USA

သမ္မတအဖြစ်ရွေးကောက်ခံရသည့် ဒေါ်နယ်ထရမ့်ဖော်ဆောင်လာမည့် အမေရိကန်နိုင်ငံ၏ စီးပွားရေး

Last Updated:

အမေရိကန်မဲဆန္ဒရှင်များက သမ္မတဟောင်းဒေါ်နယ်ထရမ့်၏ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလမတိုင်မီ စီးပွားရေးအခြေအနေများနှင့် လျော့နည်းသည့် ငွေကြေးဖောင်းပွမှုတို့ကို မျှော်မှန်းကြ သဖြင့် ၎င်းကိုသမ္မတအဖြစ် ပြန်လည်ရွေးကောက်တင်မြှောက်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ဒေါ်နယ်ထရမ့် ၏ အဓိကကျသည့် စီးပွားရေးဆိုင်ရာနည်းလမ်းများမှာ အကောက်ခွန်နှုန်းတိုးမြှင့်ခြင်းနှင့် အခွန် ဖြတ်တောက်ခြင်းတို့ဖြစ်သော်လည်း ဒုတိယအကြိမ်သမ္မတသက်တမ်းတွင် ပထမအကြိမ်နှင့် ကွဲပြားမှု ရှိလာနိုင်ကြောင်း၊ အကောက်ခွန်နှုန်းမြင့်မားကာ ကောက်ခံမှုနယ်ပယ်ကျယ်ပြန့်လာမည်ဖြစ်ပြီး အခွန် ဖြတ်တောက်မှုနယ်ပယ်ကျဉ်းလာနိုင်သည်ဟု Wall Street Journal အွန်လိုင်းသတင်းတွင် ဖော်ပြခဲ့ပါသည်။

ဒုတိယအကြိမ်သမ္မတသက်တမ်း၌ ဒေါ်နယ်ထရမ့်၏ ပထမဆုံးဆောင်ရွက်ချက်သည် လွှတ်တော်၏သဘောထားကို မေးမြန်းခြင်းမရှိဘဲ ဆောင်ရွက်သည့်အကောက်ခွန်ကိစ္စ ဖြစ်နိုင်ကြောင်း၊ သို့ရာတွင် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ဆွေးနွေးညှိနှိုင်းရမှုများကြောင့် အကောင်အထည် ဖော်ရန် နှောင့်နှေးနိုင်ကြောင်း၊ ၎င်း၏ပထမအကြိမ်သက်တမ်းတွင် တရုတ်နိုင်ငံအပေါ် အကောက်ခွန်နှုန်းတိုးမြှင့်ကောက်ခံခဲ့သည့်ကိစ္စမှာ (၁၁)လခန့် အချိန်ကြာမြင့်ခဲ့ကြောင်း၊ ဒေါ်နယ်ထရမ့်၏ ပထမအကြိမ်သက်တမ်းအတွင်း ချမှတ်ခဲ့သည့် အကောက်ခွန်နှုန်းထားသည် ငွေကြေးဖောင်းပွမှုအပေါ် သိသာစွာသက်ရောက်မှုမရှိခဲ့သော်လည်း ဝယ်လိုအားနှင့် ရင်းနှီးမြှုပ်နှံမှုကို လျော့နည်းစေခြင်းနှင့် အလုပ်သမားဈေးကွက်ကျဆင်းကာ ဆန့်ကျင်ဘက်သို့ ဦးတည်စေခဲ့ကြောင်း၊ ရွေးကောက်ပွဲမတိုင်မီတရက်အလိုတွင် လုပ်ခလစာတိုးနှုန်းသည်  (၂.၄) ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း၊ ငွေတိုက်စာချုပ်ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ၎င်း၏ဒုတိယအကြိမ်သမ္မတသက်တမ်းတွင် ငွေကြေး ဖောင်းပွမှုနှုန်းသည် (၁.၈) ရာခိုင်နှုန်းအောက်သို့ ရောက်ရှိရန် မျှော်မှန်းထားကြောင်း သိရှိရပါသည်။

