China(Nanning)

တရုတ်-ရုရှား နှစ်နိုင်ငံကုန်သွယ်မှု၏ ရေရှည်တိုးတက်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဟု မျှော်လင့်ရ

Last Updated:

တရုတ်-ရုရှား နှစ်နိုင်ငံသည် ကုန်စည်ကုန်သွယ်မှု ၊ ဒေသတွင်းချိတ်ဆက်ဆောင်ရွက်မှုနှင့် အခြားနယ်ပယ်သစ်များတွင် စီးပွားရေးအဆက်အသွယ်များကို တက်ကြွစွာတွန်းအားပေး ဆောင်ရွက်နေသောကြောင့် နှစ်နိုင်ငံအကြားကုန်သွယ်မှု သည်လာမည့်နှစ်များတွင် လျင်မြန်စွာတိုးတက်လာမည်ဟု မျှော်လင့်ရကြောင်းသိရှိရသည်။

တရုတ်နိုင်ငံအကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) ၏ မကြာသေးမီက အချက်အလက်များအရ ၂၀၂၃ ခုနှစ်၏ ပထမနှစ်လအတွင်း တရုတ်နှင့် ရုရှားအကြား ကုန်သွယ်မှုသည် ယွမ် ၂၃၂.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၃.၈ ဘီလီယံ) အထိ မြင့်တက်လာခဲ့ကြောင်း၊ ယခင်နှစ်အလားတူကာလထက် ၃၆.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့သဖြင့် နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွင် အရှိန်အဟုန်ဖြင့် အဆက်မပြတ် တိုးတက်နေမှုကို ညွှန်ပြနေကြောင်းသိရှိရသည်။

နှစ်နိုင်ငံစလုံးသည် ၎င်းတို့၏နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်စိတ်ချမှုကို ပိုနက်ရှိုင်းစေပြီး စိတ်ဝင်စားသည့်နယ်ပယ်များကို ချဲ့ထွင်လျက်ရှိကြောင်း၊ ဈေးကွက်ပိုမိုချဲ့ထွင်ရန်နှင့် တိုးတက်မှုကို ပူးပေါင်းမြှင့်တင်ရန်အတွက် ၎င်းတို့၏အားသာချက်များကို တွန်းအားပေးဆောင်ရွက်နေကြောင်း သိရှိရသည်။

တရုတ်နိုင်ငံသည် ၂၀၂၂ ခုနှစ်အကုန်အထိ (၁၃)နှစ်ဆက်တိုက် ရုရှားနိုင်ငံ၏ ထိပ်တန်းကုန်သွယ်ဖက်နိုင်ငံဖြစ်ခဲ့ပြီး စွမ်းအင်နှင့် ဓာတ်သတ္တုများအပါအဝင် ကုန်ပစ္စည်းအမြောက်အများကို  နှစ်နိုင်ငံအကြားကုန်သွယ်ခဲ့ကြကြောင်းနှင့် ဒစ်ဂျစ်တယ်စီးပွားရေး၊ ဇီဝဆေးဝါးများ၊ နယ်စပ်ဖြတ်ကျော် အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေးနှင့် ဝန်ဆောင်မှုကုန်သွယ်ရေးတို့တွင် တိုးတက်မှုများရှိနေကြောင်း သိရှိရသည်။

ကမ္ဘာ့ကုန်စည်ဝယ်လိုအား ကျဆင်းခြင်းမှသည် ပထဝီဝင်စီးပွားရေးလှုပ်ခတ်မှုများအထိ စိန်ခေါ်မှုများရှိနေသော်လည်း တရုတ်-ရုရှား ကုန်သွယ်မှုသည် တစ်နှစ်ထက်တစ်နှစ် ၂၉.၃ ရာခိုင်နှုန်း တိုးမြင့်လာကာ ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၉၀.၂၇ ဘီလီယံအထိ မြင့်တက်လာခဲ့ကြောင်း အကောက်ခွန်စာရင်းဇယားများအရ သိရှိရသည်။

နှစ်နိုင်ငံအကြားကုန်သွယ်မှုနှင့် စီးပွားရေးဆိုင်ရာဆက်ဆံမှုများ တည်တည်ငြိမ်ငြိမ်ဖြင့် ဆက်လက်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တရုတ်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် သက်ဆိုင်ရာအစိုးရဌာနများနှင့်သာမက ရုရှားနိုင်ငံတို့နှင့်ပါ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါသည်။

Heilongjiang River ပေါ်ရှိ Heihe-Blagoveshchensk နယ်စပ်ဖြတ်ကျော် အဝေးပြေးတံတားကို ပြီးခဲ့သည့်နှစ်ဇွန်လတွင် ဖွင့်လှစ်ခဲ့ကြောင်း၊ အခြေခံအဆောက်အအုံ ချိတ်ဆက်မှုတွင် မှတ်တိုင်တစ်ခုဖြစ်သည့် အဆိုပါလမ်းကြောင်းသစ်သည် တရုတ်နိုင်ငံ၏ အရှေ့မြောက်ပြည်နယ်များနှင့် ရုရှား၏ အရှေ့ဖျားဒေသတို့ကို ချိတ်ဆက်ထားပြီး အိမ်နီးချင်းနှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအားကောင်းစေမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

 

စီးပွားရေးသံမှူး(နန်နင်း)

Source: www.chinadaily.com.cn/a/202303/20/WS64187147a31057c47ebb57e6.html

Category: China(Nanning)