China(Beijing)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့်ပြုပြင်ပြောင်းလဲရေး ကော်မရှင်မှ စားသုံးသူများ၏ သုံးစွဲမှုတိုးတက်စေရေး မူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်လျက်ရှိ

Last Updated:

အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်(National Development and Reform Commission-NDRC) မှ နိုင်ငံတွင်းရှိ စားသုံးသူများ၏ သုံးစွဲမှုတိုးတက်လာစေရေးအတွက် မူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

NDRC ၏ ပြောရေးဆိုခွင့်ရှိသူ Ms. Meng Wei က တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် စီးပွား ရေးပြန်လည်ကောင်းမွန်လျက်ရှိကြောင်း၊ ယခုနှစ်တွင် ကုန်ထုတ်လုပ်ငန်းမဟုတ်သည့် စီးပွားရေး လုပ်ငန်းများ၏ ညွှန်းကိန်းမှာ စံသတ်မှတ်ထက်ကျော်လွန်သည့် အနေအထားသို့ရောက်ရှိခဲ့ကြောင်း နှင့် မေလတွင် ၅၄.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဝန်ဆောင်မှုကဏ္ဍပြန်လည်ကောင်းမွန်လာခြင်းနှင့် စားသုံးမှုနှုန်းတိုးတက်လာခြင်းများက အဓိကသက်သေများအဖြစ်ရှိခဲ့ကြောင်း၊ ထင်ရှားသည့်သာဓကအနေဖြင့် မေလတွင် မော်တော်ကား ရောင်းချမှုမှာ ယခင်နှစ်ကာလတူထက် ၂၇.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းနှင့် ယခုနှစ် ပထမငါးလ အတွင်း ဝန်ဆောင်မှုလုပ်ငန်းများ၏ ညွှန်းကိန်းမှာ ၉.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

ပုံသေပိုင်ရင်းနှီးမြှုပ်နှံမှုမှာလည်းတိုးတက်ခဲ့ပြီး ယခင်နှစ်ကာလတူထက် စုစုပေါင်းတိုးတက်မှု အနေဖြင့် ၄.၀ ရာခိုင်နှုန်း တိုးတက်ခဲ့ကာ ထုတ်လုပ်မှု၊ အခြေခံအဆောက်အအုံနှင့် အဆင့်မြင့်နည်းပညာ အသုံးပြုလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုမှာ ၆.၀ ရာခိုင်နှုန်း၊ ၇.၅ ရာခိုင်နှုန်းနှင့် ၁၂.၈ ရာခိုင်နှုန်းအသီးသီးမြင့်တက်ခဲ့ကြောင်းသိရှိရပါသည်။

လက်ရှိဈေးကွက်တွင်းနှင့် နိုင်ငံတွင်းပြောင်းလဲမှုများအရ စိန်ခေါ်မှုများဖြစ်ပေါ်လျက်ရှိသော်လည်း တရုတ်နိုင်ငံ၏ ကာလရှည်စီးပွားရေးတိုးတက်မှု အရှိန်အဟုန်စဉ်ဆက်မပြတ် တိုးတက်စေရေးအတွက် မက်ခရိုစီးပွားရေးမူဝါဒများ ချမှတ်ခြင်း၊ ဈေးကွက်ပြန်လည်အားကောင်းလာစေမည့် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးခြင်းနှင့် ရောင်းလိုအားအနေအထားများ ညှိနှိုင်းဆောင်ရွက်ခြင်းတို့ဖြင့် စီးပွားရေးတိုးတက်စေမည့် မူဝါဒများဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

NDRC အနေဖြင့် နိုင်ငံ၏ စားသုံးမှုဝန်းကျင်တိုးတက်စေရေးနှင့် ဝန်ဆောင်မှုကဏ္ဍ အလားအလာကောင်းများ ရရှိရေးရည်ရွယ်၍ စားသုံးသူများ၏ သုံးစွဲမှုချဲ့ထွင်နိုင်ရန်နှင့် ပြန်လည်ဆန်းသစ်မှုများ ဆောင်ရွက်နိုင်ရန် မူဝါဒများ လျင်မြန်စွာချမှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။  

Source: NDRC moves swiftly on policies to develop consumer spending - CGTN

စီးပွားရေးသံမှူး၊ ပေကျင်းမြို့

Category: China(Beijing)