တရုတ်နိုင်ငံ၏ တတိယအကြီးဆုံး ကုန်သွယ်ဖက်ဖြစ်သည့် အမေရိကန်နိုင်ငံနှင့် ကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ် ပထမဆယ်လတွင် ယွမ် ၄ ဒသမ ၀၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅၆၁ ဘီလီယံ) သို့ ရောက်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၄ ဒသမ ၄ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။ တရုတ်နိုင်ငံ၏ အထွေထွေ အကောက်ခွန်အာဏာပိုင်အဖွဲ့ (GAC) ၏ ထုတ်ပြန်ချက်များအရ အဆိုပါတိုးတက်မှုနှုန်းသည် ၂၀၂၄ ခုနှစ် ပထမ သုံးလပတ်တွင် မှတ်တမ်းတင်ထားသော ၄ ဒသမ ၂ ရာခိုင်နှုန်းထက် ပိုမိုကြောင်း တွေ့ရသည်။
၂၀၂၄ ခုနှစ် ပထမဆယ်လအတွင်း အမေရိကန်သို့ တရုတ်နိုင်ငံ၏ ပို့ကုန်စုစုပေါင်းမှာ ယွမ် ၃ ဒသမ ၀၄ ထရီလီယံရှိခဲ့ပြီး ၄ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ အမေရိကန်နိုင်ငံမှ သွင်းကုန်ပမာဏမှာ ယွမ် ၉၆၉ ဒသမ ၄၈ ဘီလီယံဖြင့် ၂ ဒသမ ၉ ရာခိုင်နှုန်း တိုးခဲ့ကြောင်း အချက်အလက်များအရ သိရ သည်။
ကမ္ဘာ့စီးပွားရေး အင်အားကြီး နှစ်နိုင်ငံကြား ကုန်သွယ်မှု တည်ငြိမ်မှုသည် နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှု၏ ရေရှည်တည်တန့်ခိုင်မြဲမှုနှင့် ကုန်သွယ်မှု ပွတ်တိုက်မှုများ မြင့်တက် လာသည့် အချိန်တွင်ပင် အပြန်အလှန် အကျိုးရှိသော ရလဒ်များအတွက် အလားအလာကို ဖော်ဆောင် နိုင်ခဲ့ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။
ကုန်သွယ်မှုကိန်းဂဏန်းများသည် တရုတ်နိုင်ငံ၏ ခိုင်မာသော နိုင်ငံခြားကုန်သွယ်မှု၏ စွမ်းဆောင် နိုင်မှုကို ပြသသည့် ပိုမိုကျယ်ပြန့်သော အချက်အလက်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ယခုနှစ်၏ ပထမဆယ်လတာကာလအတွင်း နိုင်ငံ၏ စုစုပေါင်းကုန်စည်ကုန်သွယ်မှုပမာဏသည် ယွမ် ၃၆ ဒသမ ၀၂ ထရီလီယံရှိပြီး တစ်နှစ်ထက်တစ်နှစ် ၅ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း GAC မှ ထုတ်ပြန်ခဲ့သည်။ ယင်းသည် တရုတ်နိုင်ငံအတွက် တည်ငြိမ်သော ကုန်သွယ်မှုတိုးတက်ခြင်းနှင့် ကုန်သွယ်မှုဖွဲ့စည်းပုံများ၏ စဉ်ဆက်မပြတ် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ခြင်းတို့ကို မြင်သာစွာ ဖော်ပြနေခြင်းဖြစ်သည်။
တရုတ်-အမေရိကန် ကုန်သွယ်မှု ပမာဏ မြင့်တက်လာမှုသည် အနောက်နိုင်ငံ စျေးကွက်များတွင် တရုတ် ထုတ်ကုန်များ ၀ယ်လိုအား တိုးလာနေကြောင်း၊ လာမည့် ခရစ္စမတ်နှင့် နှစ်သစ်ကူး အားလပ်ရက် များကြောင့် တစ်စိတ်တစ်ပိုင်း အကျိုးသက်ရောက်မှုရှိသည်ဟု ယူဆနိုင်ကြောင်း ပေကျင်းရှိ Chinese Academy of Social Sciences မှ ကျွမ်းကျင်သူ Gao Lingyun က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့၌ ၁၂-၁၁-၂၀၂၄ ရက်နေ့မှ ၁၇-၁၁-၂၀၂၄ ရက်နေ့အထိ ကျင်းပသည့် 7th China International Import Expo (CIIE) တွင် အမေရိကန်၏ အစားအစာနှင့် စိုက်ပျိုးရေးကုမ္ပဏီများ အတွက် ရည်စူးထားသော ပြခန်းများကို ပြသထားသည်။ အဆိုပါ ကဏ္ဍကို ယခင်နှစ်မှ စတင်ဖွင့်လှစ်ခဲ့ ပြီး ကုမ္ပဏီများအနေဖြင့် တရုတ်ဈေးကွက်ကို စူးစမ်းလေ့လာရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်ထားကြောင်း သိရသည်။ ယခုနှစ်တွင် အဆိုပါကဏ္ဍအတွက် ပါဝင်သူ ၁၄ ဦး ရှိခဲ့သည်။ ပြခန်းများ ဖွင့်လှစ်ပြီး ပထမတစ်နာရီအတွင်း စုစုပေါင်း ကုန်သွယ်မှုပမာဏသည် ကန်ဒေါ်လာ သန်း ၆၀၀ အထိ ရှိခဲ့ ကြောင်း ရှန်ဟိုင်းရှိ အမေရိကန်ကုန်သည်ကြီးများအသင်း (AmCham Shanghai) ၏ အချက်အလက် များတွင် ဖော်ပြထားသည်။
တရုတ်-အမေရိကန် နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်မှုဆက်ဆံရေး ခိုင်မာပြီး ရေရှည်တည်တံ့ ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆက်သွယ်ရေး ခိုင်မာလာစေရန်၊ ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ရန်၊ အမေရိကန်နှင့် ကွဲပြားမှုများကို ဖြေရှင်းရန် တရုတ်နိုင်ငံအနေဖြင့် ဆန္ဒရှိကြောင်း တရုတ် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။
အရင်းမြစ်။ http://en.people.cn/n3/2024/1108/c90000-20239311.html
စီးပွားရေးသံမှူး၊ တရုတ်နိုင်ငံ၊ ကူမင်းမြို့။