China(Nanning)

တရုတ်နိုင်ငံသည် နိုင်ငံခြားကုန်သွယ်မှုကို မြှင့်တင်ရန်အတွက် စျေးကွက်ဝင်ရောက်ခွင့်ကို ပိုမိုဖွင့်လှစ်မည်

Last Updated:

ပိုမိုပွင့်လင်းသော စီးပွားရေးပတ်ဝန်းကျင် ဖြစ်ပေါ်လာစေရန်အတွက် လက်ရှိဆောင်ရွက်ချက်များအပေါ် အခြေခံပြီး နိုင်ငံခြားကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို ထပ်မံမြှင့်တင်သွားမည်ဟု တရုတ်နိုင်ငံ၏ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Mr. Wang Wentao က ကြေညာခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ဆောင်ရွက်ခြင်းမှာ တရုတ်နိုင်ငံ၏ ကြီးမားသော ဈေးကွက်ကို တစ်ကမ္ဘာလုံးအတွက် မျှဝေထားသော စျေးကွက်တစ်ခုဖြစ်လာစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု Wang က သွင်းကုန်များ တိုးချဲ့ခြင်းနှင့် ပတ်သက်၍ အလေးပေးပြောကြားခဲ့ပါသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် လုပ်ငန်းဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့စေရန် ကြိုးပမ်းမှုများနှင့်အတူ သွင်းကုန်လုပ်ထုံးလုပ်နည်းများကို အဆင်ပြေချောမွေ့စေရန် အထူးသဖြင့် အရည်အသွေးမြင့် လူသုံးကုန်ပစ္စည်းများ၊ ခေတ်မီနည်းပညာများနှင့် အခြားအရေးကြီးကုန်ပစ္စည်း အမျိုးအစားများအတွက် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ စုစုပေါင်း ကုန်စည်ကုန်သွယ်မှုသည် ယွမ် (၄၁.၇၆) ထရီလီယံ (အမေရိကန်ဒေါ်လာ ၅.၈၈ ထရီလီယံ) ရှိပြီး တစ်နှစ်ထက်တစ်နှစ် (၀.၂) ရာခိုင်နှုန်း တိုးလာကြောင်း သိရှိရပါ သည်။

တစ်ချိန်တည်းတွင် နိုင်ငံပေါင်း (၁၅) နိုင်ငံပါဝင်သည့် ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership) (RCEP) သည် အကျိုးရလဒ်များ ဆက်လက်ဖြစ်ထွန်းနေကြောင်း သိရှိရပါသည်။

တရုတ်နှင့် အခြားသော RCEP အဖွဲ့ဝင် (၁၄) နိုင်ငံတို့အကြား ကုန်သွယ်မှုသည် ၂၀၂၃ ခုနှစ်တွင် ယွမ် (၁၂.၆) ထရီလီယံသို့ ရောက်ရှိခဲ့ပြီး သဘောတူညီချက်ကို အကောင်အထည်မဖော်မီ ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက (၅.၃) ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရှိရပါသည်။

အဖွဲ့ဝင်နိုင်ငံများရှိ ကုမ္ပဏီများသည် အကောက်ခွန်လျှော့ချခြင်းနှင့် ကင်းလွတ်ခွင့်ပြုခြင်းတို့မှ ထင်သာမြင်သာသော အကျိုးခံစားခွင့်များ ရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံသို့ ကုန်ပစ္စည်း တင်သွင်းမှုအတွက် စုစုပေါင်း ယွမ် (၂.၃၆) ဘီလီယံနှင့် RCEP မိတ်ဖက်များထံ တင်သွင်းမှုအတွက် ယွမ်ငွေ (၄.၀၅) ဘီလီယံ သက်သာခွင့်ရခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခင်းအကျင်းသည် ၂၀၂၃ ခုနှစ်တွင် ထပ်မံ၍ အပြုသဘောဆောင်သည့် နှစ်တစ်နှစ်ကို မြင်တွေ့ခဲ့ရကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ အမှန်တကယ် အသုံးချမှုသည် အမေရိကန်ဒေါ်လာ (၁၆၃.၂၅) ဘီလီယံအထိ ရှိခဲ့ပြီး နည်းပညာမြင့် စက်မှုလုပ်ငန်း များဆီသို့ သိသိသာသာ ကူးပြောင်းသွားခဲ့ကြောင်း၊ ဤကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုသည် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ၏ (၃၇.၄) ရာခိုင်နှုန်းရှိပြီး ၂၀၂၂ ခုနှစ်ထက် (၁.၃) ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရှိရပါသည်။

 

Source: https://news.cgtn.com/news/2024-01-26/China-to-expand-market-access-in-boosting-foreign-trade-1qGmCX316Yo/p.html

(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး)

Category: China(Nanning)