ဒေါ်နယ်ထရမ့်က ၎င်း၏သမ္မတသက်တမ်းအတွင်း တရုတ်နိုင်ငံ၏ သွင်းကုန်များအပေါ် အကောက်ခွန်နှုန်း အနည်းဆုံး (၆၀) ရာခိုင်နှုန်းနှင့် သွင်းကုန်အားလုံးကို (၁၀) မှ (၂၀) ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံသွားမည်ဟု အဆိုပြုထားရာ ယင်းအကောက်ခွန်နှုန်းသည် ၁၉၃၀ နောက်ပိုင်းမှစ၍ အမြင့်ဆုံးဖြစ်ကြောင်း၊ ဤသို့အကောက်ခွန်နှုန်းတိုးမြှင့်မှုကြောင့် ၎င်း၏ပထမအကြိမ်သမ္မတ သက်တမ်းရှိ ငွေကြေးဖောင်းပွမှုထက် တိုးလာနိုင်ကြောင်း၊ သမ္မတဒေါ်နယ်ထရမ့်၏ အကောက်ခွန် နှုန်း (၆၀) ရာခိုင်နှုန်းနှင့် (၁၀)ရာခိုင်နှုန်း တိုးနှုန်းသည် စားသုံးသူဈေးနှုန်းကို (၀.၉) ရာခိုင်နှုန်းအထိ မြင့်တက်စေနိုင်သည်ဟု Morgan Stanley က ခန့်မှန်းထားပါသည်။

ငွေကြေးဖောင်းပွမှုကို သက်ရောက်စေနိုင်သည့် အခြားအချက်များလည်းရှိနိုင်ကြောင်း၊ ၎င်း၏ သမ္မတသက်တမ်းအတွင်း ဒေါ်လာတန်ဖိုးမြင့်တက်လာနိုင်ပြီး ဒေါ်လာတန်ဖိုးမြင့်တက်မှုကြောင့် သွင်းကုန်ဈေးနှုန်းမြင့်တက်မှုကို ထေမိစေနိုင်ကြောင်း၊ အကြံပေးအချို့ကလည်း ဒေါ်နယ်ထရမ့် အနေဖြင့် အကောက်ခွန်နှုန်းတိုးမြှင့်ရန် ပြောကြားခြင်းသည် အခြားနိုင်ငံများ၏ အကောက်ခွန်ဆိုင်ရာ အတားအဆီးများ (Trade barriers) ကို လျှော့ချရန်အတွက် ခြိမ်းခြောက်လိုသည့် နည်းလမ်းတစ်ခု အဖြစ်ရှုမြင်ပြီး အကောက်ခွန်နှုန်းသည် လက်တွေ့တွင် အဆိုပြုသည့်နှုန်းထက် လျော့နည်းနိုင် ကြောင်း၊ အကယ်၍ အကောက်ခွန်နှုန်းကြောင့် စတော့ရှယ်ယာဈေးကွက်ကို ထိခိုက်ခြင်း သို့မဟုတ် အတိုးနှုန်းမြင့်မားခြင်းများ ဖြစ်ပေါ်စေပါက ၎င်းအနေဖြင့် ပြန်လည်ချိန်ညှိနိုင်ကြောင်း၊ ထို့ကြောင့် ဒေါ်နယ်ထရမ့်အနေဖြင့် တရုတ်နိုင်ငံအပေါ် အကောက်ခွန်နှုန်းသည် (၆၀) ရာခိုင်နှုန်းမဟုတ်ဘဲ (၂၀)ရာခိုင်နှုန်းသာ ချမှတ်နိုင်ပြီး အခြားနိုင်ငံများ၏ ကုန်စည်အားလုံးအပေါ်တွင်လည်း အကောက်ခွန် သတ်မှတ်ကောက်ခံမှုရှိလာနိုင်မည်မဟုတ်ဟု Goldman Sachs က ခန့်မှန်းထားပါကြောင်း၊ ယင်း အခြေအနေတွင် ငွေကြေးဖောင်းပွမှုနှုန်းသည် (၂.၇) ရာခိုင်နှုန်းအထိ ရှိလာနိုင်ကြောင်း သိရှိရပါသည်။

