China(Nanning)

တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများသည် ထိုင်းနိုင်ငံ၏ စီးပွားရေးကို မြှင့်တင်ပေးလျက်ရှိ

Last Updated:

ထိုင်းနိုင်ငံအတွင်း တရုတ်နိုင်ငံမှရင်းနှီးမြှုပ်နှံမှုများ အထူးသဖြင့် လျှပ်စစ်မော်တော်ယာဉ်လုပ်ငန်းတွင် တိုးတက်လာခြင်းသည် မကြာသေးမီနှစ်များတွင် ထိုင်းနိုင်ငံ၏ စီးပွားရေးနှင့် ကာဗွန်ထုတ်လွှတ်မှုနည်းသည့် ဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ရန် လျှပ်စစ်မော်တော်ယာဉ် လုပ်ငန်းကွင်းဆက်များနှင့်နည်းပညာများကို ယူဆောင်လာခဲ့သည်ဟု ထိုင်းနိုင်ငံ၊ အရှေ့ပိုင်းစီးပွားရေးစင်္ကြံ၏ အကြီးအကဲက ပြောကြားခဲ့သည်ဟု chinadaily.com.cn တွင် ဖော်ပြထားကြောင်း သိရှိရပါသည်။

အရှေ့တောင်အာရှတွင် မော်တော်ယာဉ်ထုတ်လုပ်မှုနှင့်တင်ပို့မှုတွင် အဓိကနိုင်ငံတစ်ခုဖြစ်သည့် ထိုင်းနိုင်ငံသည် ယခင်နှစ်များအတွင်း ပိုမိုများပြားသည့် တရုတ်လျှပ်စစ်မော်တော် ယာဉ်ထုတ်လုပ်သူများကို ဆွဲဆောင်နိုင်ခဲ့ကြောင်း အရှေ့ပိုင်းစီးပွားရေးစင်္ကြံ (Eastern Economic Corridor -EEC)ဆိုင်ရာ မူဝါဒကော်မတီ၏ အထွေထွေ အတွင်းရေးမှူး Chula Sukmanop သည် ဘန်ကောက်မြို့၌ ရှင်းဟွာသတင်းအေဂျင်စီနှင့် တွေ့ဆုံမေးမြန်းမှုတစ်ခုအတွင်း ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

တရုတ်ကုမ္ပဏီများစွာသည် ထိုင်းနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံထားကြပြီး အချို့သည် ထိုင်းနိုင်ငံရှိ ပြည်တွင်းဈေးကွက်၏ ဝယ်လိုအားကို ဖြည့်ဆည်းရန်နှင့်အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ရန် ဆောင်ရွက်နေကြကြောင်းနှင့် ထိုင်းနိုင်ငံသည် အနာဂတ်တွင် လျှပ်စစ်ကားများကို ပိုမိုတင်ပို့ရန် မျှော်လင့်ထားကြောင်းသိရှိရပါသည်။

ထိုင်းနိုင်ငံရှိ မော်တော်ယာဉ်နှင့်ဆက်စပ်သည့် အသိုင်းအဝိုင်း၏အဆိုအရ တရုတ်အမှတ်တံဆိပ် လျှပ်စစ်ကားများသည် ၂၀၂၁ ခုနှစ်တွင် ထိုင်းနိုင်ငံရှိ လျှပ်စစ်ကားဈေးကွက်၏ (၉၀) ရာခိုင်နှုန်းခန့်ရှိကြောင်း၊ MG နှင့် Great Wall ကဲ့သို့ တရုတ်လျှပ်စစ်ကားထုတ်လုပ်သူများသည် အရှေ့ပိုင်းစီးပွားရေးစင်္ကြံ (EEC)တွင် စက်ရုံများ တည်ထောင်ခဲ့ကြပြီး တရုတ်နိုင်ငံ၏အကြီးဆုံး လျှပ်စစ်ကားထုတ်လုပ်သည့် BYD နှင့် EV startup ဖြစ်သည့် Neta Auto တို့သည်လည်း ထိုင်းနိုင်ငံတွင် အခြေချနေကြကြောင်းသိရှိရပါသည်။

