Thailand

ထိုင်းနှင့် ကိုရီးယားနိုင်ငံတို့အကြား ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးမှု စတင်သွားရန်ရှိ

Last Updated:

ထိုင်းနိုင်ငံသည် ကိုရီးယားနိုင်ငံနှင့် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်ဆိုင်ရာ ဆွေးနွေးမှုကို ယခုနှစ် နှစ်လယ်ပိုင်းတွင် ဆောင်ရွက်သွားရန် လျာထားကြောင်း၊ ၂၀၂၅ ခုနှစ် အဆုံးပိုင်း သို့မဟုတ် ၂၀၂၆ ခုနှစ် အစပိုင်းတွင် အပြီးသတ်ဆွေးနွေးသွားရန် ခန့်မှန်းထားကြောင်း သိရှိရပါသည်။

ထိုင်း-ကိုရီးယား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (Economic Partnership Agreement-EPA) ကို ၂၈-၃-၂၀၂၄ ရက်နေ့က ကုန်သွယ်ရေးညှိနှိုင်းမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Ms. Chotima Iemsawasdikul နှင့် ကိုရီးယား ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး Keonki Roh တို့အကြား လက်မှတ်ရေးထိုးခဲ့ပါကြောင်း သိရှိရပါသည်။

လက်မှတ်ရေးထိုးပွဲတွင် စာချုပ်သည် နှစ်နိုင်ငံ လွတ်လပ်သော ကုန်သွယ်ရေးသဘောတူ စာချုပ်ကဲ့သို့ပင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသည် သီရိလင်္ကာနိုင်ငံနှင့် FTA ကို ဖေဖော်ဝါရီလအတွင်း လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း၊ ထိုင်း-ကိုရီးယား FTA သည် အာဆီယံ-ကိုရီးယား FTA နှင့် RCEP ကို အမှီပြု၍ ပေါ်ထွက်လာခြင်းဖြစ်ကြောင်း၊ FTA ကြောင့် ထိုင်းနိုင်ငံ၏ ယှဉ်ပြိုင်စွမ်းအားကို မြှင့်တင်ပေးနိုင်ပြီး လျှပ်စစ်မော်တော်ကားနှင့် ဆက်စပ်ပစ္စည်းများနှင့် သတင်းအချက်အလက် နည်းပညာနယ်ပယ်များတွင် ကိုရီးယားမှ ရင်းနှီးမြှုပ်နှံမှုများစွာ ဖိတ်ခေါ်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ဒီဂျစ်တယ်ကုန်သွယ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်နယ်ပယ်များတွင်လည်း ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်မည်ဖြစ် ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Phumtham Wechayachai က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၏ ထုတ်ကုန်များဖြစ်သော အေးခဲနှင့် ပြုပြင်ပြီး ကြက်သား၊ အေးခဲနှင့် ပြုပြင်ပြီး ပင်လယ်စာ၊ သရက်၊ မာလကာနှင့် မင်းဂွတ်ကဲ့သို့သော အပူပိုင်းသစ်သီးများ၊ ဟင်းခတ်အမွှေး အကြိုင်နှင့် အရသာမှုန့်များ၊ သစ်ထုတ်ကုန်များနှင့် ဓာတုပစ္စည်းများသည် EPA မှ အကျိုး ကျေးဇူးများရရှိနိုင်ပါကြောင်း၊ သယ်ယူပို့ဆောင်ရေး၊ သိုလှောင်ရုံ၊ ဟိုတယ်နှင့် စားသောက်ဆိုင် စသည့်ဝန်ဆောင်မှုကဏ္ဍတွင်လည်း အကျိုးများနိုင်ပါကြောင်း၊ ကုန်သွယ် ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့်ကုန်သွယ်ရေးမဟာဗျူဟာအသစ်အရ စီးပွားရေးခိုင်မာပြီး အလားအလာကောင်းသော ကုန်သွယ်ရေးမိတ်ဖက်များနှင့် FTA လက်မှတ်ရေးထိုးမည့်နိုင်ငံများတွင် ထိုင်းနိုင်ငံသည် အပါအဝင်ဖြစ်ကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

ကိုရီးယားသည် ထိုင်းနိုင်ငံ၏ အဆင့် ၁၂ ရှိသော ကုန်သွယ်ရေးမိတ်ဖက်ဖြစ်ပြီး ၂၀၂၃ ခုနှစ် အတွင်း နှစ်နိုင်ငံကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၁၄.၇ ဘီလီယံရှိခဲ့ကြောင်း၊ ထိုင်းနိုင်ငံ၏ ပို့ကုန်များတွင် သကြားကြမ်း၊ သန့်စင်ပြီးဆီထုတ်ကုန်များ၊ ရာဘာထုတ်ကုန်များ၊ လျှပ်စစ်ဆား ကစ်စ်များနှင့် အလူမီနီယမ်ထုတ်ကုန်များ ပါဝင်ခဲ့ပြီး သွင်းကုန်များတွင် သံနှင့် သံမဏိထုတ်ကုန်များ၊ လျှပ်စစ်ဆားကစ်စ်၊ ဓာတုပစ္စည်းများ၊ ယန္တရားနှင့် ဆက်စပ်ပစ္စည်းများ ပါဝင်ခဲ့ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံသည် အလားအလာကောင်းသော ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံများနှင့်FTA လက်မှတ်ရေးထိုး၍ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဝန်ဆောင်မှုကဏ္ဍများ တိုးတက်စေရေးဆောင်ရွက်လျက်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

 

 Source: www.bangkok.com

ဒေါ်သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand