နိုင်ငံကြီးများ အထူးသဖြင့် အမေရိကန်ရွေး ကောက်ပွဲပြီးနောက် ကုန်သွယ်ရေးမူဝါဒများစသည်တို့ ဖြစ်ပါကြောင်း၊ အမေရိကန်သည် လျှပ်စစ်မော် တော်ကားများ၊ ဆိုလာပြားများနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ အပါအဝင် တရုတ်သွင်းကုန်များအပေါ် Safeguard အခွန် ကောက်ခံခဲ့ပြီး အခြားသော ကုန်စည်များဖြစ်သည့် လက်အိတ်များနှင့် ကွန်ပျူတာ ချစ်ပ်ပြားများအပေါ် ၂၀၂၅ မှ စ၍ အခွန်တိုးမြှင့်သွားမည်ဖြစ်ကြောင်း၊ အခွန် တိုးမြှင့်လိုက်ခြင်းသည် ထုတ်ကုန်များ၏ ဈေးနှုန်းများအပေါ် သက်ရောက်စေသကဲ့သို့ တရုတ်ပို့ကုန်လုပ်ငန်းရှင်များ အတွက် လည်း သက်ရောက်မှုရှိကြောင်း Mr. Chaichan က ဖြည့်စွက်ပြောကြားခဲ့ပါသည်။
နိုင်ငံမြောက်ပိုင်းတွင် ရေလွှမ်းမိုးမှုကြောင့် စိုက်ပျိုးရေးထုတ်ကုန်များ ကျဆင်းခဲ့ပြီး ကုန်ကြမ်းပစ္စည်းဈေးနှုန်းများ မြင့်တက်လျက်ရှိပါကြောင်း၊ အတိုးနှုန်းကို လျှော့ချပေးပြီး ပို့ကုန်နှင့် GDP တိုး တက်စေရန်အတွက် ဘတ်တန်ဖိုးကို ထိန်းထားပေးရန် ဗဟိုဘဏ်ကို တောင်းဆိုလိုပါကြောင်း၊ အနည်း ဆုံး လုပ်ခလစာတိုးမြှင့်မှုကိုလည်း စောင့်ဆိုင်းပေးရန် အစိုးရကို တိုက်တွန်းလိုပါကြောင်း၊ အစိုးရ၏ စီးပွားရေးကို လှုံ့ဆော်မည့် အစီအမံများသည် ကာလလတ်နှင့် ကာလရှည်တွင် စားသုံးသူများ၏ ဝယ်ယူစွမ်းအားကို တိုးမြှင့်စေပြီး ၂၀၂၅ ခုနှစ် ပထမ ၃ လပတ်တွင် ရလဒ်ထွက်ပေါ်လာစေမည် ဖြစ် ကြောင်း Mr. Chaichan က သုံးသပ်ပြောကြားခဲ့ပါသည်။
Source: www.bangkokpost.com စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။