Thailand

ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား နယ်မြေထပ်နေသော ဧရိယာအတွင်း ရေနံဓာတ်ငွေ့ ပူးတွဲ ထုတ်လုပ်သွားနိုင်ရေးအတွက် ဆွေးနွေးမှုကို အရေးတကြီးဆောင်ရွက်ရန် လိုအပ်လျက်ရှိခြင်း

Last Updated:

ထိုင်းနိုင်ငံ၏ ပင်လယ်ကွေ့အတွင်းရှိ လက်ရှိ ဓာတ်ငွေ့ကွင်းများမှ ဓာတ်ငွေ့ထွက်ရှိမှု ကျဆင်း နေသောကြောင့် ကမ္ဘောဒီးယားနှင့် ထိုင်း နိုင်ငံတို့အကြား နယ်မြေထပ်နေသည့် ဧရိယာအတွင်း ပူးတွဲ ဓာတ်ငွေ့ထုတ်လုပ်နိုင်ရေးအတွက် ဆွေးနွေးမှုကို အရှိန်မြှင့်တင်နိုင်ရန် ထိုင်းအစိုးရအနေဖြင့် ထိုင်း-ကမ္ဘောဒီးယား နည်းပညာ ပူးတွဲကော်မတီကို ဖွဲ့စည်းသင့်ကြောင်း Petroleum Institute of Thailand (PTIT) က အကြံပြုပြောကြားခဲ့သည်။

ပြည်တွင်းဓာတ်ငွေ့ ထောက်ပံ့မှု ကျဆင်းလာခြင်းသည် ဈေးနှုန်းကုန်ကျသည့် Liquefied Natural Gas (LNG) ပိုမိုတင်သွင်းရန် လိုအပ်သည်ဆိုသည့် အဓိပ္ပာယ်ဖြစ်ပါကြောင်း၊ ညှိနှိုင်းဆွေးနွေး ခြင်းနှင့် ဓာတ်ငွေ့တူးဖော်ထုတ်လုပ်ရေးသည် ရှည်ကြာသော လုပ်ငန်းစဉ်ဖြစ်သဖြင့် အစိုးရအနေဖြင့် ယခုအချိန်တွင် စတင်သင့်ကြောင်း၊ နယ်မြေထပ်နေသည့် ဧရိယာမှ ဓာတ်ငွေ့ကို သုံးစွဲရန်မှာ အနည်း ဆုံး ၈ နှစ်ကြာမြင့်နိုင်ကြောင်း၊ ယခုနှစ် ဖေဖော်ဝါရီလအတွင်း ဝန်ကြီးချုပ်ဟောင်း Mr. Srettha Thavisin နှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် Mr. Hun Manet တို့ တွေ့ဆုံခဲ့ပြီးနောက် ထပ်မံ ဆွေးနွေးမှု မရှိခဲ့ပါကြောင်း၊ အစိုးရအနေဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ နိုင်ငံလုံခြုံရေးကောင် စီနှင့် စစ်ဘက်မှ ကိုယ်စားလှယ်များပါဝင်သော နည်းပညာပူးတွဲကော်မတီကို ဖွဲ့စည်းရန် အားပေးလိုပါ ကြောင်း PTIT ညွှန်ကြားရေးမှူး Mr. Kurujit Nakornthap က ပြောကြားခဲ့သည်။

အစိုးရအနေဖြင့် ဆွေးနွေးပွဲမစတင်မီ နယ်မြေထပ်နေသည့် ဧရိယာနှင့်စပ်လျဉ်း၍ ထောက်ခံသူ နှင့် ဆန့်ကျင်သူများထံမှ အမြင်များကို တောင်းခံစုစည်းသင့်ကြောင်း၊ ထိုင်းနိုင်ငံသည် ၂၀၁၂ ခုနှစ်၌ လက်ရှိဓာတ်ငွေ့ကွင်းမှ ဓာတ်ငွေ့ထွက်ရှိမှု အမြင့်ဆုံးမှ တဖြည်းဖြည်းကျဆင်းလာသဖြင့် ပြည်တွင်း ဓာတ်ငွေ့ ထွက်ရှိမှုပမာဏ၏ သက်ရောက်မှုများကို ခံစားရနိုင်ကြောင်း Mr. Kurujit က ဖြည့်စွက်ပြော ကြားခဲ့သည်။

