ဇွန်လအတွင်း ဟောင်ကောင်ဒေသသို့ လာရောက်သည့် ခရီးသွားအရေးအတွက် ၃.၁၃ သန်းရှိခဲ့ပြီး ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၄ ရာခိုင်နှုန်းတိုးတက်ခဲ့သည်ဟု ဟောင်ကောင်ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့မှ ထုတ်ပြန်ကြေညာခဲ့ကြောင်း Hong Kong Business သတင်းဌာနမှ ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၃ ရက်နေ့တွင် “Visitor arrivals in June rise 14% YoY to 3.13 million” ခေါင်းစဉ်ဖြင့်ရေးသားဖော်ပြထားပါသည်။
ထိုသို့ ဇွန်လအတွင်း ခရီးသွားလာရောက်မှုမြင့်တက်ခဲ့ခြင်းကြောင့် ၂၀၂၄ ခုနှစ် ပထမ နှစ်ဝက်အတွင်း ဟောင်ကောင်ဒေသသို့ ခရီးသွားဦးရေ ၂၁ သန်း လာရောက်ခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၆၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ ထို့သို့လာရောက်သည့် ခရီးသွားများ အနက် ၅၀ ရာခိုင်နှုန်းမှာ ညအိပ်တည်းခိုနေထိုင်သူများဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။
၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း ဟောင်ကောင်ဒေသ၏ the meetings, incentives, conventions, and exhibitions (MICE) ခရီးသွားလုပ်ငန်းကဏ္ဍသည် သိသိသာသာ တက်ကြွမှုရှိခဲ့ပြီး ဟောင်ကောင်ဒေသတွင် ပြုလုပ်သည့် အဆိုပါပွဲများသိူ့ တက်ရောက်သူ ၇၀၀,၀၀၀ ဦး ရှိခဲ့ပါသည်။ အဆိုပါ ပမာဏသည် ၂၀၁၈ ခုနှစ် စာရင်းဇယားများထက် ၈၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဒေသ၏ ခရီးသွားလုပ်ငန်းကဏ္ဍကို အလျင်အမြန်ဆုံးတိုးတက်စေခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။
ဟောင်ကောင်ဒေသသို့ လာရောက်၍ ညအိပ်တည်းခိုနေထိုင်သည့် MICE ခရီးသွား တစ်ဦး ပျမ်းမျှ သုံးစွဲငွေမှာ ဟောင်ကောင်ဒေါ်လာ ၈,၀၀၀ ခန့်ရှိပြီး၊ ညအိပ်တည်းခိုနေထိုင်သည့် အခြားခရီးသွားများ၏ တစ်ဦးချင်းပျမ်းမျှ သုံးစွဲမှုထက် ၂၀ မှ ၃၀ ရာခိုင်နှုန်း မြင့်မားကြောင်း၊ MICE ခရီးသွားများ၏ ဟောင်ကောင်ဒေသတွင် တည်းခိုနေထိုင်သည့် ကြာချိန်မှာ ပျမ်းမျှ ၃.၇ ည ဖြစ်ပြီး တည်ခိုနေထိုင်မှုကြာချိန် ၃.၂ ညသာရှိသည့် အခြားခရီးသွားများထက် ပိုမိုကြာမြင့်ကြောင်း ရေးသားဖော်ပြထားပါသည်။
ဟောင်ကောင်ဒေသအစိုးရအနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း ယဉ်ကျေးမှု၊ အနုပညာနှင့် အားကစားဆိုင်ရာ ပွဲ စုစုပေါင်း ၂၁၀ ကျော် ကျင်းပသွားမည်ဖြစ်ပြီး၊ အဆိုပါပွဲများကြောင့် ဒေသသို့ လာရောက်သူဦးရေ ၁.၇ သန်းခန့် လာရောက်ရန် မျှော်မှန်းထားပြီး၊ ထိုသို့လာရောက်မှုကြောင် စားသုံးမှုအခွန် ၇.၂ ဘီလီယံ ရရှိပြီး ဒေသစီးပွားရေးသို့ ဟောင်ကောင်ဒေါ်လာ ၄.၃ ဘီလီယံ ခန့် ထည့်သွင်းပါဝင်နိုင်ရန် မျှော်လင့်ထားကြောင်း စသည်ဖြင့်ရေးသားဖော်ပြထားပါသည်။
စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့။
 
                         
                        