သမ္မတဒေါ်နယ်ထရမ့်နှင့် ရီပတ်ဘလစ်ကန်လွှတ်တော်ကိုယ်စားလှယ်များက ပြဋ္ဌာန်းခဲ့သည့် ၂၀၁၇ ခုနှစ် အခွန်ဥပဒေအရ လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် စီးပွားရေးလုပ်ငန်းများကို အခွန်လျှော့ချ သတ်မှတ်ပေးလျက်ရှိကြောင်း၊ ယင်းဥပဒေသည် ၂၀၂၅ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ ၎င်းအခွန်ဥပဒေကို ထပ်မံသက်တမ်းတိုးမြှင့်လာနိုင်ကြောင်းနှင့် ယင်းဥပဒေကို ဆက်လက်ကျင့်သုံးပါက (၁၀)နှစ်အတွင်း အမေရိကန်ဒေါ်လာ (၅)ထရီလီယံအထိ ကုန်ကျနိုင်သည်ဟု ဖက်ဒရယ်ရသုံး မှန်းခြေငွေစာရင်းကော်မတီက ခန့်မှန်းထားကြောင်း သိရှိရပါသည်။  

ဒေါ်နယ်ထရမ့်၏ ရွေးကောက်ပွဲအတွင်း အခြားအဆိုပြုချက်များဖြစ်သည့် ကော်ပိုရိတ်ခွန် လျှော့ချခြင်း၊ မေတ္တာကြေးရငွေ၊ လူမှုဖူလုံရေးအကျိုးခံစားခွင့်နှင့် အချိန်ပိုကြေးတို့အပေါ် အခွန်သက်သာခွင့်၊ မော်တော်ယာဉ်ဝယ်ယူရန်ချေးငွေအပေါ် အတိုးနှုန်းလျှော့ချခြင်းနှင့် ပြည်နယ်နှင့် ဒေသန္တရအစိုးရအခွန်များကို လျှော့ချသတ်မှတ်ခြင်းတို့ကြောင့် လာမည့်(၁၀)နှစ်အတွင်း အမေရိကန် နိုင်ငံ၏ ဘတ်ဂျတ်လိုငွေသည် အမေရိကန်ဒေါ်လာ (၄) ထရီလီယံအထိ တိုးလာနိုင်သည်ဟု သိရှိရ ပါသည်။

