Thailand

အယ်လ်နီညို ရာသီဥတုဖြစ်စဉ်များသည် ထိုင်းနိုင်ငံ တောင်သူများအတွက် စိုက်ပျိုးရေး ကြွေးမြီဖြစ်ပေါ်စေရေး တွန်းအားပေးလျက်ရှိ

Last Updated:

အယ်လ်နီညို ရာသီဥတုဖြစ်စဉ်များ၏ သက်ရောက်မှုများကြောင့် စပါးနှင့် ရာဘာစိုက်ပျိုးဧရိယာများ လျော့နည်းလာခဲ့သဖြင့် ယခုနှစ်အတွင်း ထိုင်းနိုင်ငံ တောင်သူများ၏ကြွေးမြီသည် ၈ ရာခိုင်နှုန်း (ဘတ် ၈၉.၃ ဘီလီယံ) တိုးတက်လာနိုင်ကြောင်း Intelligence Research Consultant Co (IRC)၏ အကြီးတန်းအကြံပေးဖြစ်သူ စီးပွားရေးသုတေသနပညာရှင် Mr. Aat Pisawanich က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ စိုက်ပျိုးရေးကဏ္ဍတွင် ကြွေးမြီသည် ဘတ် ၁၁.၇ ထရီလီယံတွင် ရပ်တည်နေကြောင်း၊ သမုဒ္ဒရာပူနွေးမှုကို ဖြစ်စေသည့် ရာသီစက်ဝန်းဖြစ်စဉ်တစ်ခုဖြစ်သော အယ်လ်နီညို ရာသီဥတုသည် ကမ္ဘာ့အပူချိန်ကို မြင့်တက်စေပြီး နိုင်ငံအများစုတွင် မိုးခေါင်မှုကို ဖြစ်စေပါကြောင်း၊ အဆိုပါဖြစ်စဉ်သည် အပူချိန် ၁ ရာခိုင်နှုန်း တိုးသည်နှင့် မိုးရွာသွန်းမှုကို ၁ ရာခိုင်နှုန်း ကျဆင်းစေသဖြင့် ထိုင်းနိုင်ငံ၏ အဓိက စီးပွားရေးသီးနှံများဖြစ်သော ဆန်၊ ရာဘာ၊ ဆီအုန်း၊ ဒူးရင်းနှင့် ပီလောပီနံတို့အပေါ် ထိခိုက်နိုင်ကြောင်း Mr. Aat က သုံးသပ်ထားပါသည်။

၂၀၂၃ ခုနှစ်မှ ၂၀၃၂ ခုနှစ်အတွင်း ကမ္ဘာ့အပူချိန်သည် ၁.၂ ဒီဂရီဆဲလ်စီးယပ်စ် တိုးလာနိုင်ကြောင်း၊ ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ အပူချိန်မြင့်တက်မှုသည် ၁ ဒီဂရီဆဲလ်စီးယပ်စ်ထက် ပိုများသဖြင့် ရေရရှိမှုသည် ကုဗမီတာ ၄,၀၂၅  သန်း လျော့နည်းနိုင်ကြောင်း၊ နိုင်ငံရေပမာဏ၏ ၈၀ ရာခိုင်နှုန်း အသုံးပြုလျက်ရှိသော စိုက်ပျိုးရေးကဏ္ဍကို ထိခိုက်နိုင်ပြီး လယ်ယာစိုက်ပျိုးမှုတွင် ကုန်ကျစရိတ်ကို မြင့်တက်စေနိုင်ကြောင်း၊ ဆန်စပါးစိုက်ပျိုးသည့်‌ တောင်သူများသည် ခက်ခဲနိုင်ကြောင်း၊ အယ်လ်နီညိုဖြစ်စဉ်များ၏ သက်ရောက်မှုများကြောင့် စပါးနှင့် ရာဘာတောင်သူများတွင် ၁ ရိုင်လျှင် ဝင်ငွေ (-) ၉၇၁ ဘတ် နှင့် (-) ၃,၃၁၅ ဘတ် ကျဆင်းနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဒူးရင်းစိုက်ပျိုးသူများသည် ၁ ရိုင်လျှင် ဘတ် ၂၁,၉၃၂၊ ဆီအုန်းတောင်သူများသည် ၁ ရိုင် လျှင် ဘတ် ၃,၅၀၅ ဝင်ငွေ အသီးသီးကျဆင်းနိုင်ကြောင်း၊ ကြွေးမြီတင်ရှိမှုအနေဖြင့် မိသားစု ၁ စုလျှင် စပါးစိုက်ပျိုးသူများသည် ဘတ် ၂၉၈,၅၉၀၊ ရာဘာတောင်သူများသည် ဘတ် ၂၇၁,၇၀၀၊ ဆီအုန်း စိုက်ပျိုးသူများသည် ဘတ် ၂၆၃,၀၅၅၊ ပီလောပီနံတောင်သူများသည် ဘတ် ၂၅၅,၇၅၀နှင့် ဒူးရင်းသီး စိုက်ပျိုးသူများသည် ဘတ် ၁၃၄,၅၂၀ အသီးသီးဖြစ်နိုင်ကြောင်း၊ အာဆီယံအနေဖြင့် နှစ် ၃၀ ကာလအတွင်း အယ်လ်နီညို၏ သက်ရောက်မှုကို နှစ်ကြိမ်တိုင်တိုင်ခံစားခဲ့ရပြီး ဆန်ထုတ်လုပ်မှုသည်လည်း သိသိသာသာ ကျဆင်းခဲ့ပါကြောင်း၊ ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ဆန်ထုတ်လုပ်မှုသည် တန်ချိန် ၃.၅ သန်း ကျဆင်းနိုင်သဖြင့် အမြင့်ဆုံးဖြစ်ပြီး အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့တွင်လည်း ကျဆင်းနိုင်ကြောင်း Intelligence Research Consultant Co (IRC) က ထုတ်ပြန်ထားချက်အရ သိရှိရပါသည်။

အယ်လ်နီညိုဖြစ်စဉ်များကြောင့် ထိုင်းနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍကို ထိခိုက်နိုင်သကဲ့သို့ စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံများအနေဖြင့်လည်း အယ်လ်နီညိုဖြစ်စဉ် သက်‌ရောက်မှုများ သက်သာစေနိုင်သည့် နည်းလမ်းများ ကြိုတင်စီမံထားရန် လိုအပ်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

Source: www.bangkokpost.gov၊

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့။  

Category: Thailand