China(Nanning)

တရုတ်နိုင်ငံ၊ နယ်စပ်ဒေသရှိ လွတ်လပ်သောကုန်သွယ်ရေးဇုန် (Free Trade Zone- FTZ) များသည် တရုတ်နှင့် အာဆီယံဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးလျက်ရှိ

Last Updated:

ပေပုပင်လယ်ကွေ့တွင် တည်ရှိသည့် ချင်းကျိုးဆိပ်ကမ်းသည် တရုတ်နှင့် အာဆီယံ နိုင်ငံများအကြား ကုန်သွယ်မှုနှင့် စီးပွားရေးလုပ်ငန်းများအတွက် အဓိကကျသည့်ဆိပ်ကမ်းတစ်ခု ဖြစ်ပြီး တရုတ်(ကွမ်ရှီး)လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန် (Pilot Free Trade Zone-FTZ) ၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါသည်။

အင်ဒိုနီးရှားနိုင်ငံမှ တင်သွင်းလာသည့် နီကယ်များတင်ဆောင်ထားသော သင်္ဘောတစ်စင်း သည် တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ချင်းကျိုးဆိပ်ကမ်းတွင် ဆိုက်ကပ်ခဲ့ပြီးနောက် (၄) နာရီအကြာတွင် နီကယ်များကို အနီးအနားရှိ စက်ရုံ၏ ထုတ်လုပ်မှု ပိုင်းသို့ ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ ထိရောက်မြန်ဆန်ခြင်းသည် ၎င်းတို့လုပ်ငန်းကို FTZ ထဲတွင် တည်ထောင်ထားရ ခြင်း၏ အဓိကကျသော အကြောင်းရင်းဖြစ်သည်ဟု အင်ဒိုနီးရှားနိုင်ငံမှ နီကယ်များကို တင်သွင်း သည့် Guangxi CNGR New Energy Science and Technology Co., Ltd. မှ လက်ထောက် မန်နေဂျာ Yuan Xun က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အထက်ပါကုမ္ပဏီ၏ ပင်မကုမ္ပဏီကြီးဖြစ်သော CNGR Advanced Material Co., Ltd. သည် နီကယ်သတ္တုတူးဖော်ခြင်းနှင့် နီကယ်ပြား အတွက် အင်ဒိုနီးရှားနိုင်ငံရှိ စီမံကိန်းများစွာတွင် ရင်းနှီးမြှုပ်နှံထားပြီး နီကယ်လုပ်ငန်း ကွင်းဆက်ကို တိုးချဲ့ရုံသာမက အလုပ်အကိုင်ပေါင်း (၂,၀၀၀) ခန့်ကိုလည်း ပံ့ပိုးပေးထားကြောင်း သိရှိရပါသည်။

အင်ဒိုနီးရှား၌ ထုတ်လုပ်သည့် နီကယ်ပြားများကို လျှပ်စစ်ကားများနှင့် မိုဘိုင်းလ်ဖုန်းကဲ့သို့ သော အခြားထုတ်ကုန်များအတွက် လိုအပ်သော ဘက်ထရီများထုတ်လုပ်ရာတွင် အသုံးပြုရန် တရုတ်နိုင်ငံတောင်ပိုင်း၊ ချင်းကျိုးသို့ တင်ပို့ရောင်းချခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ထောက်ပံ့ပို့ဆောင်ရေးနှင့် အခွန်စရိတ်သက်သာခြင်း၊ စီမံခန့်ခွဲရေးဆိုင်ရာခွင့်ပြုချက်များ ရရှိရန်လွယ်ကူလျင်မြန်ခြင်းနှင့် ရိုးရှင်းလွယ်ကူသောအကောက်ခွန်ရှင်းလင်းမှုများသည် လွတ်လပ် သောကုန်သွယ်ရေးဇုန်တွင် ၎င်းတို့ခံစားခဲ့ရသည့် အကျိုးကျေးဇူးများဖြစ်ကြောင်း Yuan မှ ပြောကြားခဲ့ပြီး၊ ကုမ္ပဏီ၏ ပထမအဆင့် ရင်းနှီးမြှုပ်နှံမှု ယွမ် (၁၀)ဘီလီယံခန့်ဖြင့် (အမေရိကန် ဒေါ်လာ ၁.၄ ဘီလီယံ) လုပ်ငန်းစတင်လည်ပတ်ရန် (၂၅၅)ရက်သာ အချိန်ယူခဲ့ရကြောင်း သိရှိရပါသည်။

၂၀၁၃ ခုနှစ်၊ စက်တင်ဘာလတွင် ရှန်ဟိုင်းမြို့တွင် တရုတ်နိုင်ငံ၏ ပထမဆုံးသော ရှေ့ပြေး လွတ်လပ်သောကုန်သွယ်ရေးဇုန်ကို တည်ထောင်ပြီးကတည်းက တရုတ်နိုင်ငံသည် နောက်ထပ် လွတ်လပ်သောကုန်သွယ်ရေးဇုန် (၂၀) ခုနှင့် ဟိုင်နန်လွတ်လပ်သောကုန်သွယ်ရေးဆိပ်ကမ်း (Hainan Free Trade Port) တို့ကို တည်ထောင်ခဲ့ကြောင်း သိရှိရပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု လွယ်ကူချောမွေ့စေခြင်း၊ ဆန်းသစ်သောစီမံခန့်ခွဲမှု၊ ဘဏ္ဍာ ရေးလုပ်ငန်းစဉ်များ ပွင့်လင်းဖြေလျော့ပေးမှုနှင့် စက်မှုလုပ်ငန်းများ၏ အရည်အသွေးမြင့် ဖွံ့ဖြိုး တိုးတက်မှုတို့အတွက် ရှေ့ပြေးဆောင်ရွက်မှုများကြောင့် လွတ်လပ်သောကုန်သွယ်ရေးဇုန်များ သည် အထူးသဖြင့် တရုတ်နိုင်ငံတောင်ပိုင်းဒေသတွင် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု အတွက် မောင်းနှင်အားများ ဖြစ်လာစေရုံသာမက၊ အိမ်နီးချင်း အရှေ့တောင်အာရှဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း မြှင့်တင်ပေးခဲ့ကြောင်း သိရှိရပါသည်။