အခွန်လျှော့ချခြင်းသည် အခြားကဏ္ဍများကို တိုးတက်စေနိုင်ရာ ရီပတ်ဘလစ်ကန်အစိုးရသစ် လက်ထက်တွင် အကောက်ခွန်နှုန်းတိုးမြှင့်ခြင်းမရှိသည့်တိုင် အမေရိကန်နိုင်ငံ၏ စီးပွားရေးတိုးနှုန်း သည် ၂၀၂၅ ခုနှစ်တွင် (၀.၅) ရာခိုင်နှုန်းနှင့် ၂၀၂၆ ခုနှစ်တွင် (၀.၄) ရာခိုင်နှုန်းအထိ တိုးလာနိုင်သည်ဟု Deutsche Bank က ခန့်မှန်းထားကြောင်း၊ အကယ်၍ တရုတ်နိုင်ငံအပေါ် အကောက်ခွန်နှုန်း (၆၀) ရာခိုင်နှုန်းနှင့် အခြားနိုင်ငံများအပေါ် (၁၀)ရာခိုင်နှုန်း သတ်မှတ်ကောက်ခံပါက အမေရိကန်နိုင်ငံ၏ စီးပွားရေးတိုးနှုန်းသည် အနုတ်ဖက်သို့ရောက်ရှိနိုင်သည်ဟု Deutsche Bank ကခန့်မှန်းထားပါ ကြောင်း၊ အခွန်လျှော့ချမှုသည် အတိုးနှုန်းကို မြင့်တက်စေကာ ဘတ်ဂျက်လိုငွေဖြစ်ပေါ်စေနိုင်ရာ JP Morgan မှ အတိုးနှုန်းကျွမ်းကျင်ပညာရှင် Mr. John Barry က ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် လာမည့်နှစ်အတွက် ဘတ်ဂျက်လိုငွေကို Debt Auctions အစီအစဉ်ဖြင့် ဖြည့်သွင်းနိုင်သော်လည်း ဘတ်ဂျက်လိုငွေသည် ၂၀၂၆ ခုနှစ်မှ ၂၀၂၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၃.၃) ထရီလီယံရှိလာနိုင် သည်ဟု ခန့်မှန်းထားကြောင်း၊ အကယ်၍ သမ္မတဒေါ်နယ်ထရမ့်၏ အစီအစဉ်ကို အကောင်အထည် ဖော်ပါက ဘတ်ဂျတ်လိုငွေ ပို၍များလာနိုင်ကြောင်း၊ ထို့ကြောင့် ရီပတ်ဘလစ်ကန်အစိုးရလက်ထက် တွင် (၁၀)နှစ်သက်တမ်းရှိ ငွေတိုက်စာချုပ်များ၏ အတိုးနှုန်းသည် (၀.၄) ရာခိုင်နှုန်းအထိ မြင့်တက် လာနိုင်ကြောင်း သိရှိရပါသည်။

ဒေါ်နယ်ထရမ့်က ကုမ္ပဏီငယ်များကို လျော့ဈေးဖြင့်ဝယ်ယူသည့်ကုမ္ပဏီများ (Merger Company)နှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီနှင့် ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများကို လျော့ချရန် အဆိုပြုထားရာ စီးပွားရေးလုပ်ငန်းများ၏ ယုံကြည်မှုတိုးလာနိုင်ပြီး စီးပွားရေး တိုးတက် သဖြင့် ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျလာနိုင်ကြောင်း၊ သို့ရာတွင် အမေရိကန်နိုင်ငံ၏ ရေနံ ထုတ်လုပ်မှုနှင့် လောင်စာဆီဈေးနှုန်းများသည် ကမ္ဘာ့ရေနံဈေးနှုန်းအပေါ် သက်ရောက်မှုဖြစ်စေသည့် ရေနံထုတ်လုပ်တင်ပို့သည့်နိုင်ငံများ အဖွဲ့, OPEC ၊ ကန့်သတ်ပိတ်ဆို့မှုများ၊ အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခနှင့် တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှု စသည်တို့အပေါ် များစွာမှီခိုနေရာ စီးပွားရေး တစ်ခုလုံးအပေါ် သက်ရောက်မှုကို ဖော်ပြနိုင်ရန်ခက်ခဲကြောင်း၊ အလားတူပင် တရားမဝင်ရွှေ့ပြောင်း နေထိုင်သူများကို ပြန်ပို့မည့်အစီအစဉ်ကြောင့် လုပ်ခလစာများ တိုးမြင့်ခြင်းနှင့် ဈေးနှုန်းမြင့်တက်ခြင်းတို့ ဖြစ်လာနိုင်ကြောင်း၊ ဒေါ်နယ်ထရမ့်၏ စီးပွားရေး မူဝါဒအစီအစဉ်သည် စီးပွားရေးတိုးတက်စေရန်သာ မဟုတ်ဘဲ တရုတ်နိုင်ငံအပေါ် မှီခိုမှုလျော့ချလျက် စက်မှုလုပ်ငန်းများတိုးတက်လာစေရန်နှင့် အလုပ် အကိုင်ကောင်းများ ရရှိနိုင်စေရန်ဖြစ်ကြောင်း၊ ဒေါ်နယ်ထရမ့်၏ ပထမအကြိမ်သမ္မတသက်တမ်းတွင်  အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့သည့် Mr. Robert Lighthizer ကလည်း “Globalization သည် ကမ္ဘာတစ်ဝှမ်း ပြတ်တောက်မှု၊ ကမောက်ကမဖြစ်မှုနှင့် ပျက်စီးခြင်းများဖြစ်စေပြီး ဆန့်ကျင်ဖက်အားဖြင့် ရှေးရိုးစွဲသမားများသည် ရိုးရာအစဉ်အလာများ၏တန်ဖိုးကို ကာကွယ်ပေးခြင်း၊ လူမှုအသိုက်အဝန်းအကြား ဆက်သွယ်၊ ဆက်နွှယ်မှုကိုထိန်းသိမ်းခြင်းနှင့် မိသားစုများနှင့် လူမှုအဖွဲ့ အစည်းများအတွက် တိုးတက်စေရန် ဆောင်ရွက်ပေးသည်” ဟု ရေးသားခဲ့ကြောင်းနှင့် ၎င်းသည် ဒေါ်နယ်ထရမ့်၏ ဒုတိယအကြိမ်သမ္မတသက်တမ်းတွင် ကုန်သွယ်ရေးကိုယ်စားလှယ်အဖြစ် ထပ်မံ တာဝန်ပေး ခံရနိုင်သူဖြစ်သည်ဟုလည်း သိရှိရပါသည်။  

