China (HongKong)

ဟောင်ကောင်ဒေသ၏ စီးပွားရေးတိုးတက်မှု ၃ ရာခိုင်နှုန်းကျော်နိုင်မည်ဟု ဘဏ္ဍာရေးဝန်ကြီး ပြောကြား

Last Updated:

             ၂၀၂၃ ခုနှစ်တွင် ဟောင်ကောင်ဒေသ၏ စီးပွားရေးတိုးတက်မှု ၃ ရာခိုင်နှုန်းကျော် နိုင်မည်ဟု ခန့်မှန်းကြောင်း ဘဏ္ဍာရေးဝန်ကြီး Paul Chan က အင်္ဂါနေ့တွင်ပြောကြားခဲ့ သည်ဟု rthk သတင်းဌာနမှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် “HK economy to grow more than 3 percent: Paul Chan” ခေါင်းစဉ်ဖြင့်ရေးသားဖော်ပြထားပါသည်။

          “ဒီတိုးတက်မှုဟာ မိမိတို့မျှော်မှန်းထားတာထက်နည်းပေမဲ့ ရေရှည်တိုးတက်မှုဖြစ်တယ်” ဟု ၎င်းက ပြောကြားခဲ့ပါသည်။ ဟောင်ကောင်ဒေသအစိုးရအနေဖြင့် ၂၀၂၃ ခုနှစ်အတွက် စီးပွားရေး တိုးတက်မှုကို ယခင်ခန့်မှန်းချက်ဖြစ်သည့် ၃.၅ - ၅.၅ ရာခိုင်နှုန်း မှ ၄ - ၅ ရာခိုင်နှုန်း သို့ လွန်ခဲ့ သော ၃ လက ပြောင်းလဲခန့်မှန်းခဲ့ပါသည်။

          ကာလတို စီးပွားရေးတိုးတက်မှုအတွက် ခရီးသွားလုပ်ငန်း၊ တဦးချင်းသုံးစွဲမှုနှင့် ဝန်ဆောင်မှုများ တင်ပို့မှုအပေါ်မူတည်နေသော်လည်း ကာလလတ်အထိ တိုးတက်မှုကို အထောက်အပံ့ ဖြစ်နိုင်သည့်တွန်းအားမှာ ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍနှင့် နည်းပညာ ဆန်းသစ် တီထွင်မှုဖြစ်သည်ဟု ကမ္ဘာလုံးဆိုင်ရာဘဏ္ဍာရေးခေါင်းဆောင်များ အစည်းအဝေးတွင် Chan က ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

          စီးပွားရေးလုပ်ငန်းများနှင့် အရည်အချင်းရှိသူများ ဟောင်ကောင်ဒေသသို့ လာရောက်စေ ရေး ဆွဲဆောင်နိုင်ရန်အတွက် အစိုးရအနေဖြင့် ဆန်းသစ်တီထွင်မှုနှင့် နည်းပညာကဏ္ဍအတွက် ဟောင်ကောင်ဒေါ်လာ ဘီလီယံ ၂၀၀ ထောက်ပံ့ပေးထားကြောင်း၊ လက်ရှိအချိန်တွင် စီးပွားရေး လုပ်ငန်းကြီး ၃၀ ကျော် ဟောင်ကောင်ဒေသသို့ ဝင်ရောက်လာမှုကြောင့် အလုပ်အကိုင် ၁၀,၀၀၀ ခန့် ဖန်တီးပေးနိုင်ခဲ့ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။

          ထို့ပြင် ဟောင်ကောင်ဒေသ၏ အရည်အချင်းရှိသူများ ဆွဲဆောင်ရေးအစီအစဉ်တွင် လျှောက်ထားသူ စုစုပေါင်း ၁၈၀,၀၀၀ ရှိသည့်အနက် ၁၀၀,၀၀၀ ကို လက်ခံခဲ့သောကြောင့် ယခု အချိန်တွင် ဟောင်ကောင်ဒေသသို့ ကျွမ်းကျင်ပညာရှင် ၇၀,၀၀၀ ခန့် ရောက်ရှိနေပြီ ဖြစ်သည်ဟု  ၎င်းက ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

          အစိုးရအနေဖြင့် မဟာပင်လယ်ကွေ့ဒေသတွင် ပါဝင်သောဒေသများနှင့် ပေါင်းစပ် ဆက်နွယ်မှု ခိုင်မာစေရေးအတွက် သယ်ယူပို့ဆောင်ရေးနှင့် အခြေခံအဆောက်အဦတို့တွင် ရင်းနှီး မြှုပ်နှံမှုမြှင့်တင်ရန် စီစဉ်နေသည်ဟု Chan ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

(နှင်းဇာလွှာ၊ စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)။

Category: China (HongKong)