China(Nanning)

ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းသည် ကမ္ဘာလုံးဆိုင်ရာတိုးတက်မှုအတွက် ခိုင်မာသော တွန်းအားဖြစ်ပေါ်စေ

Last Updated:

          ကမ္ဘာ့စီးပွားရေးသည် ပြန်လည်နာလန်ထူမှုနှေးကွေးခြင်းနှင့် နိုင်ငံများက ကိုယ်ကျိုးစီးပွား ကာကွယ်မှုမြင့်တက်လာခြင်းတို့အပါအဝင် စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရသောကြောင့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း(Belt and Road Initiative- BRI)အောက်တွင် ပူးပေါင်းဆောင်ရွက်ခြင်းသည် လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာတိုးတက်မှုကို မောင်းနှင်ပေးသည့် အဓိက တွန်းအားတစ်ခုဖြစ်ကြောင်း Chinadaily သတင်း၌ ဖော်ပြထားပါသည်။

          ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း(BRI)ကို ၂၀၁၃ ခုနှစ်တွင် စတင်အဆိုပြုခဲ့ပြီးနောက်ပိုင်း၌ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရေး၊ ကမ္ဘာ့စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ရေးကွင်းဆက် များ တိုးတက်ကောင်းမွန်ရေးနှင့် ပိုမိုမျှတသောဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရေးတို့တွင် ထူးထူး ခြားခြား အောင်မြင်မှုများ ရရှိခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

          အခြေခံအဆောက်အဦပိုင်းတွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ အဆင်ပြေချောမွေ့စေခြင်းသည် ကမ္ဘာ့စီးပွားရေး တိုးတက်မှုကို မြန်ဆန်စေသည့် အဓိကမောင်းနှင် အား (၂) ခုဖြစ်ပြီး ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းသည် ကဏ္ဍနှစ်ရပ်စလုံးတွင် ကြီးမားသော အထောက်အပံ့ဖြစ်စေခဲ့သည်ဟု တရုတ်နိုင်ငံတကာကုန်သွယ်မှုအသင်းမှ ကျွမ်းကျင်သူ He Weiwen က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

          ၂၀၁၃ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း တရုတ်နှင့် BRI နိုင်ငံများအကြား သွင်းကုန်နှင့် ပို့ကုန် တန်ဖိုးသည် အမေရိကန်ဒေါ်လာ (၁၉.၁) ထရီလီယံရှိပြီး နှစ်စဉ် ပျမ်းမျှတိုးတက်မှုနှုန်းမှာ (၆.၄) ရာခိုင်နှုန်းရှိကြောင်း နိုင်ငံတော်ကောင်စီသတင်းပြန်ကြားရေးရုံးက အောက်တိုဘာလ (၁၀) ရက် နေ့တွင် ထုတ်ပြန်သော စက္ကူဖြူစာတမ်းအရ သိရှိရပါသည်။

          အဆိုပါကာလအတွင်း တရုတ်နှင့် မိတ်ဖက်နိုင်ငံများအကြား အပြန်အလှန်ရင်းနှီးမြှုပ်နှံမှု သည် တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ (၂၄၀) ဘီလီယံခန့် အပါအဝင် အမေရိကန်ဒေါ်လာ (၃၈၀) ဘီလီယံအထိ တိုးမြင့်လာခဲ့ကြောင်း စက္ကူဖြူစာတမ်းတွင် ဖော်ပြထားကြောင်း သိရှိရ ပါသည်။

          လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၁) ထရီလီယံနီးပါး ပါဝင်သည့် BRI ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းပေါင်း (၃၀၀၀) ကျော်ကို စတင်ခဲ့ကြောင်း၊ ရထားလမ်းများ၊ တံတားများနှင့် ပိုက်လိုင်းများကဲ့သို့သော အဆိုပါစီမံကိန်းများသည် အာရှတိုက်ရှိ ဒေသခွဲများအကြား ချိတ်ဆက်ပေးသည့်အပြင် အာရှ၊ ဥရောပနှင့် အာဖရိကတိုက်ကြီးများကို ချိတ်ဆက်ပေးသည့် အခြေခံအဆောက်အဦကွန်ရက်ကို တည်ဆောက်နိုင်ခဲ့ကြောင်း သိရှိရပါ သည်။

          အခြေခံအဆောက်အဦချိတ်ဆက်မှု ပိုမိုကောင်းမွန်လာစေခြင်းဖြင့် BRI ပူးပေါင်းဆောင် ရွက်မှုသည် နိုင်ငံတကာကုန်သွယ်မှုကုန်ကျစရိတ်ကို လျှော့ချပေးနိုင်ရုံသာမက မဖွံ့ဖြိုးသေးသော နိုင်ငံများ အထူးသဖြင့် ကုန်းတွင်းပိတ်နိုင်ငံများကို ကမ္ဘာ့ကုန်သွယ်ရေးတွင် ပါဝင်လာနိုင်စေပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်စေကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲ ရေးကော်မရှင်မှ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကျွမ်းကျင်သူ Liu Nanxing က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