(ဇစ်မြစ်။ Wall Street Journal)

စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ

 

ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲအနိုင်ရပြီးနောက် စတော့ဈေးကွက်နှင့် ဒေါ်လာဈေးနှုန်း မြင့်တက်ခဲ့  

၁၀။    ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်၏ ရွေးကောက်ပွဲအောင်ပွဲအပေါ်မူတည်၍  ရင်းနှီးမြှုပ်နှံ သူများသည် စတော့ရှယ်ယာဈေးနှုန်း၊ ဒေါ်လာတန်ဖိုးနှင့် အမေရိကန်ငွေတိုက်စာချုပ်အတိုးနှုန်းများ မြင့်တက်လာစေရန် တွန်းအားပေးခဲ့ကြသည်။ အမေရိကန်စတော့ရှယ်ယာဈေးကွက်သည်လည်း သမ္မတရွေးကောက်ပွဲရလဒ် ထွက်ပေါ်ပြီးနောက် ညတွင်းချင်းမှာပင် မြင့်တက်ခဲ့ကြောင်း၊ ကုန်သွယ် လုပ်ငန်းရှင်များအနေဖြင့်လည်း သမ္မတဒေါ်နယ်ထရမ့်အစိုးရလက်ထက်တွင် ကြုံတွေ့လာနိုင်မည့် စီးပွားလုပ်ငန်း များ၏လိုငွေများအတွက် ရင်းနှီးမြှုပ်နှံမှုများနှင့် စီးပွားရေးအရလှုံ့ဆော်မှုများ (Economic Stimulus) အစီအစဉ်များကို ကြိုတင်ပြင်ဆင်လာခဲ့ကြကြောင်း The New York Times အွန်လိုင်းသတင်း၌ ဖော်ပြခဲ့ပါသည်။

