China(Nanning)

တရုတ်နိုင်ငံသည် အာဖရိကရှိ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (၆) နိုင်ငံအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ကို စတင်လိုက်ကြောင်း

Last Updated:

တရုတ်နိုင်ငံမှ အာဖရိကရှိ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (၆) နိုင်ငံအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုခြင်းသည် ၂၅-၁၂-၂၀၂၃ ရက်နေ့တွင် စတင်အသက်ဝင်ခဲ့ကြောင်းနှင့် အဆိုပါ လုပ်ဆောင်ချက်သည် တရုတ်နှင့် အာဖရိကတို့အကြား ကုန်သွယ်မှုကို ပိုမိုအားကောင်းစေမည်ဟု ကျွမ်းကျင်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များက မှတ်ချက်ပြုထားကြောင်း ecns.cn သတင်း၌ ဖော်ပြထားပါသည်။

Angola၊ Gambia၊ Congo ၊ Madagascar၊ Mali နှင့် Mauritania တို့မှ ကုန်ပစ္စည်း (၉၈) % ကို ၂၅-၁၂-၂၀၂၃ ရက်နေ့မှစတင်၍ သွင်းကုန်ခွန် ကင်းလွတ်ခွင့်ပေးမည်ဟု နိုင်ငံတော်ကောင်စီ၏ အကောက်ခွန်ကော်မရှင်က ဒီဇင်ဘာလ (၂၆) ရက်နေ့တွင် ကြေညာခဲ့ကြောင်း သိရှိရပါသည်။

ယခုဆောင်ရွက်မှုသည် အဆိုပါ အာဖရိကနိုင်ငံများနှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်မှုအတွက် ကြီးမားသော အကျိုးသက်ရောက်မှုရှိလိမ့်မည်ဟု အာဖရိကမှ ကုန်ပစ္စည်းမျိုးစုံကို တင်သွင်းရောင်းချနေသည့် Beijing Wise Century Trading Co ၏ အမှုဆောင်ဒါရိုက်တာ Sarah Wang က Global Times သို့ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အကောက်ခွန်ကင်းလွတ်ခွင့်ကြောင့် အဆိုပါနိုင်ငံများသည် ၎င်းတို့၏ပြည်တွင်းထွက်ကုန်များအတွက် ကုန်ပစ္စည်းရောင်းချမှုကို တိုးချဲ့နိုင်မည်ဖြစ်ကြောင်းနှင့် နိုင်ငံခြားငွေများရရှိရန်နှင့် အလုပ်အကိုင်များဖန်တီးရန် နည်းလမ်းသစ်များကို ရှာဖွေနိုင်မည်ဖြစ်ကြောင်း Wang ကပြောကြားခဲ့သည်ဟု သိရှိရပါသည်။

အခွန်လျှော့ချမှုကို အကောင်အထည်ဖော်ခြင်းသည် တရုတ်-အာဖရိက ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံရေးကို ဖြည့်ဆည်းပေးရန်နှင့် WTO ၏ ကုန်သွယ်မှုအကူအညီပေးရေးအစီအစဉ် (Aid for Trade Initiative) အရ ၎င်း၏တာဝန်ကို လက်တွေ့ဖြစ်လာစေရန် သိသာထင်ရှားသည့် လုပ်ဆောင်ချက်ဖြစ်ကြောင်း ပေကျင်းနိုင်ငံခြားလေ့လာရေးတက္ကသိုလ်မှ ပါမောက္ခ Song Wei က Global Times သို့ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ကုန်သွယ်မှုမြှင့်တင်ခြင်းသည် အာဖရိက၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာထောက်ပံ့ရေးကွင်းဆက်များတွင် ပိုမိုပေါင်းစည်းနိုင်မှုကို မြှင့်တင်ပေးမည့် အဓိကအချက်တစ်ခုဖြစ်သည်ဟု Song ကပြောကြားခဲ့ကြောင်း သိရှိရပါသည်။

လွန်ခဲ့သည့် (၂) နှစ်အတွင်း အာဖရိကနိုင်ငံ (၂၁) နိုင်ငံသည် ၎င်းတို့၏ ကုန်ပစ္စည်း (၉၈) ရာခိုင်နှုန်းအပေါ် တရုတ်၏ အခွန်စည်းကြပ်မှု ဖယ်ရှားခြင်းမှ အကျိုး အမြတ်များရရှိခဲ့ကြောင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရှိရပါသည်။

