China(Beijing)

ချင်းတောင်မြို့တွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ အဖွဲ့ဝင်နိုင်ငံများဆိုင်ရာညီလာခံသုံးခုနှင့် ကုန်စည်ပြပွဲတစ်ခု စတင်ကျင်းပခဲ့

Last Updated:

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(Shanghai Cooperation Organization-SCO) အဖွဲ့ဝင် နိုင်ငံများအကြား ပြည်သူလူထုချင်း ရင်းနှီးချစ်ကြည်စွာဆက်ဆံရေး SCO ဖိုရမ်နှင့် ညီအစ်မမြို့တော် များဆိုင်ရာဖိုရမ်တို့ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၄ ရက်မှ ၁၆ ရက်အထိ ရှန်းတုန်းပြည်နယ်၊ ချင်းတောင်မြို့တွင် ကျင်းပခဲ့ကြောင်းသိရှိရပါသည်။

ဖိုရမ်ကို  Online နှင့် Offline ပုံစံနှစ်မျိုးဖြင့် ကျင်းပခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများအကြား ပြည်သူလူထုချင်း ရင်းနှီးပွင့်လင်းစွာဆက်ဆံမှုမှ ရရှိသည့်အကျိုးကျေးဇူးများနှင့် ညီမမြို့တော်များအကြား ပူးပေါင်းဆောင်ရွက်ခဲ့မှုများ ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

ဖိုရမ်သို့ နိုင်ငံခြားသားကိုယ်စားလှယ်များ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ  နိုင်ငံခြားသံရုံးများမှ ကိုယ်စားလှယ်များ၊ ညီအစ်မမြို့တော်၊ တိုင်းနှင့်ပြည်နယ်များမှ တာဝန်ရှိသူများနှင့် အခြားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်(၄၀၀)ကျော် တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။ တက်ရောက်လာသည့် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်သူလူထုချင်း ရင်းနှီးစွာဆက်ခံရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေး၊ အိမ်နီးချင်းများ၊ မိတ်ဆွေများအနေဖြင့် ရင်းနှီးစွာဆက်ဆံနိုင်ရေး တိုးမြှင့်ရန် ရည်ရွယ်ကြောင်း ချင်းတောင်မြို့ ပြည်သူ့အစိုးရအဖွဲ့၏ ပြောကြားချက်အရ သိရှိရပါသည်။

ဇွန်လ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့တို့တွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင်နိုင်ငံများ အကြား စက်မှုလုပ်ငန်းကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက်ဆိုင်ရာဖိုရမ်ကို SCO ပုလဲ အပြည်ပြည် ဆိုင်ရာ ကုန်စည်ပြပွဲစင်တာတွင် ကျင်းပခဲ့ကြောင်းသိရှိရပါသည်။

အနာဂတ်ကာလ ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ၌ အားလုံးချိတ်ဆက်ပါဝင် ၍ အောင်မြင်မှုအတူတကွခံစားနိုင်ရေး “win-win coordination to link up a new future for regional economic cooperation” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး SCO ဒေသတွင်းနိုင်ငံများနှင့် လုပ်ငန်းများအကြား လမ်းကြောင်းသစ်တစ်ခု တည်ဆောက်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းလည်း သိရှိရပါသည်။

ထို့ပြင် SCO နိုင်ငံများ စုစည်းဆောင်ရွက်ခြင်းဖြင့် ပြည်သူလူထု၏ လူနေမှုဘဝတိုးတက်စေရေး ရည်ရွယ်၍ “Gathering at SCO for a Wonderful life” ခေါင်းစဉ်ဖြင့် SCO ကုန်စည်ပြပွဲကို စုစုပေါင်း ၄၄,၀၀၀ စတုရန်းမီတာရှိသည့်ပြပွဲဧရိယာအတွင်း ၂၀၂၃ ခုနှစ် ဇွန်လ ၁၅ ရက်မှ ၁၈ ရက်ထိ ကျင်းပပြုလုပ်လျက်ရှိကြောင်းနှင့်  SCO အဖွဲ့ဝင်နိုင်ငံပေါင်း ၁၀ နိုင်ငံကျော်ရှိ လုပ်ငန်း(၃၂၂)ခုမှ ကိုယ်စားလှယ်များ ပါဝင်ပြသလျက်ရှိကြောင်း သိရှိရပါသည်။

Source: https://www.prnewswire.com/news-releases/three-conferences-and-one-exhibition-of-sco-kicked-off-in-qingdao-301852970.html

စီးပွားရေးသံမှူး၊ ပေကျင်းမြို့

Category: China(Beijing)