China(Nanning)

တရုတ်နိုင်ငံသည် ဥရုဂွေးနိုင်ငံမှ အမဲသားတင်သွင်းမှုကို ခွင့်ပြုခဲ့

Last Updated:

တောင်အမေရိကနိုင်ငံနှင့် ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းလာစေရန် ကြိုးပမ်းသည့်အနေဖြင့် တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (General Administration of Customs of China-GACC) သည် ဥရုဂွေးနိုင်ငံမှ အမဲသားထုတ်ကုန်များ တင်သွင်းရန်အတွက် ခွင့်ပြုချက်ကို (၂၆-၁၂-၂၀၂၃) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရပါသည်။

ဥရုဂွေးသမ္မတ Luis Alberto Lacalle Pou သည် တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီးနောက် တစ်လခန့်အကြာတွင် ယခုထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း၊ ယခုကြေညာချက်သည် တရုတ်နိုင်ငံ၏ အရည်အသွေးမြင့်သော အသားဝယ်လိုအားကို ဖြည့်ဆည်းပေးမည်ဖြစ်သကဲ့သို့ နှစ်နိုင်ငံကုန်သွယ်မှုကို ပိုမိုအမျိုးအစားစုံလင်စေမည်ဖြစ်ကြောင်း သိရှိရပါသည်။

အမဲသားတင်သွင်းမှုကို တရုတ်နိုင်ငံ၏ ဥပဒေနှင့် စည်းမျဉ်းများအပြင် စစ်ဆေးခြင်း၊ သီးသန့်ခွဲခြင်းနှင့် တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များနှင့် စပ်လျဉ်းသည့် GACC ၏ ပြဋ္ဌာန်းချက်များနှင့်အညီ ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ဥရုဂွေးနိုင်ငံ မွေးမြူရေး၊ စိုက်ပျိုးရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနမှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် စားသုံးနိုင်သော အသားထွက်ကုန်များလည်း အကျုံးဝင်သည်ဟု GACC မှ ၎င်း၏ တရားဝင်ဝက်ဆိုဒ်တွင် ဖော်ပြထားကြောင်းနှင့် တင်သွင်းခွင့်ပြုသော ထုတ်ကုန်များထဲတွင် အေးခဲထားသော အမဲအသည်း၊ ကျောက်ကပ်နှင့် အူကလီစာများလည်း ပါဝင်ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် ဥရုဂွေး၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ၎င်း၏အမဲသား၊ ပဲပုပ်နှင့် သိုးမွှေးများကို အများဆုံးတင်သွင်းသူဖြစ်သည်။ ဥရုဂွေးသည် တရုတ်နိုင်ငံသို့ အမဲသားကို တတိယအများဆုံး တင်သွင်းသူဖြစ်ကြောင်း သိရှိရပါသည်။

ယခုထုတ်ပြန်ချက်သည် ဥရုဂွေးနိုင်ငံရှိ အသားလုပ်ငန်းစုအတွက် သတင်းကောင်းဖြစ်ပြီး ဥရုဂွေးနိုင်ငံသည် တရုတ်နိုင်ငံ၏ ပိုးမွှားကင်းရှင်းရေးဆိုင်ရာလိုအပ်ချက်များနှင့် ကိုက်ညီသဖြင့် အသားကဏ္ဍ၌ အစားအသောက်ဘေးကင်းရေးဆိုင်ရာ တင်းကြပ်သော စည်းမျဉ်းများရှိကြောင်းကို ပြသနိုင်ခဲ့ကြောင်းနှင့်လက်ရှိတွင် ဥရုဂွေးနိုင်ငံရှိ အရည်အချင်းပြည့်မီသော အသားစက်ရုံများသည် GACC တွင် မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကို‌ ဆောင်ရွက်နေဆဲဖြစ်ကြောင်း National Meat Institute of Uruguay ၏ အာရှရုံးမှ မန်နေဂျာ Victoria Cai က Global Times သို့ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဥရုဂွေးသည် တရုတ်နိုင်ငံသို့ အေးခဲထားသည့် အမဲအူကြမ်းများကို တင်ပို့ခွင့်ပြုထားသည့် နိုင်ငံအနည်းငယ်ထဲမှ တစ်နိုင်ငံဖြစ်သောကြောင့် အေးခဲထားသော အမဲအူကြမ်းသည် ထင်ရှားသော ထုတ်ကုန်များထဲမှ တစ်ခုဖြစ်သည်ဟု သိရှိရပါသည်။

