China (HongKong)

၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်၍ ဟောင်ကောင်ဒေသ၏ စီးပွားရေးအခြေအနေ တဖြည်း ဖြည်း တိုးတက်လာကြောင်း ဘဏ္ဍာရေးဝန်ကြီးပြောကြား

Last Updated:

          ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်၍ ဟောင်ကောင်ဒေသ၏ စီးပွားရေးအခြေအနေ တဖြည်းဖြည်းတိုးတက်လာကြောင်းနှင့် ၂၀၂၃ ခုနှစ် ပထမ (၉) လအတွင်း စားသုံးသူများ၏ သုံးစွဲမှုနှင့်  ခရီးသွားလာရောက်မှုအခြေအနေမှာ ကိုဗစ်မတိုင်မီအခြေအနေ၏ ၉၀ ရာခိုင်နှုန်းနှင့် ၈၀ ရာခိုင်နှုန်းခန့်အထိ အသီးသီး ပြန်လည်မြင့်တက်လာပြီးဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး Paul Chan Mo-po က ပြောကြားခဲ့သည်ဟု ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့တွင်  South China Morning Post သတင်းဌာနမှ “Steady improvement in Hong Kong’s economy since start of year, finance chief says, with spending surging to 90% of pre-Covid levels” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

          သို့သော် အမေရိကန်နိုင်ငံ၏ အတိုးနှုန်းမြင့်မားနှင့် ကမ္ဘာလုံးဆိုင်ရာ ပထဝီနိုင်ငံရေး အနေအထားများကဲ့သို့သော ပြင်ပအခြေအနေများသည် ဟောင်ကောင်ဒေသ၏ စီးပွားရေးအပေါ် လွှမ်းမိုးမှုများရှိနေကြောင်း ဘဏ္ဍာရေးဝန်ကြီးကပြောကြားခဲ့ပါသည်။  ပြင်ပကုန်သွယ်မှု အားနည်းနေခြင်းကြောင့် ၂၀၂၃ ခုနှစ်အတွက် ဟောင်ကောင်ဒေသ၏ စီးပွားရေး တိုးတက်မှု ခန့်မှန်းချက်ကို မူလခန့်မှန်းထားသည့် ၃.၅ မှ ၅.၅ ရာခိုင်နှုန်းမှ ၄ မှ ၅ ရာခိုင်နှုန်းသို့ ပြန်လည် ပြင်ဆင်ခန့်မှန်းခဲ့ပါသည်။

          ၂၀၂၃ ခုနှစ် ဒုတိယ ၃ လပတ်အတွင်း ဒေသ၏ စီးပွားရေး ၁.၅ ရာခိုင်နှုန်းတိုးတက်လာ ကြောင်းနှင့် ခရီးသွားလုပ်ငန်းနှင့် တစ်ဦးချင်းသုံးစွဲမှုသည် ဟောင်ကောင်ဒေသ၏ စီးပွားရေး ပြန်လည်နာလံထူမှုကို တွန်းအားပေးလျက်ရှိကြောင်း အစိုးရတာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။ သို့သော် ဟောင်ကောင်တက္ကသိုလ်မှ ထုတ်ပြန်သည့် လေ့လာချက်များအရ စားသုံးသူ ယုံကြည်မှုညွှန်ကိန်းသည် ၂၀၂၃ ခုနှစ် တတိယသုံးလပတ်တွင် ၈၆.၃ ရာခိုင်နှုန်းရှိခဲ့ပါသည်။ အဆိုပါ ညွှန်ကိန်းသည် ယခင်နှစ်ကထက် ၃၅.၂ ရာခိုင်နှုန်းတိုးတက်လာခဲ့သော်လည်း ပြီးခဲ့သည့် သုံးလပတ်ကာလထက် ၂.၃ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

          ပထဝီနိုင်ငံရေးအရ တင်းမာမှုများမြင့်မားလာသော်လည်း ယခုနှစ် စက်တင်ဘာလကုန် အထိ ဥရောပ လုပ်ငန်း ၇၆ ခုကျော် ဟောင်ကောင်ဒေသတွင် လုပ်ငန်းများ လာရောက်ကိုင်ခဲ့သောကြောင့် ယခင်နှစ် အလားတူကာလထက် ၇ ရာခိုင်နှုန်းကျော်တိုးတက်လာခဲ့ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။

        စီးပွားရေးအခြေအနေအရ မရေရာမှုများရှိနေသေးသော်လည်း ပြည်ပမှ စီးပွားရေး လုပ်ငန်းများအနေဖြင့် မဟာပင်လယ်ကွေ့ဒေသ၊ တရုတ်ပြည်မနှင့် အခြားအာရှဒေသများသို့ ချဲ့ထွင်နိုင်ရေးအတွက် အခြေစိုက်ရာနေရာအဖြစ် ဟောင်ကောင်ဒေသကို မျက်စေ့ကျနေဆဲဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်၊ မတ်လ မှစတင်၍ ဟောင်ကောင်ဒေသမှ ထွက်ခွာသွားသည့် ကျွမ်းကျင်သူများနှင့် စီးပွားရေးလုပ်ငန်းများပြန်လည်လာရောက်လျက်ရှိပြီး ပြီးခဲ့သောလအနည်းငယ်အတွင်း အရေအတွက် ပိုတိုးလာသည်ဟု ကိန်းဂဏန်းအချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်းမရှိဘဲ ၎င်းက ပြောကြားခဲ့ပါသည်။