အဆိုပါလုပ်ဆောင်မှုသည် တရုတ်-အာဖရိက ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု စိတ်ဓာတ်ကို ပုံဖော်ရန်နှင့် မျှဝေသည့် အနာဂတ်နှင့်အတူ အရည် အသွေးမြင့် တရုတ်-အာဖရိက အသိုက်အဝန်းကိုအဆင်ပြေချောမွေ့စေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ကော်မရှင်က ပြောကြားခဲ့ကြောင်း၊ နောက်တစ်ဆင့်တွင် တရုတ်နိုင်ငံသည် ၎င်းနှင့် သံတမန်ဆက်ဆံရေး ထူထောင်ထားသည့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအားလုံးကို အကောက်ခွန်ကင်းလွတ်ခွင့်ပြုခြင်းအား ဆက်လက် တိုးချဲ့သွားမည်ဖြစ်ကြောင်း ကော်မရှင်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

နှစ်နိုင်ငံကုန်သွယ်မှုကို မြှင့်တင်ပေးသည့်အပြင် အကောက်ခွန်ကင်းလွတ်ခွင့်ပြုခြင်းသည် ကပ်ရောဂါဖြစ်ပွားပြီးနောက် စီးပွားရေးပြန်လည်ကောင်းမွန်လာစေရန် အာဖရိကနိုင်ငံများအား ကူညီပေးမည်ဖြစ်ကြောင်း တရုတ်လူမှုသိပ္ပံအကယ်ဒမီအောက်ရှိ အာဖရိကလေ့လာရေးကဏ္ဍမှ အကြီးတန်းသုတေသနအဖွဲ့ He Wenping က Global Times သို့ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးရှိသည့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုသည့် ကုန်ပစ္စည်းစာရင်းကို တိုးချဲ့ခြင်းအပါအဝင် သွင်းကုန်ခွန်ကင်းလွတ်ခွင့်ပြုခြင်းသည် ၂၀၂၁ ခုနှစ်တွင် ကျင်းပသည့် (၈) ကြိမ်မြောက် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်တွင် ပြုလုပ်ခဲ့သော တရုတ်၏ ကတိကဝတ်များကို အဓိကထား အကောင်အထည်ဖော်ခြင်းဖြစ် သည်ဟု Zhejiang Normal University မှ သုတေသနအရာရှိ Shiwei က Global Times ကို ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

သွင်းကုန်ခွန်ကင်းလွတ်ခွင့်သည် အထူးသဖြင့် တိုးတက်လာလျက်ရှိသော စိုက်ပျိုးရေးကဏ္ဍအတွက် ကုန်သွယ်မှုကို ပိုမိုအားကောင်းစေပြီး အရည်အသွေးမြင့်အာဖရိကထုတ်ကုန်များကို တရုတ်ဈေးကွက်သို့ ပိုမိုယှဉ်ပြိုင်နိုင်သော ဈေးနှုန်းဖြင့် ဝင်ရောက်နိုင်စေမည်ဖြစ်ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံသည် အာဖရိကမှ လယ်ယာထွက်ကုန် တင်သွင်းမှု သိသိသာသာ မြင့်တက်လာခဲ့ပြီး နှစ်စဉ်ပျမ်းမျှ တိုးတက်မှုနှုန်းသည် (၁၁.၄) ရာခိုင်နှုန်းရှိကြောင်း ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအောက်ရှိ China Academy of International Trade and Economic Cooperation မှ ထုတ်ပြန်သော China-Africa Economic and Trade Relationship Report 2023 ၌ ဖော်ပြထားကြောင်း သိရှိရပါသည်။  

၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံသည် အာဖရိက၏ လယ်ယာထွက်ကုန်များအတွက် ဒုတိယအကြီးဆုံး ပို့ကုန်ဈေးကွက်အဖြစ် ဆက်လက်ရပ်တည်ခဲ့ပြီး စုစုပေါင်း တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ (၅.၂၀) ဘီလီယံ ဖိုးရှိကြောင်း သိရှိရပါသည်။

