Phillippines

ဖိလစ်ပိုင်အမျိုးသားစားနပ်ရိက္ခာဖူလုံရေးအာဏာပိုင်အဖွဲ့အား ဆန်ရောင်းချခွင့်အာဏာ ပြန်လည်လွှဲအပ်ရန် ဥပဒေကို ပြန်လည်သုံးသပ်လေ့လာလျက်ရှိ

Last Updated:

၂၀၁၉ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် The Rice Tariffication Law –RTL အရ ဖိလစ်ပိုင်အမျိုးသား စားနပ်ရိက္ခာဖူလုံရေးအာဏာပိုင်အဖွဲ့ (Natioanl Food Authority-NFA) အား ဈေးကွက်တွင်း ဆန်ရောင်းချခွင့်အာဏာကို ရုတ်သိမ်းခဲ့ပါသည်။  နိုင်ငံတွင်းဆန်လိုအပ်ချက် မြင့်မားခဲ့သဖြင့် အဆိုပါဥပဒေအရ ပြည်တွင်းသို့ဆန်တင်သွင်းမှုများ အကန့်အသတ်မရှိဝင် ရောက်ခဲ့ပါကြောင်း၊ RTL အား ပြင်ဆင်ရန် NFA အကြီးအကဲမှ ပြောကြားခဲ့ပြီး သမ္မတ နန်းတော်မှလည်း ပြန်လည်သုံးသပ်လျက်ရှိပါသည်။

 ပြင်ဆင်မည့်ဥပဒေတွင် ဈေးကွက်တွင်း ဆန်ဈေးနှုန်းများတည်ငြိမ်စေရန်နှင့် ပြည်တွင်း စားနပ် ရိက္ခာဖူလုံစေရေး အရေးပေါ်အခြေအနေများတွင် NFA အနေဖြင့် Kadiwa Outlet (ဆန် အပါအဝင် အခြေခံစားသုံးကုန်ပစ္စည်းများ ဈေးနှုန်းသက်သာစွာဖြင့် အစိုးရမှ ရောင်းချပေးသည့် သက်သာဆိုင်) များမှတဆင့် ၎င်းတို့၏ buffer stock များကို ရောင်းချခွင့်ပြုသည့် အချက်ကို ပြင်ဆင်သွားရန် NFA မှ အဆိုပြုတင်ပြထားပါသည်။

NFA အနေဖြင့် တစ်လလျှင် ခန့်မှန်းသတ်မှတ်ဆန်တန်ချိန် ၁၆,၀၀၀ မှ ၂၀,၀၀၀ ကြားအား ရောင်းချခွင့်ရရှိရန် မျှော်လင့်ပါကြောင်း၊ အဆိုပါတန်ချိန်အရ ပြန်လည်တွက်ချက်မည်ဆိုပါက တစ်လ လျှင် မြို့တစ်မြို့အတွက် ဆန်အိတ်ပေါင်း ၂၀၀ ဖြင့် မြို့ပေါင်း ၁,၆၀၀ ခန့်အထိ လွှမ်းခြုံရောင်းချ နိုင်မည်ဖြစ်ပါသည်။ ပြည်သူများအနေဖြင့် အနည်းဆုံး ဆန်တစ်ကီလိုလျှင် ၃၈ ပီဆိုဖြင့် ဝယ်ယူခွင့်ရရှိနိုင် မည်ဖြစ်ပါကြောင်း၊ ယခုဆိုလျှင် ဆန်တစ်ကီလျှင် ပီဆို ၄၀ ထိ ကျဆင်းရန်ကိုပင် ကြိုးစားဆောင်ရွက် နေရပါကြောင်း ဖော်ပြပါရှိပါသည်။

လက်ရှိ NFA တွင် ဆန်လက်ကျန် ၅,၃၈၉,၀၀၀ အိတ်ရှိနေပြီး ဈေးကွက်တွင်း ရောင်းချခွင့်ပြုရန် စိုက်ပျိုးရေးဝန်ကြီးထံသို့တင်ပြထားပြီး ရောင်းချခွင့်ရရှိမှသာ ဆန်သိုလှောင်ရုံ များတွင် နေရာလွတ်များရှိလာပြီး ဆန်တောင်သူများထံမှ ထပ်မံဝယ်ယူနိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတစ်ဝှမ်းလုံးရှိ ဆန်သိုလှောင်ရုံအများစုတွင် ပြည့်လျှံလျက်ရှိပြီး နေရာလွတ်မရှိသည့် အခက်အခဲအားရင်ဆိုင်နေရပါကြောင်း၊ ထို့သို့ နေရာလွတ်မရှိ၍ ဆန်တောင်သူများထံမှ NFA မှ စပါး (palay) မဝယ်ယူပါက တောင်သူများထံမှ တိုင်ကြားမှုများ ရှိလာနိုင်ကြောင်း ဖော်ပြပါရှိ ပါသည်။