အာဆီယံနိုင်ငံများနှင့် ကုန်းကြောင်းနှင့် ရေကြောင်းတို့ဖြင့်ပါ ချိတ်ဆက်ထားသော တရုတ် နိုင်ငံ၏ ဒေသတစ်ခုအနေဖြင့် ကွမ်ရှီးဒေသသည် အာဆီယံဈေးကွက်သို့ ဝင်ရောက်ရန် တရုတ် နိုင်ငံ၏ တံခါးပေါက်ဖြစ်ပြီး အာဆီယံနိုင်ငံများနှင့် ပိုမိုနီးကပ်သော စီးပွားရေးဆက်ဆံမှုများ တည်ဆောက်ခဲ့ကာ လွတ်လပ်သောကုန်သွယ်ရေးဇုန်သည် ဒေသတွင်း နိုင်ငံခြားကုန်သွယ်မှုကို ပိုမိုတိုးတက်လာစေကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်၊ ပထမနှစ်ဝက်တွင် ကွမ်းရှီးဒေသနှင့် ၎င်း၏အကြီးဆုံးကုန်သွယ်ဖက်ဖြစ်သည့် အာဆီယံနိုင်ငံများအကြား ကုန်သွယ်မှုပမာဏသည် ယွမ် (၁၆၁.၃၈) ဘီလီယံရှိပြီး တစ်နှစ်ထက် တစ်နှစ် (၉၂.၆) ရာခိုင်နှုန်း တိုးတက်ခဲ့ကာ ထိုကာလအတွင်း ကွမ်ရှီးဒေသ၏ စုစုပေါင်းပို့ကုန် သွင်းကုန်တန်ဖိုး၏ (၄၇.၆) ရာခိုင်နှုန်းရှိကြောင်း သိရှိရပါသည်။

နယ်စပ်ကုန်သွယ်ရေးမူဝါဒအရ နယ်စပ်ဒေသတွင် နေထိုင်သူများသည် နေ့စဉ် အခွန် ကင်းလွတ်ခွင့်ဖြင့် လူတစ်ဦးလျှင် ယွမ် (၈၀၀၀) အထိ ကုန်သွယ်မှုပြုနိုင်ကြောင်း သိရှိရပါသည်။

ထို့အပြင် ယူနန်ပြည်နယ်သည် မြန်မာ၊ လာအိုနှင့် ဗီယက်နမ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး တရုတ်နှင့် အာဆီယံနိုင်ငံများအကြား ကုန်သွယ်မှုနှင့် ကူးသန်းသွားလာနိုင်သော နေရာတစ်ခုဖြစ်ကြောင်း၊ ယူနန်လွတ်လပ်သောကုန်သွယ်ရေးဇုန်ရှိ China United International Rail Containers Co., Ltd. (CRIntermodal) ၏ ကူမင်း ကုန်တင်ကုန်ချဂိတ်တွင် အရှေ့တောင် အာရှနိုင်ငံများမှ သစ်သီးများဖြစ်သည့် ဒူးရင်းသီးနှင့် နှင်းသီးများသည် တရုတ်-လာအို ရထား လမ်းမှတစ်ဆင့် ကူမင်းမြို့သို့ ရောက်ရှိလာကြောင်း သိရှိရပါသည်။

လာအိုနိုင်ငံ၏ မြို့တော် ဗီယင်ကျန်းမှ ကူမင်းမြို့သို့ ရောက်ရှိရန် (၂၆)နာရီသာ အချိန်ယူ ရပြီး သစ်သီးဝလံများကို တရုတ်နိုင်ငံ၏ အခြားဒေသများသို့ ဆက်လက်ဖြန့်ဖြူးရောင်းချကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၃၁)ရက်နေ့အထိစာရင်းများအရ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်လည်ပတ်ခဲ့သော အဆိုပါရထားလမ်းကို အသုံးပြု၍ လာအိုနိုင်ငံသို့ ကုန်တန်ချိန် (၂၂၄,၀၀၀)ကျော် တင်ပို့ခဲ့ပြီး ကူမင်းဂိတ်မှတစ်ဆင့် လာအိုနိုင်ငံမှ ကုန်တန်ချိန် (၃၁၂,၆၀၀) တင်သွင်းခဲ့ကြောင်း၊ ကုန်းလမ်းနှင့် ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေးတို့ကို နှိုင်းယှဉ်ပါက ရထားပို့ဆောင်ရေးသည် စျေးသက်သာပြီး ပို၍မြန်ဆန်ကြောင်း သိရှိရပါသည်။

Source: https://english.news.cn/20230929/5ec967e510104562b44b2838816721b7/c.html

 

 

ကေခိုင်ကျော်

စီးပွားရေးသံမှူး

နန်နင်းမြို့

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Category: China(Nanning)