China(Beijing)

တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် ပို့ကုန်တင်ပို့မှု ထိန်းသိမ်းနိုင်ရေး ဆောင်ရွက်လျက်ရှိ

Last Updated:

နည်းပညာဦးစားပေးအစိမ်းရောင်ထုတ်ကုန်များ၊ မူဝါဒနည်းလမ်းများချမှတ်ပံ့ပိုးခြင်းနှင့် ပုဂ္ဂလိကကုမ္ပဏီများမှ ဖွံ့ဖြိုးစဈေးကွက်အတွင်း ကျယ်ပြန့်စွာဝင်ရောက်နိုင်မှုများသည် ယခုနှစ်ဒုတိယနှစ်ဝက်ကာလအတွင်း တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု၌ ပို့ကုန်တင်ပို့မှုအပေါ် အကျိုးသက်ရောက်မှုရှိစေသည့် အဓိကမောင်းနှင်အားများဖြစ်ကြောင်း အစိုးရအရာရှိများနှင့် ဈေးကွက်စောင့်ကြည့်သူများ၏ ပြောကြားချက်များအရ သိရှိရပါသည်။

နိုင်ငံ၏အဓိကပို့ကုန်ဦးစားပေးဆောင်ရွက်သည့် ဒေသများဖြစ်သော ရှန်ဟိုင်း၊ ပေကျင်းနှင့် ကွမ်းတုန်းပြည်နယ်၊ ကျန်းစုပြည်နယ်၊ ကျဲ့ကျန်းပြည်နယ်နှင့် ရှန်းတုန်းပြည်နယ်တို့သည် ယခုနှစ် ပထမငါးလတာကာလအတွင်း စုစုပေါင်းပို့ကုန်သွင်းကုန်တန်ဖိုး ၁ ထရီလီယံယွမ် (အမေရိကန် ဒေါ်လာ ၁၃၉.၂၉ ဘီလီယံ) ပိုမိုရရှိခဲ့ကြောင်း သိရှိရပါသည်။ လက်ရှိကာလတွင်လည်း အဆိုပါဒေသ များအားလုံးသည် ၎င်းတို့၏ တိုးတက်မှုနှုန်းကို ဆက်လက်ထိန်းသိမ်းလျက်ရှိကြောင်း အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏ အချက်အလက်များအရ သိရှိရပါသည်။

ယခုနှစ်ပထမငါးလကျော်ကာလအတွင်း ကွမ်းတုန်းပြည်နယ်သည် ၎င်း၏ နိုင်ငံခြားကုန်သွယ်မှုတန်ဖိုး ၃.၁၉ ထရီလီယံယွမ်ဖြင့် တရုတ်နိုင်ငံ၏ အဆင့်(၁)နေရာတွင် ဆက်လက်တည်ရှိနေပြီး ရှန်ဟိုင်း၏ စုစုပေါင်း ပို့ကုန်၊ သွင်းကုန်တန်ဖိုးမှာ ၁.၇၄ ထရီလီယံယွမ်ရှိခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။

ကွမ်းတုန်းအကောက်ခွန်ဌာန၏ အကြီးအကဲ Mr. Li Kuiwen မှ ကွမ်းတုန်းပြည်နယ်၏ နိုင်ငံ ခြားကုန်သွယ်မှု ပို့ကုန်၊သွင်းကုန်နှင့်စပ်လျဉ်း၍ အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ အဓိက အချက်များအနေဖြင့် ဈေးကွက်ဝယ်လိုအားပုံမှန်ပြန်လည်ကောင်းမွန်လာခြင်းနှင့် စီးပွားရေးအဖွဲ့ အစည်းများအကြား ယုံကြည်ခိုင်မာစွာဆက်လက်ဆောင်ရွက်နိုင်မှုများပါဝင်ကြောင်း၊ ကွမ်းတုန်းပြည် နယ်၏ နိုင်ငံခြားကုန်သွယ်မှုကို လတစ်လချင်းစီအတွက် ကွာဟချက်နည်းပါးစေရန်ဆောင်ရွက်၍ တည်ငြိမ်စွာဆက်လက်တိုးတက်စေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ဝယ်လိုအားလျော့နည်းမှုနှင့် ပထဝီစီးပွားရေးဆိုင်ရာရိုက်ခတ်မှု အနေအထားအမျိုးမျိုးကြောင့် တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုမှာ မေလတွင်မျှော်မှန်းထားသည်ထက် အနည်းငယ်သာ မြင့်တက်ခဲ့ကြောင်း၊ နိုင်ငံ၏စုစုပေါင်း ပို့ကုန်၊ သွင်းကုန်တန်ဖိုးမှာ ၀.၅ ရာခိုင်နှုန်း၊ ၃.၄၅ ထရီလီယံ ယွမ်သာမြင့်တက်ခဲ့ကြောင်း အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏ အချက်အလက်များအရ သိရှိရပါသည်။

နိုင်ငံခြားကုန်သွယ်မှုဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ ယုံကြည်မှုရှိစေရန်နှင့် လူမှုရေးဆိုင်ရာ ရည်မှန်းချက်များ တည်ငြိမ်မှုရှိစေရေး ပံ့ပိုးပေးနိုင်ရန် အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့အနေဖြင့် ယခုလအစောပိုင်းတွင် နိုင်ငံရှိ ပို့ကုန်တင်ပို့သူများ ပြည်ပသို့ကုန်စည်တင်ပို့ရာတွင် ထောက်ပံ့ကူညီနိုင်မည့် နည်းလမ်း(၁၆) မျိုးကို စတင်မိတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။