လက်ရှိ NFA မှ ဆန်များကို ဖိလစ်ပိုင် လူမှုဝန်ထမ်းကယ်ဆယ်ရေးဌာနနှင့် ကာကွယ်ရေးဌာနများသို့ ရောင်းချလျက်ရှိပါကြောင်း၊ ၂၀၂၄ ခုနှစ်အတွင်း တိုင်ဖွန်းဝင်ရောက်ခဲ့မှု များ ဆက်တိုက်ဖြစ်ပွားခဲ့သဖြင့် ဆန်အိတ်ပေါင်း ၆ သိန်းခန့် ထုတ်ရောင်း ခဲ့ပြီး ဖြစ်ပါသည်။ NFA အနေဖြင့် ဈေးကွက်တွင်း ဆန်ရောင်းချခွင့် ပြန်လည်ရရှိမည်ဆိုပါက ဆန်လက်ကျန်စီမံခန့်ခွဲမှု ပိုမို အားကောင်းလာစေမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

သမ္မတမားကို့စ်မှလည်း ပြည်တွင်းဆန်ဈေးကွက်အား အစိုးရမှ ထိန်းချုပ်နိုင်စေရန် RTL ကို ပြင်ဆင်သွားရန်လိုအပ်သည့်အတွက် ဥပဒေအမြန်ဆုံးပြင်ဆင်နိုင်ရေး ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ဥပဒေပါ နောက်တစ်ချက်ပြင်ဆင်သွားရန်မှာ လက်ရှိ Rice Competitiveness Enhancement Fund သို့ နှစ်စဉ် ပီဆို ၁၀ ဘီလီယံ လွှဲပြောင်းပေးရာမှ ၃၀ ဘီလီယံသို့ တိုးမြှင့်လွှဲပြောင်းသွားရန်ဖြစ်ပါသည်။ လွှဲပြောင်းပေးမည့် ပီဆို ၃၀ ဘီလီယံအနက် အနည်းဆုံး ၉ ဘီလီယံကို လယ်ယာသုံးစက်ပစ္စည်းများ ဝယ်ယူရေး၊ ပီဆို ၆ ဘီလီယံအား rice seed development ဆိုင်ရာကိစ္စများ၊ ကျန်ရှိသည့် ပီဆို ၁၅ ဘီလီယံကို  တောင်သူများ စိုက်ပျိုး ထုတ်လုပ်မှု မြှင့်တင်စေရေးဆောင်ရွက်ပေးသွားရန်အတွက် သုံးစွဲသွားမည်ဖြစ်ပါသည်။

လတ်တလောတွင်လည်း စားသုံးသူများအနေဖြင့် အစားအသောက် ရောင်းချသည့် ဆိုင် များတွင် half-cup of rice option အနေဖြင့် ရွေးချယ်ဝယ်ယူစားသုံးနိုင်စေရေး အကောင် အထည်ဖော်သွားလျက်ရှိပါကြောင်း၊ နှစ်စဉ် ပီဆို ၃.၆ ဘီလီယံခန့်မှာ ထမင်းအကြွင်း အကျန်များကြောင့် ဆုံးရှုံးလျက်ရှိသဖြင့် စားသောက်ဆိုင်များ၊ ဟိုတယ်များတွင် half-cup rice အား အကောင်အထည်ဖော်ရန် ဆောင် ရွက်ရခြင်းဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

သမ္မတဒူတာတေးအစိုးရ လက်ထက် ၂၀၁၉ ခုနှစ်၊ မတ်လက ဖိလစ်ပိုင်နိုင်ငံတွင် ဆန်တင်သွင်း ခြင်းဆိုင်ရာဖြေလျှော့မှုများ ဆောင်ရွက်ခဲ့ပြီး Rice Tariffication Act (RA 110203) အရ အမျိုးသား စားနပ်ရိက္ခာအာဏာပိုင်အဖွဲ့ (National Food Authority – NFA) အောက်မှ  G-G ဆန်တင်သွင်းမှု အားရပ်ဆိုင်းခဲ့ပြီး ပုဂ္ဂလိကကဏ္ဍကို လွတ်လပ်စွာ ဆန်တင်သွင်းခွင့် ပေးခဲ့ပါသည်။ သို့သော် ပြည်တွင်း စားနပ်ရိက္ခာဖူလုံမှုအတွက် အရေးပေါ်အခြေအနေတွင်မူ သမ္မတ၏ခွင့်ပြုချက်ဖြင့် NFA မှ ဆန် တင်သွင်း/ရောင်းချခွင့်ရရှိနိုင်မည်ဖြစ်ပါသည်။

သမ္မတမားကို့စ်မှ  စိုက်ပျိုးရေးဝန်ကြီးအဖြစ် ပူးတွဲတာဝန်ထမ်းဆောင်နေသည့် ကာလ တွင်း ပြည်တွင်းဆန်ဈေးနှုန်းမြင့်တက်နေခြင်းကို ထိန်းချုပ်နိုင်ရန် အစိုးရ၏ တင်သွင်းမှု မူဝါဒများချမှတ်ခြင်း၊ ပြည်တွင်းလက်လီရောင်းချသည့်ဈေးနှုန်း(အမြင့်ဆုံးသတ်မှတ်ချက်)ဖြင့် ရောင်းချစေခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ဆန်တင်သွင်းမှုအပေါ်ကောက်ခံသည့် အခွန်နှုန်းထားလျှော့ချသတ်မှတ်ခြင်း စသည် ဖြင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလက်ရှိ အကောင်အထည်ဖော်နေသည်မှာ half-cup rice option နှင့် RTL ပါ အချက်(၂) ချက်အား အမြန်ဆုံးပြင်ဆင်နိုင်ရေးဖြစ်ပါကြောင်း လေ့လာတင်ပြအပ်ပါသည်။  

( စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: Phillippines