Madagascar၊ Mali နှင့် Mauritania တို့မှ တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်များ တင်ပို့မှုပမာဏမှာ အတန်အသင့်ကောင်းမွန်နေသောကြောင့် အခွန်ကင်းလွတ်ခွင့်မူဝါဒသည် အဆိုပါနိုင်ငံများအတွက် ပိုမိုအကျိုးရှိစေမည်ဟု တရုတ်စိုက်ပျိုးရေးတက္ကသိုလ်မှ ပါမောက္ခ Tang Lixia က Global Times သို့ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန် တင်သွင်းသည့်နိုင်ငံသစ်များ များပြားလာခြင်းသည် စားနပ်ရိက္ခာဖူလုံမှုကို အားကောင်းစေပြီး ၎င်း၏သွင်းကုန်အရင်း အမြစ်များကို ကွဲပြားစေကာ နိုင်ငံတကာ၌ ယွမ်အသုံးပြုမှုကိုလည်း အရှိန်အဟုန်ဖြင့် တိုးတက်လာစေမည်ဖြစ်ကြောင်း သိရှိရပါသည်။

သွင်းကုန်ခွန်ကင်းလွတ်ခွင့်ပြုသည့် ကုန်ပစ္စည်း (၉၈) ရာခိုင်နှုန်းသည် စားသောက်ကုန်များဖြစ်သည့် ကော်ဖီ၊ စားအုန်းဆီ၊ ပင်လယ်စာနှင့် ဟင်းခတ်အမွှေးအကြိုင်များမှသည် အစားအစာ မဟုတ်သော သီးနှံများဖြစ်သည့် sisal နှင့် ရော်ဘာအထိ ပါဝင်ကြောင်း သိရှိရပါသည်။

ထို့အပြင်အဆိုပါ (၆) နိုင်ငံသည် သဘာဝသယံဇာတကြွယ်ဝကြောင်း၊ဥပမာအားဖြင့်ကွန်ဂိုသည် ဓာတုဒြပ်စင်တစ်မျိုးဖြစ်သည့် cobalt အဓိကထုတ်လုပ်သူဖြစ်ပြီး အန်ဂိုလာသည် ရေနံစိမ်းနှင့် စိန်များကို အဓိကတင်ပို့လျက်ရှိကြောင်း အစီရင်ခံစာများတွင် သိရှိရပါသည်။

၂၀၂၃ ခုနှစ်၊ ပထမ (၁၁) လတွင် တရုတ်-အာဖရိက ကုန်သွယ်မှု စုစုပေါင်း ယွမ် (၁.၈၁) ထရီလီယံ (ဒေါ်လာ ၂၅၃.၆၅ ဘီလီယံ) ရှိပြီး တစ်နှစ်ထက်တစ်နှစ် (၇) ရာခိုင်နှုန်း တိုးလာကြောင်း အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏ အချက်အလက်များတွင် သိရှိရပါသည်။

အာဖရိကနိုင်ငံများမှ ကုန်ပစ္စည်းများအပေါ် တရုတ်နိုင်ငံ၏ အကောက်ခွန်ကင်းလွတ်ခွင့်ပြုခြင်းသည် ကမ္ဘာတောင်ဘက်ခြမ်းရှိနိုင်ငံများ အထူးသဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများနှင့် မူဝါဒချိတ်ဆက်မှုနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် ကောင်းမွန်သောအချက်ဖြစ်ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံနှင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ ကုန်သွယ်မှုသည် အခြေခံထုတ်ကုန်များ တင်ပို့/တင်သွင်းခြင်းဖြစ်၍ တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် အဆိုပါနိုင်ငံများ၏ ထုတ်ကုန်ထောက်ပံ့မှုစွမ်းရည်ကို ပိုမိုကောင်းမွန်စေပြီး ကမ္ဘာ့စက်မှုလုပ်ငန်းကွင်းဆက်များထဲသို့ ပိုမိုပေါင်းစပ်နိုင်စေရန် ကူညီပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

Source:https://www.ecns.cn/news/economy/2023-12-26/detail-ihcwewwu5304024. shtml#:~:text=China%27s%20agricultural%20imports%20from%20Africa%20have%20increased%20markedly%2C,Cooperation%2C%20an%20institution%20under%20the%20Ministry%20of%20Commerce

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)