၁၁။    ဒေါ်နယ်ထရမ့်ရွေးကောက်ပွဲအနိုင်ရရှိပြီးနောက် S&P 500 အညွှန်းကိန်းသည် (၂)ရာခိုင်နှုန်း အထိ မြင့်တက်ခဲ့ပြီး အမေရိကန်စီးပွားရေး အခြေအနေအပေါ်တုံ့ပြန်မှုအများဆုံးရှိသည့် ကုမ္ပဏီငယ် များကို အခြေခံတွက်ချက်သော Rusell 2000 အညွှန်းကိန်းမှာလည်း (၄) ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါသည်။ ထို့အပြင် ဒေါ်နယ်ထရမ့်က သမ္မတဂျိုးဘိုင်ဒင်အစိုးရ၏ လုပ်ထုံးလုပ်နည်းများကို ဖျက်သိမ်းပြီး အမေရိကန်နိုင်ငံအား “ကမ္ဘာ့ Crypto ငွေကြေးမြို့တော်အဖြစ်တည်ဆောက်မည်”ဟု ကတိပြုခဲ့ရာ ရွေးကောက်ပွဲရလဒ်ထွက်ပေါ်လာပြီးနောက်တွင် Bitcoin တန်ဖိုးမှာလည်း စံချိန်တင် မြင့်တက်ခဲ့ကြောင်း၊ ထို့အပြင် အမေရိကန်ဒေါ်လာသည် ဂျပန်ယန်း၊ ယူရို၊ မက္ကဆီကန်ပီဆိုနှင့် တရုတ်ယွမ်တို့၏ တန်ဖိုးနှင့်နှိုင်းယှဉ်ပါက မြင့်တက်ခဲ့ကြောင်း၊ အထူးသဖြင့် အကောက်ခွန်နှုန်း တိုးမြှင့်ကောက်ခံမည်ဟု အဆိုပြုထားသည့်နိုင်ငံများ၏ ငွေကြေးတန်ဖိုးအပေါ် များစွာသက်ရောက်မှု ရှိခဲ့ကြောင်း၊ ဒေါ်လာတန်ဖိုးနှင့်ယှဉ်၍ ယူရိုတန်ဖိုးသည် (၈)နှစ်တာအတွင်း အနိမ့်ဆုံးသို့ ကျဆင်းခဲ့ ကြောင်း သိရှိရပါသည်။

၁၂။     အမေရိကန်အစိုးရ၏ ငွေတိုက်စာချုပ်အတိုးနှုန်းများသည် သိသာစွာမြင့်တက်ခဲ့ပြီး (၁၀)နှစ် သက်တမ်းရှိ ငွေတိုက်စာချုပ်များ၏အတိုးနှုန်းသည် (၄.၄) ရာခိုင်နှုန်းကျော်မြင့်တက်ခဲ့ရာ (၀.၂) ရာခိုင်နှုန်းအထိ တိုးလာခဲ့ပါကြောင်း၊ အမေရိကန်ဗဟိုဘဏ်အနေဖြင့် လာမည့်လများတွင် အတိုးနှုန်း လျှော့ချနိုင်ခြေရှိကြောင်းလည်း သိရှိရပါသည်။

၁၃။    ရီပတ်ဘလစ်ကန်ပါတီအနေဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရနိုင်ခြေကြောင့် ရင်းနှီးမြှုပ်နှံသူများ သည် အောက်တိုဘာလတွင် ငွေတိုက်စာချုပ်အတိုးနှုန်းနှင့် ဒေါ်လာတန်ဖိုးမြင့်တက်ရန် တွန်းအားပေး ခဲ့ကြကြောင်း၊ ဤအချက်မှာ ဒေါ်နယ်ထရမ့်၏ အခွန်၊ ကုန်သွယ်မှုနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မူဝါဒအဆိုပြုချက်များကြောင့် အစိုးရ၏အသုံးစရိတ်မြင့်မားနိုင်သော်လည်း စီးပွားရေးတိုးတက်နိုင် သည်ဟု ခန့်မှန်းကြခြင်းကြောင့် ဖြစ်ကြောင်း၊ သို့ရာတွင် လေ့လာဆန်းစစ်သူများက အချိန်ကြာမြင့် သည်နှင့်အမျှ အတိုးနှုန်းမြင့်လာနိုင်သည်ဟု ယူဆလာကြကြောင်း သိရှိရပါသည်။