နယ်စပ်ဖြတ်ကျော်သယ်ယူပို့ဆောင်မှုတိုးတက်စေရေး၊ အရေးပါသည့် စိုက်ပျိုးရေးနှင့် အစား အစာထွက်ကုန်များ တင်သွင်း၊ တင်ပို့မှု တိုးတက်စေရေး၊ တင်ပို့ခွန်လျော့ချခြင်းနှင့် ကုန်သွယ်မှု လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရန် အဆင့်မြှင့်တင်ဆောင်ရွက်ပေးခြင်း၊ နယ်စပ်ဒေသကြီးကြပ်ကွပ်ကဲမှုအတွက် အကောင်းဆုံးနည်းလမ်းများချမှတ်ဆောင်ရွက်ခြင်းစသည်ဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏ အထွေထွေလုပ်ငန်းဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ Mr. Wu Haiping မှ ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့အနေဖြင့် ယခင်နှစ်က နိုင်ငံခြား ကုန်သွယ်မှုတည်ငြိမ်စေရေး နည်းလမ်း(၂၃)ခုကို မိတ်ဆက်ခဲ့ပြီး လိုအပ်သည့် ထောက်ပံ့ကူညီမှုများဆောင်ရွက်ကာ နိုင်ငံခြားကုန်သွယ်မှုကို မြင့်မားစေခဲ့ကြောင်း သိရှိရပါသည်။

လာမည့်ကာလတွင် အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့သည် နည်းလမ်း (၁၆)မျိုးဖြင့် အဓိကထား အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒေသဆိုင်ရာ အကောက်ခွန်ဌာနခွဲများအနေဖြင့် ကူညီပေးမည့် နည်းလမ်းများကို စတင်မိတ်ဆက်ရန် တိုက်တွန်း ထားကြောင်း၊ ပို့ကုန်တင်ပို့သူများ ရင်ဆိုင်ရသည့် အခက်အခဲများကို အဓိကထား ဖြေရှင်းဆောင်ရွက် ရန်လိုကြောင်းနှင့် ခိုင်မာအားကောင်းသည့် မူဝါဒများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် တုံ့ပြန်မှုများကို လက်ခံစုစည်းဆောင်ရွက်ရန်ဖြစ်ကြောင်း Mr. Wu မှထပ်လောင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။

တရုတ်နိုင်ငံတွင် နည်းပညာဦးစားပေးထုတ်လုပ်လျက်ရှိသည့် အစိမ်းရောင်ထုတ်ကုန်(၃)မျိုးဖြစ်သည့် ဆိုလာဘက်ထရီ၊ lithium-ion ဘက်ထရီနှင့် လျှပ်စစ်မော်တော်ကားတို့၏ အရည်အသွေး မြင့်တိုးတက်ထုတ်လုပ်နိုင်မှုများသည် ယခုနှစ်နိုင်ငံခြားကုန်သွယ်မှု တိုးတက်စေမည့် အဓိက မောင်းနှင်အားများ ဖြစ်လာမည်ဖြစ်ကြောင်း ပေကျင်းရှိ China Machinery Industry Federation ၏ ကျွမ်းကျင်ပညာရှင်ကော်မတီအဖွဲ့၏ ဒုတိယညွှန်ကြားရေးမှူး Mr. Chen Bin မှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ ကုန်သွယ်မှုအနေအထားနှင့် အရည်သွေးမြင့်ကုန်သွယ်မှု တိုးတက်နှုန်းများ အရ လွန်ခဲ့သည့်ဆယ်စုနှစ်ကျော်ထက် လက်ရှိတွင် အစိမ်းရောင်ထုတ်ကုန်များ တင်ပို့မှုအနေအထား မြင့်တက်ခြင်းကြောင့် ၎င်းတို့နှင့် သက်ဆိုင်သည့်ကဏ္ဍများတွင် ယှဉ်ပြိုင်မှုများဖြစ်ပေါ်မည့် အလားအလာများရှိကြောင်း ထုတ်ပြန်ချက်များအရ သိရှိရပါသည်။ 

ဥပမာအားဖြင့် ကျန်းစုရှိ ထုတ်လုပ်သူများ၏ ဆိုလာဆဲလ်၊ lithium ဘက်ထရီနှင့် စွမ်းအင်သစ် မော်တော်ယာဉ်ထုတ်လုပ်မှုများသည် ၈ ရာခိုင်နှုန်း၊ ၆၄.၃ ရာခိုင်နှုန်းနှင့် ၅၄၁.၆ ရာခိုင်နှုန်း ယခင်နှစ်ကာလတူထက်အသီးသီးမြင့်တက်ခဲ့ပြီး ဇန်နဝါရီလမှ မေလအတွင်း စုစုပေါင်း ပို့ကုန်ပမာဏ ၈၇.၈၉ ဘီလီယံယွမ်ရှိခဲ့ကြောင်း နန်ကျင်းအကောက်ခွန်ဌာန၏ အချက်အလက်များအရ သိရှိရ ပါသည်။

ယခုကဲ့သို့ ပြောင်းလဲဆောင်ရွက်ခဲ့မှုများက ပုဂ္ဂလိကကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ဈေးကွက်ကို အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိက၊ အရှေ့တောင်အာရှနှင့် ဥရောပဒေသများသို့ ချဲ့ထွင်နိုင်ရန် ဖန်တီးပေးခဲ့ကြောင်း China Everbright Bank ၏ စိစစ်ရေးပညာရှင် Mr. Zhou Maohua က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Country taking steps to shore up exports (www.gov.cn)

(စီးပွားရေးသံမှူး၊ ပေကျင်းမြို့)

Category: China(Beijing)