ထိုင်းအစိုးရသည် လျှပ်စစ်ကားထုတ်လုပ်မှုကို ၂၀၃၀ ပြည့်နှစ်တွင် မော်တော်ယာဉ်ထုတ်လုပ်မှု စုစုပေါင်း၏ (၃၀) ရာခိုင်နှုန်းခန့်အထိ ရောက်ရှိစေလိုကြောင်း၊ ထိုင်းနိုင်ငံရှိ လျှပ်စစ်ကားရောင်းချရမှု ပမာဏသည် ၂၀၂၁ ခုနှစ်တွင် အစီးရေ (၂,၀၀၀)အောက်သာရှိခဲ့ရာမှ ၂၀၂၂ခုနှစ်တွင် အစီးရေ (၁၀,၀၀၀)နီးပါးအထိ များပြားလာကြောင်း စစ်တမ်းများက ဖော်ပြထားကြောင်းနှင့် ရောင်းချမှုပမာဏသည် ၂၀၂၃ ခုနှစ်တွင် နှစ်ဆဖြစ်ရန်မျှော်လင့်ရကြောင်း သိရှိရပါ သည်။

တရုတ်လျှပ်စစ်ကားကုမ္ပဏီများသည် မော်တော်ကားအစိတ်အပိုင်းများ၊ တာယာများ၊ ဘက်ထရီများနှင့် အားသွင်းရုံများအပါအဝင် မော်တော်ယာဉ်လုပ်ငန်းကွင်းဆက်တစ်လျှောက်ရှိ ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများကိုပါ ဆွဲဆောင်နိုင်ခဲ့ကြောင်း၊ ထိုအချက်သည် ဒေသတွင်းအလုပ်အကိုင်ကို  ဖန်တီးပေးနိုင်သည့်အပြင် ထိုင်းနိုင်ငံရှိ အလုပ်သမားများ၏ အရည်အသွေးတိုးတက်မှုကို အထောက်အကူဖြစ်စေသော နည်းပညာနှင့် စွမ်းရည်မြှင့်တင်ရေးသင်တန်းများကိုလည်း ရရှိစေသည်ဟု Chula Sukmanop က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံရှိကမ်းရိုးတန်းပြည်နယ် (၃)ဖြစ်သည့် Rayong၊ Chonburi နှင့် Chachoengsao တို့ပါဝင်သည့် အရှေ့ပိုင်းစီးပွားရေးစင်္ကြံသည် မြို့တော်ဘန်ကောက်၏ အရှေ့ဘက်တွင် တည်ရှိပြီး အထူးသဖြင့် အဆင့်မြင့်နည်းပညာသုံးစက်မှုလုပ်ငန်းများ၏ တိုးတက်မှုကို မြှင့်တင်ရန်နှင့်ရင်းနှီးမြှုပ်နှံမှုကိုအားပေးရန် အစိုးရ၏ကြိုးပမ်းမှုများအနက်မှ အဓိကအစိတ် အပိုင်းတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါစီမံကိန်းသည် လုပ်အားခသက်သာသည့် အလုပ်သမားများအပေါ် မှီခိုအားထားနေခြင်းကို ပြောင်းလဲလိုသောကြောင့် တန်ဖိုးမြင့်စက်မှုလုပ်ငန်းများကို ဆွဲဆောင်ရန်အတွက် အခြေခံအဆောက်အဦများ အဆင့်မြှင့်တင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာမက်လုံးပေးမှုများကို အကောင်အထည်ဖော်ခြင်းတို့အပေါ် အလေးထားလျက်ရှိကြောင်း သိရှိရပါသည်။

လက်ရှိတွင် ရေနံဓာတုပစ္စည်းများ၊ မော်တော်ယာဉ်နှင့်မော်တော်ယာဉ်အစိတ်အပိုင်းများ၊ လျှပ်စစ်ပစ္စည်းနှင့်အသုံးအဆောင်များကဲ့သို့ စက်မှုလုပ်ငန်းများသည် ထိုဒေသတွင် ရင်းနှီး မြှုပ်နှံမှု အများဆုံးဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၈ခုနှစ်မှ ယခုနှစ်ပထမသုံးလပတ်အထိ တရုတ်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုသည် အရှေ့ပိုင်းစီးပွားရေးစင်္ကြံရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၏ (၁၀)ရာခိုင်နှုန်းကျော်ရှိပြီး အဓိကရင်းနှီးမြှုပ်နှံသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

 

(စီးပွားရေးသံမှူး၊ နန်နင်း)             

Category: China(Nanning)