U. A. E

ယူအေအီးနိုင်ငံသည် အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံကျော် တန်ဖိုးပမာဏဖြင့် ကမ္ဘာ့စိန်ကုန်သွယ်မှုတွင် ဦးဆောင်သူအဖြစ် ရောက်ရှိလာခဲ့

Last Updated:

ယူအေအီးနိုင်ငံသည်စိန်ကုန်သွယ်ရေးတွင် ထိပ်တန်းကမ္ဘာ့ကုန်သွယ်သည့်နိုင်ငံအဖြစ် ရောက်ရှိလာခဲ့ပြီး အိန္ဒိယနှင့်အမေရိကန်နိုင်ငံများပြီးလျှင် ကမ္ဘာတစ်ဝှမ်းတွင် တတိယအဆင့်သို့ ရောက်ရှိခဲ့ကာ နိုင်ငံတကာ စျေးကွက်ဝေစုစုစုပေါင်း၏ ၁၅ % ကျော်ကို ပိုင်ဆိုင်ထားရှိပါသည်။

နိုင်ငံ၏စိန်ကုန်သွယ်မှုသည် ၂၀၂၄ နှစ်ကုန်တွင် အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံကျော်အထိ ရောက်ရှိမည်ဟုမျှော်မှန်းထားကြောင်း ယူအေအီးနိုင်ငံ၊ စီးပွားရေးဝန်ကြီးဌာနမှ နိုင်ငံတကာကုန်သွယ်မှုရေးရာ လက်ထောက်အတွင်းဝန်ဖြစ်သူ Juma Al Kait က ပြောကြားခဲ့ပါသည်။

Al Kait က Dubai Diamond Week အစီအစဉ်၏အစိတ်အပိုင်းတစ်ရပ်အဖြစ် ဒူဘိုင်းကုန်စည်မျိုးစုံ ရောင်းဝယ်ရေးစင်တာ (DMCC) မှ စီစဉ်ကျင်းပခဲ့သည့် ဆဋ္ဌမအကြိမ်မြောက် Dubai Diamond Conference တွင် အဆိုပါမျှော်မှန်းမှုအား ဝေမျှတင်ပြခဲ့ခြင်းဖြစ်ပါသည်။ စိန် ကုန်စည်များသည် ယူအေအီးနိုင်ငံ၏ ရေနံမဟုတ်သောကုန်သွယ်မှုတွင် ၅.၅ % ကျော်ပါဝင်ပြီး ၂၀၂၃ ခုနှစ်၏ ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၉ ဘီလီယံ ခန့်ရှိခဲ့ကာ ယခု ၂၀၂၄ ခုနှစ် ပထမ နှစ်ဝက်တွင် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံကျော် ဝန်းကျင်ခန့်သို့ရောက်ရှိနေပြီဖြစ်ကြောင်း ၎င်းက အလေးပေးပြော ကြားခဲ့ပါသည်။

နိုင်ငံတကာကုန်သွယ်မှု သဘောတူညီချက်များကို ဖော်ဆောင်ရာတွင် ယူအေအီး နိုင်ငံ၏ တက်ကြွသောအခန်းကဏ္ဍသည် အာရှ၊ အာဖရိကနှင့် အခြားသောနိုင်ငံများရှိ စျေးကွက်သစ်များကို ဖွင့်လှစ်ပေးနိုင်ခဲ့ပါသည်။ ယူအေအီးနိုင်ငံသည် ပဋိပက္ခစိန်များကိုတားဆီးရန်အတွက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ဆုံးဖြတ်ချက်အရ ၂၀၀၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် Kimberley Process လုပ်ငန်းစဉ်ကို ဒုတိယအကြိမ်မြောက်ဥက္ကဋ္ဌအဖြစ် တာဝန်ယူရန်ပြင်ဆင်နေချိန်တွင် Al Kait မှ ဤကဏ္ဍအတွင်း ကမ္ဘာလုံးဆိုင်ရာ စိန်ကုန်သွယ်မှုနှင့် ဆန်းသစ်တီထွင်မှုများကို လွယ်ကူ ချောမွေ့စေရန်ဆောင်ရွက်လျှက်ရှိသော DMCC ၏ အဓိကအခန်းကဏ္ဍကို မီးမောင်းထိုး တင်ပြခဲ့ပါသည်။

ယူအေအီးနိုင်ငံ၏ ကျယ်ပြန့်သောစီးပွားရေးအမြင်၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ယူအေအီး အစိုးရသည် ၂၀၃၁ ခုနှစ်တွင် ရေနံမဟုတ်သောကုန်သွယ်မှုကို AED ၄ ထရီလီယံအထိ မြှင့်တင်ရန် နှင့်တင်ပို့မှု AED ၈၀၀ ဘီလီယံအထိ တိုးမြှင့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားရှိပါသည်။ ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် (CEPA) အစီအမံများသည် ဤမဟာ ဗျူဟာကို အထောက်အပံပြုလျှက်ရှိပြီး အဓိကကမ္ဘာ့ကုန်သွယ်ဘက်နိုင်ငံများနှင့် ကုန်သွယ်မှု ဆက်ဆံရေးကို အားကောင်းလာစေခဲ့ပါသည်။ ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်းတွင် ယူအေအီး နိုင်ငံ၏ရေနံမဟုတ်သော ကုန်သွယ်မှုသည် AED ၁.၄ ထရီလီယံသို့ရောက်ရှိခဲ့ပြီး ၁၁.၂ % တိုးတက် လာခဲ့ကာ ကမ္ဘာ့ကုန်သွယ်မှုတိုးတက်မှုနှုန်း ၁.၅ % ထက် သိသိသာသာကျော်လွန်သွားခဲ့ပါသည်။ အဆိုပါအောင်မြင်မှုသည် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် ကမ္ဘာလုံးဆိုင်ရာ အချက်အချာ တစ်ခုအဖြစ် ယူအေအီး နိုင်ငံ၏ရပ်တည်ချက်ကို အလေးပေးထားရှိမှုအားဖော်ပြနေခြင်း ဖြစ်ကြောင်း သတင်းဌာနမှဖော်ပြထားပါသည်။

Source:Emirates News Agency

Economic Counsellor (Dubai)

 

Category: U. A. E