China(Nanning)

RCEP နှင့် Bilateral FTA များသည် ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံသူများအတွက် ပိုမိုအဆင်ပြေသော ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ဖန်တီးပေးလျက်ရှိ

Last Updated:

ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု(RCEP)နှင့် နှစ်နိုင်ငံလွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်များ (FTAs)သည် ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံသူများအတွက် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို ရရှိစေခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ကမ္ဘောဒီးယားနိုင်ငံသည် ကမ္ဘာ့အကြီးဆုံးလွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်ဖြစ်သည့် RCEP အပြင် တရုတ်နှင့် တောင်ကိုရီးယားတို့နှင့်လည်း နှစ်နိုင်ငံချင်းလွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်များရှိကြောင်း သိရှိရပါသည်။

RCEP တွင် အာဆီယံ (၁၀) နိုင်ငံနှင့် ၎င်းတို့၏ ကုန်သွယ်ဖက်(၅) နိုင်ငံဖြစ်သည့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျနှင့် နယူးဇီလန်တို့ အပါအဝင် အာရှ-ပစိဖိတ် နိုင်ငံ (၁၅) နိုင်ငံပါဝင်ပါ သည်။

ဖနောင်ပင်မြို့တွင် ကျင်းပခဲ့သည့် ကမ္ဘောဒီးယားနှင့်တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့အကြား စီးပွားရေးဖိုရမ်၌ ကမ္ဘောဒီးယားနိုင်ငံ၊စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အတွင်းရေးမှူး Chhuon Dara က ရင်းနှီးမြှုပ်နှံသူများနှင့်ပို့ကုန်လုပ်ငန်းရှင်များကို အဆိုပါ လွတ်လပ်သောကုန်သွယ်ရေး သဘောတူစာချုပ်မှတစ်ဆင့် အကျိုးအမြတ်များများရယူရန် တိုက်တွန်းခဲ့ကြောင်းသိရှိရပါသည်။

လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်များနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ ကောင်းမွန်သောရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်တို့ပေါင်းစပ်ပါက ရင်းနှီးမြှုပ်နှံသူများနှင့် ပို့ကုန်လုပ်ငန်းရှင်များသည်  ၎င်းတို့၏ ကမ္ဘောဒီးယားထုတ်ကုန်များကို တရုတ်၊ တောင်ကိုရီးယား နှင့် အခြား RCEP အဖွဲ့ဝင်နိုင်ငံများကို အကောက်ခွန်သက်သာစွာဖြင့် တင်ပို့နိုင်မည်ဖြစ်သည့်အတွက် ရင်းနှီးမြှုပ်နှံသူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် အကျိုးများစွာရှိမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ ဖိုရမ်သို့ ကမ္ဘောဒီးယားနှင့် တရုတ်စီးပွားရေးလုပ်ငန်းရှင် (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

တစ်ချိန်တည်းတွင် တရုတ်နိုင်ငံသည် ကြီးမားသောစျေးကွက်တစ်ခုဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်များကို အဓိကတင်သွင်းသည့်နိုင်ငံဖြစ်ကြောင်း Daraကပြောကြားခဲ့ပါသည်။ RCEP၊ ကမ္ဘောဒီးယား-တရုတ် လွတ်လပ်သောကုန်သွယ်ရေးသဘောတူ စာချုပ်၊ Belt and Road Initiative (BRI) နှင့် Lancang-Mekong Cooperation (LMC) ယန္တရားတို့သည် ကမ္ဘောဒီးယားနှင့် အခြားအဖွဲ့ဝင်နိုင်ငံများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းများစွာ ဖန်တီးပေးခဲ့ကြောင်း ကမ္ဘောဒီးယားကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဋ္ဌ Lim Heng ကလည်း ပြောကြားခဲ့ပါသည်။

ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ်တွင် ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့နှင့်အတူ စီးပွားရေး အခိုင်မာဆုံး RCEP သုံးနိုင်ငံစာရင်းတွင် ပါဝင်ခဲ့ကြောင်း ကမ္ဘာ့စီးပွားရေးအလားအလာ အစီရင်ခံစာတွင် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ကမ္ဘောဒီးယားနိုင်ငံသည် ဗီယက်နမ်နှင့်အတူ ဒုတိယနေရာတွင် ရပ်တည်နေပြီး ယခုနှစ်တွင် စီးပွားရေး (၅.၈) ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းထားပြီး ဖိလစ်ပိုင်စီးပွားရေးမှာ (၆)ရာခိုင်နှုန်းတိုးတက်မည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

 

စီးပွားရေးသံမှူး၊ နန်နင်း

Source: https://english.news.cn/20230422/20998b66e79641dcba8ba963df8209b3/c.html

Category: China(Nanning)