Germany

ဂျာမနီနိုင်ငံရှိ KaDeWe Department Store Group ဒေဝါလီခံလိုက်ပြီဖြစ်

Last Updated:

ဘာလင်မြို့၏ အထင်ကရဖြစ်သော KaDeWe Department Store နှင့် အခြားဂျာမန် Luxury Shopping Mall ကြီးနှစ်ခုကို ပိုင်ဆိုင်ထားသော လက်လီရောင်းချမှုများ ဆောင်ရွက်သည့် စီးပွားရေးအုပ်စုကြီး ဒေဝါလီခံလိုက်ပြီဖြစ်ကြောင်း ၂၉-၁-၂၀၂၄ ရက်တွင် ကြေညာခဲ့သည်။

KaDeWe Group သည်ပြဿနာအမြောက်အမြားရှိခဲ့သော Signa အိမ်ခြံမြေလုပ်ငန်းကြီး၏ တစ်စိတ် တစ်ဒေသဖြစ်ပြီး၊ ပြီးခဲ့သည့်နှစ်က လူမွဲစာရင်းကြေညာခဲ့သော သြစတြီးယား အခြေစိုက် အိမ်ခြံမြေလုပ်ငန်းဆောင်ရွက်သည့် စီးပွားရေးအဖွဲ့အစည်း Signa Retail က ၄၉.၉ ရာခိုင်နှုန်း ပိုင်ဆိုင်ကာ ကျန် ၅၀.၁ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံရှိ Central Group မှ ပိုင်ဆိုင်ထားခြင်းဖြစ်ပါသည်။

ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ ငှားရမ်းခများ ၃၇ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်းနှင့် ဘာလင်၊ ဟမ်းဘတ်နှင့် မြူးနစ်မြို့တို့တွင် အဆောက်အဦး ငှားရမ်းခများ အဆမတန် မြင့်တက်လာနေခြင်းသည် ၎င်းတို့အတွက် ရေရှည်တွင်လုပ်ငန်းလည်ပတ်ပြီး အကျိုးအမြတ်ရရှိရန် မဖြစ်နိုင်တော့သည့်အနေအထားဖြစ်လာကြောင်း KaDeWe Group က ထုတ်ဖော်ပြောကြားခဲ့သည်။ ပုံမှန်ငှားရမ်းခနှုန်းထားများဖြင့်သာ လုပ်ငန်းဆောင်ရွက်နိုင်မည်ဆိုပါက ၎င်းတို့အုပ်စုအနေဖြင့် ခိုင်မာအောင်မြင်သည့် အနာဂတ်ရှိလာမည်ဆိုသည်မှာ မေးခွန်းထုတ်ဖွယ်ရာပင်မရှိကြောင်း  KaDeWe ၏ CEO ဖြစ်သူ Michael Peterseim က ထပ်လောင်းပြောကြားခဲ့သည်။

ယင်း KaDeWe group တွင် မြူးနစ်ရှိ Oberpollinger စတိုးနှင့် ဟမ်းဘတ်ရှိ Alsterhaus စတိုးတို့လည်းပါဝင်ပါသည်။ CEO ဖြစ်သူ Petersheim က စီးပွားရေး အလွန်ခက်ခဲနေသော အချိန်များတွင်ပင် ၎င်းတို့၏ဆိုင် (၃) ဆိုင်စလုံးတွင် ရောင်းအားကောင်းခဲ့ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

kah-day-vay ဟု အသံထွက်သော KaDeWe သည် Kaufhaus Des Westens ၏ အတိုကောက် စကားလုံးဖြစ်ပြီး၊ အနောက်နိုင်ငံများ၏ Department Store ဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါသည်။ ၁၉၀၇ ခုနှစ်တွင် Wittenbergplatz တွင် စတင်ဖွင့်လှစ်ခဲ့သော ယင်းနာမည်ကြီး Department Store သည် ဂျာမနီနိုင်ငံ၏ မြို့တော်ဖြစ်သော ဘာလင်တွင် Brandenburg Gate၊ Reichstag parliament Building နှင့်  Alexanderplatz ရှိ ရုပ်မြင်သံကြားမျှော်စင်တို့နှင့်အပြိုင် အဓိကကျသော Tourist Destination တစ်ခုဖြစ်လာခဲ့ပါသည်။

လက်လီလုပ်ငန်းများဆိုင်ရာ အတိုင်ပင်ခံ BBE ၏ အကြီးအကဲဖြစ်သူ Johannes Berentzen က KaDeWe Group မှ လတ်တလော သုံးစွဲနေရသော ငှားရမ်းခသည် နေရာအခြေအနေပေါ် မူတည်၍ လုပ်ငန်းများမှရရှိသော အမြတ်အစွန်း၏ ၁၃ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း အထိရှိကြောင်း ခန့်မှန်းထားခဲ့ပါသည်။

လက်ရှိတွင် အဓိက Shareholder ဖြစ်သော Central အတွက်မူ  အငှားစာချုပ်များအတွက် ငွေကြေးများစွာပေးနေရခြင်းမှရုန်းထွက်၍ လူမွဲစာရင်းခံယူလိုက်ခြင်းကပိုမိုထိုက်တန်ပါကြောင်း   Berentzen ကပြောကြားခဲ့သည်။ ဇိမ်ခံပစ္စည်းများ လက်လီရောင်းချမှုမှာ ကောင်းမွန်စွာ ဆက်လက်လည်ပတ်နေမည်ဖြစ်ပြီး စတိုးဆိုင် (၃) ဆိုင်စလုံး လုပ်ငန်းများ ဆက်လက်ဆောင်ရွက် နေလိမ့်မည်ဖြစ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။

Berlin-Brandenburg ကုန်သွယ်ရေးအသင်းကြီး၏ အကြီးအကဲဖြစ်သူ Mr. Nils Busch-Petersen ကယခုကိစ္စမှာ စတိုးဆိုင်ကြီးအတွက် အနာဂတ်ကာလ ကောင်းမွန်ရန်ဖြစ်လာကြောင်း အပြုသဘောဆောင်၍ ပြောကြားခဲ့သည်။

KaDeWe မှာ အလွန်ကောင်းမွန်သည့် လက်လီစတိုးကြီးဖြစ်ကြောင်းနှင့် ယခုလူမွဲစာရင်း ကြေညာလိုက်သည့်ကိစ္စမှာလည်း စီးပွားရေးအပေါ်အဆိပ်အတောက်ဖြစ်နေသည့် အငှားစာချုပ်များ၏ဒဏ်မှ ရုန်းထွက်ရန် အားထုတ်လိုက်ခြင်းတစ်ခုသာဖြစ်ကြောင်း ၎င်းက RBB သတင်းဌာနသို့ ပြောကြားခဲ့သည်။

 

Source:         https://www.dw.com/en/germany-kadewe-department-store-group-files-for-bankruptcy/a-68114209

(ဒေါ်သန္တာစော၊ စီးပွားရေးသံမှူး၊ ဘာလင်)

Category: Germany