National Meat Institute of Uruguay ၏ စစ်တမ်းတစ်ခုအရ တရုတ်နိုင်ငံသို့ အမဲအူကြမ်း တင်ပို့မှုသည် ဥရုဂွေးအသားလုပ်ငန်းအတွက် အပိုဝင်ငွေ အမေရိကန်ဒေါ်လာသန်း (၄၀) ရရှိလာနိုင်ပြီး လက်ရှိထက် (၃) ဆ ပိုမိုများပြားကြောင်း သိရှိရပါသည်။ ဥရုဂွေးနိုင်ငံ၏ အမဲသားနှင့် သိုးသားတင်ပို့မှု၏ (၆၀) ရာခိုင် နှုန်းနီးပါးသည် တရုတ်နိုင်ငံသို့ တင်ပို့နေခြင်းဖြစ်ကြောင်းနှင့် နှစ်စဉ် အမေရိကန်ဒေါ်လာ (၁.၆) ဘီလီယံကျော် ရရှိကြောင်း အဆိုပါအဖွဲ့အစည်း၏ အဆိုအရ သိရှိရပါသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် ဥရုဂွေးသမ္မတ၏ တရုတ်နိုင်ငံသို့ (၅) ရက်ကြာ နိုင်ငံတော်ခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေး ပိုမိုနက်ရှိုင်းလာခဲ့ပြီး အဆိုပါခရီးစဉ်သည် သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၃၅) နှစ်မြောက် နှစ်ပတ်လည်နှင့် တိုက်ဆိုင်နေသည့်အပြင် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းတွင် ဥရုဂွေးနိုင်ငံမှ ပါဝင်သည့် ပဉ္စမမြောက်နှစ်ပတ်လည်နေ့လည်းဖြစ်ကြောင်း သိရှိရပါ သည်။

ဥရုဂွေးနိုင်ငံသည် တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်ပြီးနောက် (၃၅) နှစ်တာကာလအတွင်း ပို့ကုန်အမျိုးအစားနှင့် ပမာဏသည် တစ်နှစ်ထက်တစ်နှစ် သိသာထင်ရှားစွာ တိုးတက်လာခဲ့သည်ဟု ဥရုဂွေးသမ္မတက ၎င်း၏ ခရီးစဉ်အတွင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဥရုဂွေးသမ္မတ၏ တရုတ်နိုင်ငံ ခရီးစဉ်သည် နိုင်ငံရေးနှင့် စီးပွားရေးတွင် ရလဒ်ကောင်းများ ရရှိခဲ့ပြီး အမဲသားတင်ပို့မှုသည်လည်း အဆိုပါခရီးစဉ်၏ နောက်ဆက်တွဲခြေလှမ်းတစ်ရပ်ဖြစ်ကြောင်းနှင့် တရုတ်နှင့် ဥရုဂွေးနိုင်ငံတို့အကြား ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်လာမည်ကို သတိပြုမိကြောင်း ပေကျင်းမြို့ရှိ China Institute of International Studies မှ ဖွံ့ဖြိုးဆဲနိုင်ငံများဆိုင်ရာ ဒါရိုက်တာ Wang Youming က Global Times ကို ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသို့ အမဲသားတင်ပို့သည့်ကုမ္ပဏီများသည် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့မှ အသိအမှတ်ပြုထားသည့်အတိုင်း ခွာနာလျှာနာရောဂါကင်းစင်သောဒေသများတွင် တည်ရှိရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရှိရပါသည်။

အမဲသားတင်ပို့မည့်ကုမ္ပဏီများသည် ဥရုဂွေးအာဏာပိုင်များ၏ ကြီးကြပ်မှုအောက်တွင်ရှိသင့်ပြီး နှစ်ဖက်စလုံး၏ တိရစ္ဆာန်ကျန်းမာရေးနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ဥရုဂွေးနိုင်ငံမှ တင်ပို့သူများသည် တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့တွင် မှတ်ပုံတင်ရမည်ဖြစ်ပြီး မှတ်ပုံတင်ထားခြင်းမရှိသည့် အမဲသားများကို တရုတ်နိုင်ငံသို့ တင်ပို့ခွင့်မပြုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရှိရပါသည်။

 

 

Source: https://www.globaltimes.cn/page/202312/1304348.shtml

            https://www.shine.cn/news/nation/2312268223/

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)