China(Beijing)

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့ ကုန်သွယ်မှုနှင့် သဘောတူညီချက်များ မြှင့်တင်ရန် ဆွေးနွေးခဲ့

Last Updated:

တရုတ်နိုင်ငံအနေဖြင့် နယူးဇီလန်နိုင်ငံနှင့် ကုန်သွယ်မှုတိုးတက်စေရေးဆောင်ရွက်ရန် ဆန္ဒရှိကြောင်းနှင့် ၎င်းတို့၏လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်ဆိုင်ရာစာချုပ်များကို အဆင့်မြှင့်တင်၍ ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်လိုကြောင်း နိုင်ငံ၏ထိပ်တန်းကုန်သွယ်ရေး အရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

ပေကျင်းရှိ နယူးဇီလန်ကုန်သွယ်မှုနှင့် ပို့ကုန်တိုးတက်ရေးဝန်ကြီး Mr. Damien O’Connor နှင့် တရုတ်နိုင်ငံ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၊ Mr. Wang Wentao တို့တွေ့ဆုံသည့် အစည်းအဝေး၌ Mr. Wang Wentao မှ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ အာရှ-ပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ပစိဖိတ်ဖြတ်ကျော် မိတ်ဖက် ဆက်ဆံရေးအတွက် ဘက်စုံတိုးတက်ရေးသဘောတူညီချက်၊ ဒစ်ဂျစ်တယ်စီးပွားရေးမိတ်ဖက်သဘောတူညီမှု ကဲ့သို့သောမူဘောင်များအောက်တွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာရေးဆောင်ရွက်ရန် စိတ်အားထက်သန်လျက်ရှိသည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်ရေးဆောင်ရွက်မှုများ တိုးမြှင့်ရန်၊ ဒေသတွင်းနှင့်နိုင်ငံတကာ နယ်ပယ်တွင်း ပူးပေါင်းဆောင်ရွက်မှုအားကောင်းစေရေးတို့ကို အဓိကထား၍ ပွင့်လင်းစွာဆွေးနွေးခဲ့ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အစည်းအဝေးထုတ်ပြန်ချက် တွင်ဖော်ပြထားကြောင်း သိရှိရပါသည်။

Mr. O’Connor မှ နယူးဇီလန်နိုင်ငံအနေဖြင့်လည်း တရုတ်နိုင်ငံနှင့် အပြုသဘောဆောင်သည့် စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများကို ကာလရှည်ကြာစွာ ထိန်းသိမ်းဆောင်ရွက် လျက်ရှိကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။ နှစ်နိုင်ငံကုန်သွယ်မှုမှာ ကောင်းမွန်လျက်ရှိပြီး နှစ်နိုင်ငံလွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက်အရ ပို့ကုန်သွင်းကုန်လုပ်ငန်းစဉ်နှစ်ခုလုံးမှာလည်း လျင်မြန်ချောမွေ့စွာ တိုးတက်လျက်ရှိကြောင်း သိရှိရပါသည်။

နယူးဇီလန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုအားကောင်းစေရန်နှင့် အကျိုးကျေးဇူးကောင်းများရရှိရေးဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အထူးသဖြင့် စိုက်ပျိုးရေးနှင့် အစားအစာဘေးကင်းလုံခြုံရေးကဏ္ဍများတွင်ဖြစ်ကြောင်းနှင့် ကျွန်းနိုင်ငံအနေဖြင့် နိုင်ငံတကာနှင့်ဒေသတွင်းဆောင်ရွက်မှုများ၌ တရုတ်နိုင်ငံနှင့်ဆက်သွယ်ပူးပေါင်းဆောင်ရွက်၍ တိုးတက်မှုများရှာဖွေနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Source: China, New Zealand willing to advance trade growth and agreements (www.gov.cn)

(စီးပွားရေးသံမှူး၊ ပေကျင်းမြို့)

Category: China(Beijing)