၁၄။    အာရှနှင့် ဥရောပရှိ ရင်းနှီးမြှုပ်နှံသူများကလည်း ဒေါ်နယ်ထရမ့်၏ ဒုတိယအကြိမ်သမ္မတ သက်တမ်းအတွင်း ဖြစ်နိုင်ခြေရှိသည့်ရှုပ်ထွေးမှုများကို ရင်းနှီးမြှုပ်နှံမှုအကြံပေးသူများနှင့် ဆွေးနွေး လျက်ရှိကြကြောင်း၊ ဥရောပစတော့ရှယ်ယာဈေးကွက်ရှိ စတော့ရှယ်ယာဈေးနှုန်းများ ၆-၁၁-၂၀၂၄ ရက် နံနက်ပိုင်းတွင် မြင့်တက်ခဲ့သော်လည်း နေ့လယ်ပိုင်းတွင် ကျဆင်းခဲ့ကြောင်း၊ ဥရောပရှိ မော်တော် ယာဉ်ကုမ္ပဏီများဖြစ်သော BMW နှင့် Volvo နှင့် ဒိန်းမတ်နိုင်ငံမှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကုမ္ပဏီ Orsted တို့၏ အစုရှယ်ယာဈေးနှုန်းသည် အကောက်ခွန်နှုန်းနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ရည်မှန်းချက်များကြောင့် ကျဆင်းခဲ့ကြောင်း၊ ဂျာမနီ စီးပွားရေးလုပ်ငန်းခေါင်းဆောင်များကလည်း ဒေါ်နယ်ထရမ့်၏ ဒုတိယအကြိမ်သမ္မတသက်တမ်းသည် ဂျာမနီနိုင်ငံ၏စီးပွားရေးကို စိန်ခေါ်မှုများ ဖြစ်စေနိုင်သည်ဟု သတိပေးထားကြောင်း သိရှိရပါသည်။

၁၅။    Bitcoin ငွေကြေးတန်ဖိုးသည် (၂၄) နာရီအတွင်း အမေရိကန်ဒေါ်လာ (၇၄,၀၀၀) အထိ စံချိန် တင်မြင့်တက်ခဲ့ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ မသေချာမှုများသည့်ကာလတွင် ငွေကြေးကို ရွှေအဖြစ် ပြောင်းလဲရန် စဉ်းစားလာခဲ့ကြရာ ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲအနိုင်ရရှိပြီးနောက်တွင် ရွှေဈေးနှုန်း သည်လည်း စံချိန်တင်မြင့်တက်ခဲ့ကြောင်း၊ ပုဂ္ဂလိကပိုင်အကျဉ်းထောင်ကုမ္ပဏီများဖြစ်သည့် Geo Group နှင့် CoreCivic တို့၏အစုရှယ်ယာတန်ဖိုးသည် (၂၀)ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ကြောင်း၊ ထို့အပြင် ဒေါ်နယ်ထရမ့်ကိုထောက်ခံသည့် Mr. Elon Musk ၏ Tesla လျှပ်စစ်မော်တော်ယာဉ် ကုမ္ပဏီ၏ အစုရှယ်ယာဈေးနှုန်းသည် (၁၀) ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။ ဒေါ်နယ်ထရမ့်က Mr. Elon Musk အား “အစိုးရ၏ထိရောက်မှု” အဖွဲ့ ခေါင်းဆောင်အဖြစ် ခန့်ထားရန် ကတိပေးထားကြောင်းလည်း သိရှိရပါသည်။ 

(ဇစ်မြစ်။ The New York Times)

ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲအနိုင်ရပြီးနောက် အမေရိကန်နိုင်ငံ၏ရေနံဈေးနှုန်း ကျဆင်း