           ၂၀၂၀ ပြည့်နှစ် ဒုတိယသုံးလပတ်နှင့် ၂၀၂၂ ခုနှစ် ဒုတိယသုံးလပတ်အကြားတွင် ဟောင်ကောင်ဒေသမှ လုပ်သားအင်အား ၁၄၀,၀၀၀ ထွက်ခွာသွားခဲ့သည်ဟု ဟောင်ကောင် ဒေသ အုပ်ချုပ်ရေးမှူး John Lee Ka-chiu က ပြောကြားခဲ့ကြောင်းရေးသား ဖော်ပြထားပါသည်။

         ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလကုန်အထိ ဟောင်ကောင်ဒေသ၌ ကုမ္ပဏီ ၃၀၀ ကျော် လာရောက်လုပ်ကိုင်နိုင်ရေး ကူညီဆောင်ရွက်ပေးနိုင်ခဲ့သည်ဟု ဟောင်ကောင်ဒေသအစိုးရ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများအတွက် တာဝန်ယူဆောင်ရွက်သည့် InvestHK မှ တာဝန်ရှိသူ မစ္စတာ Chan က ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

          ထို့ပြင် တရုတ်ပြည်မနှင့် ပြည်ပနိုင်ငံများမှ မဟာဗျူဟာမြောက် လုပ်ငန်းကြီး ၃၀ ကျော် လည်း ဟောင်ကောင်ဒေါ်လာ ၃၀ ဘီလီယံ လာရောက်ရင်းနှီးမြှုပ်နှံရေးအတွက် သဘောတူညီထားပြီးဖြစ်ကြောင်းနှင့် အဆိုပါ လုပ်ငန်းများထဲထွင် ဗြိတိန်ဆေးဝါးကုမ္ပဏီကြီးတစ်ခုဖြစ်သည့် AstraZeneca နှင့် အမေရိကန်အခြေစိုက် ဇီဝဆေးဝါးလုပ်ငန်းတစ်ခုဖြစ်သည့် Sirnaomics  တို့ လည်းပါဝင်သည်ဟု အစိုးရမှ ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

          အလားတူ မဟာဗျူဟာမြောက်လုပ်ငန်ကြီးများ ဆွဲဆောင်ရေးရုံး (OASES) အနေဖြင့်လည်း ပြီးခဲ့သည့် ၆ လအတွင်း ဟောင်ကောင်ဒေသပြင်ပမှ လုပ်ငန်းကြီး ၂၀၀ ခန့် နှင့် ချိတ်ဆက်ဆွေးနွေးရာတွင် တိုးတက်မှုများ ရရှိနေပြီဖြစ်ကြောင်းနှင့် ကပ်ရောဂါဖြစ်ပွားနေချိန် အတွင်း ဟောင်ကောင်ဒေသအနေဖြင့် ပြင်ပနိုင်ငံများနှင့် ဆက်သွယ်ဆောင်ရွက်မှုနည်းသွားပြီး ဘက်လိုက်သည့် ပြည်ပသတင်း ထုတ်ပြန်ချက်များကြောင့် ဟောင်ကောင်ဒေသအပေါ်  အထင်အမြင် လွဲမှားမှုများရှိနေသည်ကို ၎င်း၏ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမဏီ ခရီးစဉ်အတွင်း၌ သတိပြုမိခဲ့ကြောင်းနှင့် အဆိုပါ အမြင်လွဲမှားမှုများအပေါ် တုံ့ပြန်ဆောင်ရွက်ချက်အနေဖြင့် ဒေသအစိုးရအနေဖြင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရေး ဦးတည်သည့်ပွဲများကို စီစဉ်ကျင်းပသွားမည်သည်ဟု ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့ပါသည်။ 

      ဟောင်ကောင်ဒေသအနေဖြင့် ကမ္ဘာတစ်လွှားမှ ဘဏ္ဍာရေးခေါင်းဆောင်များ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာလတွင် လက်ခံကျင်းပသွားမည်ဖြစ်ပြီး၊ အဆိုပါ အစည်းအဝေးသို့ ကမ္ဘာ့ထိပ်တန်း ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများမှ ဥက္ကဋ္ဌ သို့မဟုတ် အမှုဆောင်အရာရှိချုပ် ၉၀ ကျော် အပါအဝင် အမှုဆောင်အရာရှိ ၃၀၀ ကျော် ပါဝင် တက်ရောက်မည်ဟု ခန့်မှန်းထားကြောင်း ရေးသားဖော်ပြထားပါသည်။

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

 

 

 

Category: China (HongKong)