          BRI မူဘောင်အောက်မှ အပြန်အလှန်ချိတ်ဆက်ထားသော အခြေခံအဆောက်အဦများ သည် ကမ္ဘာ့စက်မှုလုပ်ငန်းနှင့်ထောက်ပံ့ရေးကွင်းဆက်များကို တည်ငြိမ်စေရန်နှင့် ကုန်စည်စီးဆင်း မှုချောမွေ့စေရန် ဆောင်ရွက်ရာတွင် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း Beijing Normal University မှ Belt and Road School မှ အမှုဆောင်ဒါရိုက်တာ Hu Biliang က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

          ထို့အပြင် BRI သည် ကမ္ဘာ့စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ရေးကွင်းဆက်များတွင် ပါ၀င်နိုင်စေ ရန်အတွက် မဖွံ့ဖြိုးသေးသောနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများက လိုအပ်သည့် စွမ်းအင်နှင့် သယ်ယူပို့ဆောင် ရေး အထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ပေးခဲ့သည်ဟု Hu က ပြောကြားခဲ့ကြောင်း သိရှိရ ပါသည်။

          ဇွန်လကုန်အထိ တရုတ်နိုင်ငံသည် နိုင်ငံပေါင်း (၄၀) ကျော်နှင့် စက်မှုစွမ်းရည် ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ မိတ်ဖက်နိုင်ငံများရှိ အစိုးရများ၊ စီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်း၍ တရုတ်စီးပွားရေးလုပ်ငန်းများသည် နိုင်ငံရပ်ခြား ရှိ စက်မှုဇုန် (၇၀) ကျော်ကို တည်ဆောက်ခဲ့ကြောင်း အဆိုပါစက္ကူဖြူစာတမ်းအရ သိရှိရပါသည်။

          ကမ္ဘာ့ဘဏ်မှ သုတေသနရလဒ်များကို ကိုးကား၍ Beijing Normal University မှ ပညာရှင် Wang Lei က BRI သယ်ယူပို့ဆောင်ရေးကွန်ရက်နှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ တိုးလာ ခြင်းကြောင့် BRI နိုင်ငံများ၏ GDP တိုးတက်မှုနှုန်းကို ပိုမိုမြင့်တက်လာစေကြောင်း ပြောကြားခဲ့ သည်ဟု သိရှိရပါသည်။

          ဖွံ့ဖြိုးပြီးနိုင်ငံအနည်းငယ်မှသာ ကမ္ဘာ့စီးပွားရေးကို လွှမ်းမိုးထားချိန်တွင် မတူညီသော ဒေသများရှိ နိုင်ငံများ၊ မတူညီသော ဖွံ့ဖြိုးတိုးတက်မှု အဆင့်များနှင့် မတူညီသော ယဉ်ကျေးမှုများ ပါဝင်ခြင်းဖြင့် BRI သည် ကမ္ဘာ့စီးပွားရေးတွင် ပွင့်လင်းမြင်သာစွာနှင့် အားလုံးပါဝင်နိုင်သည့် တိုးတက်မှုကို ဖော်ဆောင်ခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားထားကြောင်း သိရှိရပါသည်။

          တရုတ်နိုင်ငံသည် ယခုအချိန်အထိ ကမ္ဘာ့တိုက်ကြီး(၅)ခုမှ နိုင်ငံပေါင်း (၁၅၀)ကျော်နှင့် နိုင်ငံတကာအဖွဲ့အစည်း (၃၀)ကျော်တို့နှင့် BRI ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် (၂၃၀) ကျော်ကို လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း၊ ကမ္ဘာ့ဘဏ်က ၂၀၃၀ ပြည့်နှစ်တွင် BRI နှင့် ဆက်စပ်သော ရင်းနှီးမြှုပ်နှံမှုများသည် လူပေါင်း (၇.၆)သန်းကို အလွန်အမင်းဆင်းရဲမွဲတေမှုမှ လွတ်မြောက်နိုင်စေမည်ဖြစ်ပြီး (၃၂)သန်းကို အလယ်အလတ်ဆင်းရဲတွင်းမှ ကယ်တင်နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

Source: www.chinadaily.com.cn/a/202310/23/WS6535c8daa31090682a5ea110.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

 

 

 

 

 

Category: China(Nanning)