၂၀၂၃ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ဓာတ်ငွေ့သုံးစွဲမှုသည် ၁ နှစ်လျှင် Standard Cubic Feet (SCF) ၄,၂၀၀ သန်းမှ ၄,၃၀၀ သန်း ကြား ရှိပါကြောင်း၊ တင်သွင်းလာသော LNG သည် စုစုပေါင်း၏ ၃၃ ရာခိုင်နှုန်းရှိပါကြောင်း၊ အစိုးရအနေဖြင့် LNG ကို ဆက်လက်တင်သွင်းနေမည်ဆိုပါက ဈေးနှုန်းအတက် အကျဒဏ်ကို ခက်ခဲစွာ ရှောင်ရှားရနိုင်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကုန်ကျစရိတ် ပိုမိုနိုင်သကဲ့သို့ လုပ်ငန်းများနှင့် အိမ်ထောင်စုများသည်လည်း စွမ်းအင်ခများ မြင့်တက်နိုင်ကြောင်း၊ လျှပ်စစ်ဓာတ် အားခအပေါ် အစိုးရ၏ အထောက်အပံ့ကို တောင်းခံ၍ ရနိုင်သော်လည်း ယခင် ထောက်ပံ့မှု အစီအစဉ် ကြောင့် လက်ရှိတွင် ဘတ် ဘီလီယံများစွာ ဆုံးရှုံးနေပါကြောင်း၊ ရင်ဆိုင်ရနိုင်ကြောင်း၊ နှစ်နိုင်ငံလုံးမှ တောင်းဆိုနေသော နယ်မြေထပ်နေသည့် ဧရိယာသည် သဘာဝဓာတ်ငွေ့ရင်းမြစ် အသစ်တစ်ခု ဖြစ်လာနိုင်ပါကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် PTT Plc က လည်ပတ်နေသော ဓာတ်ငွေ့ပိုက်လိုင်းသည် နယ်မြေထပ်နေသည့် ဧရိယာ နှင့် ၅၀ ကီလိုမီတာမှ ၁၀၀ ကီလိုမီတာကြားသာ ကွာဝေးသဖြင့် ယင်းတို့ ကို ချိတ်ဆက်နိုင်ပြီး ပိုက်လိုင်း အသစ် တည်ဆောက်ခြင်းသည် အချိန်ကာလအားဖြင့် ၄ လမှ ၅ လကြားသာ ကြာမြင့်နိုင်မည် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံရှိ ဓာတ်ငွေ့ပိုက်လိုင်း ၃ ခုသည် ၁ ရက်လျှင် Cubic Feet ၃ သန်း သယ်ဆောင် နိုင်ပြီး ပင်လယ်ကွေ့မှ ၁ ရက်လျှင် ဓာတ်ငွေ့ Cubic Feet ၂ သန်း သယ်ဆောင်လျက်ရှိကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံတွင် ဓာတ်ငွေ့သုံးစွဲမှု မြင့်တက်လာသောကြောင့် ပြည်တွင်းမှထွက်ရှိသည့် ဓာတ်ငွေ့ များကို သုံးစွဲသည့်အပြင် ပြည်ပနိုင်ငံများမှပါ ဓာတ်ငွေ့ ဝယ်ယူတင်သွင်းလျက်ရှိပါသည်။ ယခုအခါ နိုင်ငံအတွင်းရှိ ဓာတ်ငွေ့စက်ကွင်းများ၏ ထွက်ရှိမှုသည် တဖြည်းဖြည်းကျဆင်းလာလျက်ရှိရာ ထိုင်းနှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံကြားရှိ နယ်မြေထပ်နေသည့်နေရာသည် ထိုင်းနိုင်ငံ၏ လက်ရှိ ဓာတ်ငွေ့ ထွက်ရှိနေသော ပင်လယ်ကွေ့အတွင်းရှိ စက်ကွင်း ၂ ခုနှစ် နီးစပ်လျက်ရှိရာ အဆိုပါ နေရာမှ ဓာတ်ငွေ့ တူးဖော်နိုင်ရေးအတွက် နှစ်နိုင်ငံ ဆွေးနွေးမှုကို အရေးတကြီးဆောင်ရွက်သွားရန် ရှိကြောင်း သုံးသပ် တင်ပြအပ်ပါသည်။

Source: www.bangkokpost.com ၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand