China (HongKong)

စက်တင်ဘာလတွင် ဟောင်ကောင်ဒေသ၏ စားသုံးသူဈေးနှုန်း ၂ ရာခိုင်နှုန်းမြင့်တက်

Last Updated:

          ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ၁.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့သည့် ဟောင်ကောင်ဒေသ၏ စားသုံးသူ ဈေးနှုန်းသည် စက်တင်ဘာလတွင် ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း Hong Kong Business News သတင်းဌာနမှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့တွင် “Consumer prices rise 2% YoY in September” ခေါင်းစဉ်ဖြင့်ရေးသားဖော်ပြထားပါသည်။

          အစိုးရ၏ ကယ်ဆယ်ရေးအထောက်အပံ့များကြောင့် ရရှိသည့် အကျိုးရလဒ်များကို ဖယ်ရှား တွက်ချက်ပါက ပေါင်းစပ်စားသုံးဈေးနှုန်းညွှန်းကိန်း (CPI) မှာ ၁.၈ ရာခိုင်နှုန်းသာ မြင့်တက်ကြောင်း ရေးသား ဖော်ပြထားပါသည်။

        သန်းခေါင်စာရင်းနှင့် စာရင်းအင်းဌာနမှ ထုတ်ပြန်သည့် စာရင်းဇယားများအရ စက်တင် ဘာလ အတွင်း ယမကာနှင့် ဆေးလိပ် ( ၁၈.၉ %)၊ အဝတ်အထည်နှင့် ဖိနပ် (၆.၅ %)၊ ထုတ်ပိုး သယ်ယူသည့် အစားအစာ (၄.၀ %)၊ လျှပ်စစ်ဓာတ်အား၊ ဓာတ်ငွေ့နှင့် ရေ (၂.၉ %)၊ အခြား သောဝန်ဆောင်မှုများ (၂.၇ %)၊ အခြားကုန်စည်များ (၂.၅ %)၊ သယ်ယူပို့ဆောင်ရေး (၂.၄ %)၊ အခြေခံစားကုန် (၁.၃%) နှင့် အိမ်ရာ (၀.၉ %) အသီးသီး ဈေးနှုန်းမြင့်တက်ခဲ့ကြောင်းနှင့် ကြာရှည်ခံ အစားအစာများ၏ ဈေးနှုန်းသာ (-၁.၈%) ကျဆင်းခဲ့ကြောင်း ရေးသားဖော်ပြထားပါ သည်။

          ယခုလအစောပိုင်းတွင်ဖြစ်ပွားခဲ့သည့် ပြင်းထန်သည့် ရာသီဥတုအခြေအနေများကြောင့် အခြေခံ ကုန်စည်ဈေးနှုန်းမှာ ယခင်နှစ်ကထက်မြင့်သွားခြင်းဖြစ်ကြောင်းနှင့် သိသိသာသာ ဈေးနှုန်း မြင့်တက်နေသည့် ကုန်စည်နှင့်ဝန်ဆောင်မှုမှာ အဝတ်အထည်၊ ဖိနပ်နှင့် လျှပ်စစ် ဓာတ်အား တို့ဖြစ်သော်လည် လျှပ်စစ်ဓာတ်အား ဈေးနှုန်းများမြင့်တက်မှုနှုန်းမှာ အနည်းငယ် သက်သာသည်ဟု အစိုးရထုတ်ပြန်ချက်တွင် ဖော်ပြထားခဲ့ကြောင်းရေးသား ဖော်ပြထားပါသည်။

     ငွေကြေးဖောင်းပွမှုကို တိုင်းတာရာတွင် အဓိကကျသည့်အချက်ဖြစ်သော စားသုံးသူ ဈေးနှုန်း မြင့်တက်မှုအခြေအနေအရ မကြာမီကာလအတွင်း ဟောင်ကောင်ဒေသ၏ ငွေကြေးဖောင်းပွမှုမှာ အလယ်အလတ် အဆင့်တွင်သာ ဆက်လက်ရှိနေမည်ဖြစ်ပြီး၊ ပြင်ပဈေးနှုန်း ဖိအားမှာလည်း ပိုမို လျော့ကျလာနိုင်မည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

(ဒေါ်နှင်းဇာလွှာ၊ စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

 

Category: China (HongKong)