China(Beijing)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှုန်းအန်းမြို့သစ်ဧရိယာတွင် အထူးစီးပွားရေးဇုန်သစ်တစ်ခု တည်ဆောက်ရန် အတည်ပြုချက်ရရှိ

Last Updated:

တရုတ်နိုင်ငံမြောက်ပိုင်း ဟဲပေပြည်နယ်ရှိ ရှုန်းအန်းမြို့သစ်ဧရိယာတွင် အထူးစီးပွားရေးဇုန် တစ်ခုတည်ဆောက်ရန် နိုင်ငံတော်ကောင်စီမှ အတည်ပြုချက်ရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များ၏ ပြောကြားချက်အရ သိရှိရပါသည်။

အဆိုပါစီးပွားရေးဇုန်သည် ရှုန်းရှန်းကောင်တီ၊ ကျူ့ကကျွမ်းမြို့နယ်၏ အရှေ့ပိုင်းတွင် တည်ရှိမည်ဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် စုစုပေါင်းဧရိယာ ၀.၆၃ စတုရန်းကီလိုမီတာရှိမည်ဖြစ်ကြောင်းနှင့် ပထမအဆင့်တွင် ၀.၄၂ စတုရန်းကီလိုမီတာကို အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း ရှုန်းအန်းမြို့သစ်ဧရိယာ စီမံခန့်ခွဲမှုကော်မတီ၏ ပြောကြားချက်အရ သိရှိရပါသည်။

အဆိုပါဇုန်ကို ဒီဇိုင်း၊ သုတေသနဖွံဖြိုးတိုးတက်ရေး၊ ခေတ်မီထုတ်လုပ်မှုနှင့်ရောင်းချရေး ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ ဦးစားပေးဆောင်ရွက်သည့် အဆင့်မြင့်နည်းပညာသုံး စက်မှုလုပ်ငန်းများအတွက် ရည်ရွယ်၍ တည်ထောင်မည်ဖြစ်ကြောင်းနှင့် ခေတ်မီသယ်ယူပို့ဆောင်ရေးဆိုင်ရာ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

ရှုန်းအန်းမြို့သစ်ဧရိယာတွင် ဇုန်တည်ဆောက်မှု လျန်မြန်စွာပြီးမြောက်စေရန်နှင့် ရင်းနှီးမြှုပ်နှံမှု၊ လုပ်ငန်းလည်ပတ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများမြှင့်တင်ရန်တို့ ဆောင်ရွက်လျက်ရှိကြောင်းကိုလည်း သိရှိရပါသည်။

အထူးစီးပွားရေးဇုန်များတွင် အခွန်သက်သာခွင့်ဆိုင်ရာမူဝါဒများ ခံစားခွင့်ရရှိနိုင်ရေးအတွက် အကောက်ခွန်အရာရှိများမှ စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့က ပေကျင်းမြို့၏ အနောက်တောင်ဘက်ကီလိုမီတာ ၁၀၀ ကွာ ဝေးသည့်နေရာ၌ နိုင်ငံတော်၏ စံပြအရည်သွေးမြင့်ဖွံ့ဖြိုးတိုးတက်မှုနှင့် ခေတ်မီစီးပွားရေးစနစ်အတွက် မောင်းနှင်အားအသစ်ဖြစ်စေမည့် နယ်မြေတစ်ခုတည်ထောင်ရန် ရည်ရွယ်၍ ရှုန်းအန်း မြို့သစ်ဧရိယာစီမံကိန်းဆိုင်ရာ ကြေညာချက်ကို ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

Source: China's Xiong'an receives approval for comprehensive bonded zone (www.gov.cn)

(စီးပွားရေးသံမှူး၊ ပေကျင်းမြို့)

Category: China(Beijing)