၁၆။    ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲအနိုင်ရရှိပြီးနောက်တွင် အမေရိကန်ရေနံဈေးနှုန်းသည် ကျဆင်းခဲ့ကြောင်း၊ Brent ရေနံဈေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၇၅) ရှိခဲ့ရာမှ ကျဆင်းခဲ့ကြောင်း၊ ဤသည်မှာ အထူးသဖြင့် တရုတ်နိုင်ငံကဲ့သို့သော အဓိကအရေးပါသည့် ကုန်သွယ်ဖက်နိုင်ငံများအပေါ် အကောက်ခွန်နှုန်းတိုးမြှင့်သတ်မှတ်ကောက်ခံမည့်ကိစ္စနှင့် ဆက်စပ် လျက် အမေရိကန်နိုင်ငံ၏ ရေနံထုတ်လုပ်မှုမြင့်တက်ကာ ဝယ်လိုအားကျဆင်းလာနိုင်ခြေကြောင့် ဤသို့ဈေးနှုန်းကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင် သမ္မတဒေါ်နယ်ထရမ့်လက်ထက်တွင် အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လာနိုင်ခြင်းမှာလည်း ရေနံဈေးနှုန်းအပေါ် သက်ရောက်မှုများ ရှိနိုင်ကြောင်း၊ Brent ရေနံဈေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၇၃.၅၉)၊ (၂.၆) ရာခိုင်နှုန်း နှင့် WTI Nymex ဈေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၆၉.၉၉)၊ (၂.၈) ရာခိုင်နှုန်းသို့ အသီးသီး ကျဆင်းခဲ့ပါသည်။

(ဇစ်မြစ်။ Wall Street Journal)

အမေရိကန်နိုင်ငံ၏ သဘာဝဓာတ်ငွေ့တင်ပို့မှုအပေါ် ကာလရှည်ရှုပ်ထွေးမှုများ ဖြစ်လာနိုင်

၁၇။    ကာလတိုကြိုရောင်းစာချုပ်ဖြင့်ရောင်းချသည့် အမေရိကန်နိုင်ငံ၏ သဘာဝဓာတ်ငွေ့ဈေးနှုန်း သည် ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲအနိုင်ရပြီးနောက်တွင် အတက်အကျမရှိဘဲ တည်ငြိမ်နေခဲ့ ကြောင်း၊ သို့ရာတွင် ဝယ်လိုအားကြောင့် ကာလရှည်တွင် သက်ရောက်မှုများရှိနိုင်ပြီး ယင်းတွင် လက်ရှိ သမ္မတဂျိုးဘိုင်ဒင်အစိုးရက ဆိုင်းငံ့ထားသည့် LNG ဓာတ်ငွေ့တင်ပို့ရန်ဆိုင်းငံ့ထားမှုကို ဖြေလျော့ ပေးခြင်းနှင့် ဓာတ်ငွေ့အသုံးပြုမှုကိုအားပေးသည့်စွမ်းအင်ကဏ္ဍသို့ ကူးပြောင်းခြင်းတို့ ပါဝင်လာနိုင် ကြောင်း၊ သဘာဝဓာတ်ငွေ့ဈေးကွက်၌ ယခင်လများတွင် အရှုံးပေါ်မှုကိုလျော့ချရန်နှင့် ဆောင်းရာသီ အကြိုဈေးကွက်အခြေအနေများအရ  သဘာဝဓာတ်ငွေ့ ကြိုရောင်းစာချုပ်ဈေးနှုန်းသည် မြင့်တက် လျက်ရှိကြောင်းနှင့် ကာလတိုစာချုပ်ကြိုရောင်းစာချုပ်ဖြင့် ရောင်းချသည့် Nymex ဈေးနှုန်းသည် 1mmBtu လျှင် အမေရိကန်ဒေါ်လာ (၂.၇၁၃) ဒေါ်လာရှိသဖြင့် (၁.၆) ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

(ဇစ်မြစ်။ Wall Street Journal)

Category: USA